တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်သင်္ဘောများကို ကာကွယ်ပေးသွားမည်ဟု အမေရိကန် ကတိပြု

By Nikkei Asia
09 August 2023
တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်သင်္ဘောများကို ကာကွယ်ပေးသွားမည်ဟု အမေရိကန် ကတိပြု
Photo-AFP

အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်၌ အကယ်၍ ဖိလစ်ပိုင်သင်္ဘောများ တိုက်ခိုက်ခံရပါက သင်္ဘောများကို ကာကွယ်စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ကတိပြုပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စင်းက ဖိလစ်ပိုင်သင်္ဘောတစ်စင်းကို မီးသတ်ပိုက်ဖြင့် ထိုးပက်ကာ ဟန့်တားသည့်ဖြစ်စဉ် ဖြစ်ပြီးနောက် တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် လက်ညှိုးထိုး ပြစ်တင်ပြောဆိုလျက် ရှိသည်။

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးနှင့် ဩဂုတ် ၈ ရက်က ဖုန်းခေါ်ဆိုမှုတွင် အော်စတင်က အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်ဖွဲ့မှု၏ အလွန်ခိုင်မာသော သဘောသဘာဝကို ထပ်လောင်း အတည်ပြုခဲ့သည်ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ရိုက်ဒါက ပြောသည်။

ထို့ပြင် အမေရိကန်နှင့် ဖိလစ်ပိုင်အကြား နှစ်နိုင်ငံ လေ့ကျင့်သင်ကြားမှု၊ အပြန်အလှန် ပူးပေါင်းချိတ်ဆက်လုပ်ဆောင်မှုနှင့် ဖိလစ်ပိုင်စစ်တပ် အဆင့်မြှင့်တင်ခြင်းကို ထောက်ကူပံ့ပိုးမှုတို့နှင့်ပတ်သက်ပြီး နှစ်ဆ ကြိုးပမ်းအားထုတ်သွားမည်ဟုလည်း အော်စတင်က ကတိပြုခဲ့သည်ဟု ဆိုသည်။

တောင်တရုတ်ပင်လယ်ရှိ Second Thomas သောင်ခုံရှိ စစ်သည်တပ်ဖွဲ့ဝင်များထံ ရိက္ခာအထောက်အပံ့များ ထောက်ပို့ရန် သွားသည့် ဖိလစ်ပိုင်သင်္ဘောတစ်စင်းကို တရုတ်ကမ်းခြေစောင့်သင်္ဘောက ဟန့်တားခဲ့သည့် ဖြစ်စဉ် ဗီဒီယိုရုပ်သံတစ်ခုကို ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ပြီးနောက် ရက်များအကြာတွင် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရို နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ ဖုန်းခေါ်ဆိုပြောဆိုခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သည် သောင်ခုံကျောက်တန်းတွင် သောင်တင်ဆိုက်ကပ်လျက် ရှိသော ဒုတိယကမ္ဘာစစ်ခေတ် စစ်သင်္ဘောတစ်စင်းပေါ်တွင် စစ်တပ် တပ်ဖွဲ့ငယ်တစ်ခုကို ထားရှိသည်။ စပရက်တလေကျွန်းစုရှိ Mischeif ကျောက်တန်းတွင် တရုတ်၏ ဆောက်လုပ်ရေး လုပ်ဆောင်ချက်များကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တွင် တည်ဆောက်သော ကမ်းတက်ရေယာဉ်ကို ဖိလစ်ပိုင်က ၁၉၉၉ ခုနှစ်တွင် တမင် ဆိုက်ကပ်ထားခဲ့ခြင်း ဖြစ်သည်။

မီးသတ်ပိုက် အသုံးပြုခြင်း အပါအဝင် တရုတ်၏ အန္တရာယ်ပေးနိုင်သော ပင်လယ်ရေကြောင်း လုပ်ရပ်များက ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ထိခိုက်စေသလို ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို တိုက်ရိုက် ခြိမ်းခြောက်နေကြောင်း အော်စတင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required