ဦးဟန်နရီဗန်ထီးယူကို  NLD ပါတီမှ ထုတ်ပယ်

By ရွှေနွယ် (မဇ္ဈိမ)
09 August 2023
ဦးဟန်နရီဗန်ထီးယူကို  NLD ပါတီမှ ထုတ်ပယ်
ပုံအညွှန်း - ဇူလိုင်လ ၃၁ရက်နေ့တွင်ပြုလုပ်သည့် ကာလုံအစည်းအဝေးတွင် မြင်တွေ့ရသည့် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ယမန့်နေ့ ဩဂုတ်လ ၈ ရက်နေ့တွင်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးတွင် အများသဘောတူဆုံးဖြတ်လိုက်သည်ဟု ယနေ့တွင် NLD မှထုတ်ပြန်သည်။

"ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသည့်ပါတီ၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာပြုထားသည့်အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်" ဟု NLD ၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုးဦးတို့အပြင် အဆင့်ဆင့်သော ပါတီဝင်အများအပြားတို့သည် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့်အတွက် အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည်လည်း အကျဉ်းထောင်အတွင်း လုံလောက်စွာဆေးကုသခွင့်မရရှိခဲ့သည့်အတွက် အကျဉ်းထောင်အတွင်းဆုံးပါးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါအခြေအနေများကြားမှပင် ပါတီမှယုံကြည်စွာတာဝန်ပေးထားခဲ့သည့် ဒုသမ္မတဖြစ်သော ဦးဟင်နရီဗန်ထီးယူသည် စစ်ရာဇဝတ်မှုပေါင်းကိုကျူးလွန်နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည်ကို ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် တွေ့ရှိလိုက်ရသည်ဟု ဆိုသည်။

"ပြီးခဲ့တဲ့ အစည်းအဝေးနှစ်ရပ်လုံးမှာ သူတောင့်ခံထားခဲ့တယ်။ ဒုတိယအကြိမ်မှာ ခေါင်းကွဲလို့ချော်လဲလို့ဆိုပြီး သတင်းကြားရတယ်။ တတိယအကြိမ်မှာအခုလိုဖြစ်လာတော့ NLD က ဒုတိယသမ္မတကြီးကိုယ်တိုင်က လူတွေသတ်ပြီးရွာတွေ လိုက်မီးရှို့နေတဲ့ စစ်ကောင်စီနဲ့ ဒါတွေသဘောတူပြီး လုပ်ပါတယ်ဆိုတာကတော့ ပါတီအနေနဲ့က ဒီတိုင်းကြည့်နေလို့မရပါဘူး" ဟု စမ်းချောင်းမြို့နယ်၊ ပါတီအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦး မှ မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူသည် ထိခိုက်ဒဏ်ရာများရရှိကာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ လာရောက်ဆေးကုသမှုခံယူခဲ့ရကြောင်း ဇန်နဝါရီလအတွင်းက သတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

အသက် ၆၅ နှစ်အရွယ်ရှိ ဗိုလ်မှူးဟောင်း ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD မှအနိုင်ရရှိပြီးနောက် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဒုတိယသမ္မတအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် NLD ကိုယ်စားလှယ်အဖြစ် ပါ၀င်ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် နေအိမ်အကျယ်ချုပ်ဖြင့်ထားရှိခံရပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက စစ်ကောင်စီမှ စွပ်စွဲကာ စွဲဆိုထားသည့် သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမှုများအတွက် ရုံးချိန်းတစ်ခုတွင် သက်သေအဖြစ်လာရောက်ထွက်ဆိုခဲ့သည်။

ထို့နောက် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ပြုလုပ်သည့် ကာလုံအစည်းအဝေးသို့ ကျန်းမာရေးအကြောင်းပြချက်ဖြင့် တက်ရောက်ခြင်းမရှိခဲ့ပေ။

ယခင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့က အာဏာသိမ်းစစ်ကောင်စီမှ ပြုလုပ်ခဲ့သည့် ကာလုံအစည်းအဝေးများသို့လည်း ကျန်းမာရေးအကြောင်းပြချက်ဖြင့် တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေ။

သို့သော် မကြာသေးမီ ဇူလိုင်လ ၃၁ ရက်နေ့ကပြုလုပ်သည့် ကာလုံအစည်းအဝေးကိုမူ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တက်ရောက်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly