ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာ ၅၀ ကျော်မှာ PDF များ မဟုတ်

By JC(မဇ္ဈိမ)
09 August 2023
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာ ၅၀ ကျော်မှာ PDF များ မဟုတ်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၅၀ ကျော်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များဟု  ဖြန့်ဝေနေကြသည်။ ယင်းမှာ ဖြစ်စဉ်အမှန်ကို လွဲမှားစွာဖော်ပြထားခြင်း ဖြစ်သည်။

“ ဩဂုတ်လ ၃ ရက်နေ့ ညပိုင်းတွင် KNU နယ်မှ ထွက်ပြေးကြသူ PDF များသည် မဲဆောက်မြို့နယ်၊ မယ်ပ ဂိတ်တွင် အသီးအရွက်ကုန်တင်ကား ၁ စီးကို ဖယ်ရှားစစ်ဆေးရာမှ PDF ပဒက်(၅၂)ဦး ဖမ်းဆီးခံခဲ့ရ” ဟု (မူရင်းအရေးအသားအတိုင်း) ကျော်စွာတယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၅ ရက်နေ့တွင် စတင်ဖြန့်ဝေ ထားသည်။

ထိုအကြောင်းကို တယ်လီဂရန်ချန်နယ်နှင့် ဂရုရှစ်ခုတွင်ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၃၀,၀၀၀ ကျော်  ရှိနေပြီဖြစ် သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။
မဇ္ဈိမ အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းကို အချက်အလက်စစ်ဆေးခဲ့ရာ အမှန်တကယ်ဖြစ် ပျက်ခဲ့သည့် အကြောင်းအရာကို လွဲမှားစွာဖော်ပြထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ ညပိုင်းက ဟင်းသီးဟင်းရွက်တင်သည့်ခြောက်ဘီးကားတစီးကို ထိုင်း နိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့သွားသည့်လမ်း မဲဆောက်မြို့အထွက် ဘန်ဟွေ ဟင်ဖွန် စစ်ဆေးရေးဂိတ်မှ စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၅၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။ ထိုအကြောင်းကို သတင်းဌာနအသီးသီးမှ ဖော်ပြခဲ့ကြသည်။ 
VOA မှလင့်- https://shorturl.at/fghmY
Dawei Watch မှ လင့် - https://shorturl.at/wQV68

ဖမ်းဆီးခံရသူ မြန်မာအလုပ်သမားများအနေဖြင့် ဘန်ကောက်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် လမ်းစရိတ်အဖြစ် တဦးလျှင် ဘတ် ၂၀,၀၀၀ ပေးခဲ့ရသည်။ ကားသမား၏ ထွက်ဆိုချက်တွင်မူ ကားပေါ်၌ မြန်မာအလုပ်သမားများ လိုက်ပါလာသည်ကို မသိရှိကြောင်း ဆိုသည်။

ထိုကားတွင် လိုက်ပါလာသူများသည် မြဝတီ-မဲဆောက် အမှတ်(၁)တံတားမှ ယာယီနယ်စပ်ဖြတ်ကျော် ခွင့်လက်မှတ်ဖြင့် ဝင်ရောက်လာကြသည့် အရပ်သားများဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လုံးဝမဟုတ် ကြောင်း ထိုင်းရောက်မြန်မာအရေးကူညီဆောင်ရွက်နေသူ ကိုဖိုးသင်္ကြန်က မဇ္ဈိမကိုပြောသည်။

“ရိုးရိုး ရွှေ့ပြောင်းအလုပ်သမားတွေပါ။ ယာယီ နိုင်ငံကူးလက်မှတ်တွေနဲ့လာတာလေ။ ဆိုတော့ PDF တွေ ဘာတွေဆိုရင်တော့ တော်လှန်ရေးက ကမောက်ကမဖြစ်သွားမယ်လေနော်။ အချို့လူတွေကလည်းဗျာ ကိုယ်ထင်သလိုတွေ လျှောက်ပြောနေကြတယ်။ မဟုတ်ပါဘူး” ဟု ကိုဖိုးသင်္ကြန်က ပြောသည်။

ထိုင်းသတင်းဌာနများတွင်လည်း မဲဆောက်မြို့တွင် ဟင်းသီးဟင်းရွက်တင်သည့် ကားတစီးပေါ်၌ တရား မဝင် မြန်မာရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားကြသည်။ PDF တပ်ဖွဲ့ဝင်များ ဟု ဖော်ပြထားခြင်း မရှိပေ။
လင့် - https://siamrath.co.th/n/467210
လင့် - https://shorturl.at/oLPU6

ထို့ကြောင့် မဲဆောက်မြို့အထွက်၌ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၅၀ ကျော်သည် PDF တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ သာမာန်ရွှေ့ပြောင်းအလုပ်သမားများသာ ဖြစ်သည်။ အမှန်တကယ်ဖြစ်ခဲ့သည့် ဖြစ်စဉ်အပေါ် အချက်အလက်များ လွဲမှားဖော်ပြကာ သတင်းတု ဖန်တီးထားခြင်းသာ ဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required