ဖြူးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က အရပ်သား ၇ ဦးကို သတ်ဖြတ်

By ရွှေနွယ်(မဇ္ဈိမ)
09 August 2023
ဖြူးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က အရပ်သား ၇ ဦးကို သတ်ဖြတ်
ပုံစာ - အောက်ကြာအင်းကျေးရွာအားစစ်ကောင်စီမှ မီးရှို့ဖျက်ဆီးနေသည်ကိုအဝေးမှမြင်တွေ့ရစဉ်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ် အောက်ကြာအင်းကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KNLA PDF ပူးပေါင်းတပ် တို့ ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အရပ်သားခုနစ်ဦး ကိုပါ သတ်ဖြတ်သွားကြောင်း ရိုးမစစ်ကြောင်း(၂)မှတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အောက်ကြာအင်းကျေးရွာတွင် ဩဂုတ်လ ၈ ရက်နေ့ကတည်းက စစ်ရေးတင်းမာနေ၍ အုတ်ဖြတ်ကျေး ရွာဘက်မှ KNLA ၊ PDF ပူးပေါင်းတပ်မှ လက်နက်ကြီးပစ်ကူ ပေးခဲ့ရကြောင်းဆိုသည်။

“ကျွန်တော်တို့ စစ်ကြောင်းနဲ့တော့ လှမ်းတာပေါ့။ မုန်းရဲ့အောက်ဘက်ခြမ်းပေါ့။ မနေ့ကတည်းကဖြစ်ဖို့ ကျွန်တော်တို့ဘက်က ဝိုင်းကူထားတော့ နည်းနည်းတန့်သွားတာ။ မနက် ၅ နာရီကနေ ၈ နာရီအထိ ပစ်နေ တဲ့လက်နက်ကြီးက အလုံး ၁၀၀ လောက်ရှိမယ် ခန့်မှန်းတယ်။ အခုတော့ ကျွန်တော်တို့ဘက်က တပ် ဆုတ်ပေးလိုက်ပါပြီ” ဟု ရိုးမစစ်ကြောင်း (၂) တာဝန်ရှိသူက ပြောသည်။

မွန်းလွဲပိုင်းအထိရရှိထားသောသတင်းများအရ တိုက်ပွဲဖြစ်ပွားနေသည့် အောက်ကြာအင်းကျေးရွာအတွင်း ထွက်မပြေးနိုင်၍ကျန်ရှိနေသော ရွာသားခြောက်ဦး လည်လှီးအသတ်ခံရပြီး တဦးမှာ မီးရှို့သတ်ဖြတ်ခံ ထားရကြောင်း ၎င်းကဆိုသည်။

သတ်ဖြတ်ခံရသည့် အရပ်သား အရေအတွက်အတိအကျနှင့် သတ်ဖြတ်ခံထားရသူများ၏ အသေးစိတ် အချက်အလက်များကိုမူ မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထို့ပြင် အောက်ကြာအင်းကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးနေပြီး မီးလောင်ဆုံးရှုံးမှု ပျက်စီးမှု အရေအတွက်ကို စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် တိတိကျကျ မသိရှိရသေးပေ။

ဩဂုတ်လ ၈ ရက်နေ့က အောက်ကြာအင်းဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်နေသည့် အုတ်ဖြတ်ကျေး ရွာမှ စစ်ကောင်စီတပ်ကို ရိုးမစစ်ကြောင်း(၂)မှတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား ငါးဦးသေ ဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း ဆိုသည်။

စစ်ရေးတင်းမာနေ၍ ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဖြူး၊ ကျောက်တံခါးနှင့် မုန်းမြို့နယ်တို့ ကို စစ်ကောင်စီက မိုဘိုင်းအင်တာနက်လိုင်းဖြတ်တောက်ထားပြီး ယနေ့ ဩဂုတ် ၉ ရက်၊ မွန်းလဲပိုင်းအထိ အသုံးပြု၍မရသေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှ ပြောသည်။

ထို့အတူ KNLA ဘက်မှလည်း ယနေ့တွင် နတ်သံကွင်းမြို့သို့ ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်မပြုရန်နှင့် ကျောက်တံခါးမြို့နယ်၏ အရှေ့ဘက်ခြမ်းကျေးရွာများတွင် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာ ခြင်းမပြုရန် အရေးပေါ် သတိပေးချက်ထုတ်ပြန်ထားသည်။

ဖြူး၊ ကျောက်တံခါး၊ မုန်း၊ ကျောက်ကြီး၊ နတ်သံကွင်းမြို့တို့သည် နယ်မြေချင်းထိစပ်လျက်ရှိသည့် မြို့နယ် များဖြစ်ပြီး စစ်တောင်းမြစ်ဝှမ်း၏ ဘေးတွင်တည်ရှိနေကြသည့် မြို့နယ်များဖြစ်သည်။

ယနေ့ ဩဂုတ် ၉ ရက်၊ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသော အောက်ကြာအင်းကျေးရွာသည် ဖြူးမြို့ နယ်၏အရှေ့ဘက် စစ်တောင်းမြစ်ဝှမ်းဘေးကပ်လျက်တွင် တည်ရှိသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required