မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာ၌ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော သက်ဆိုင်သူအားလုံးအနေဖြင့် ပြဿနာတို့ကို အမှန်တကယ် ဆွေးနွေးလိုသည့် နိုင်ငံရေးစိတ်ဆန္ဒ ရှိရန် လိုအပ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ဩဂုတ် ၈ ရက်တွင် ပြောသည်။
သဘောကွဲလွဲမှုတို့ ရှိနေခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံများသည် မြန်မာ့အရေးအတွက် သံတမန်ရေးရာ အားထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်လျက် ရှိသည်။
မြန်မာတွင် ၂၀၂၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်မှုတို့ကြောင့် အကြီးအကျယ် ထိခိုက်ထားခဲ့သည်။ အာဏာသိမ်းစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုမှ စပြီး COVID-19 စည်းမျဉ်း ချိုးဖောက်မှုအထိ အမှုအမျိုးမျိုးတပ်ကာ စွပ်စွဲပြီး ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အခြေအနေက စိန်ခေါ်မှုတွေ အပြည့်နဲ့ ဆက်ရှိနေဆဲဆိုတာ မိမိတို့ သိပါတယ်။ သက်ဆိုင်သူအားလုံးရဲ့ နိုင်ငံရေးစိတ်ဆန္ဒ ရှိမှသာပဲ ဒီအခြေအနေကို ဖြေရှင်းနိုင်မယ် ဆိုတာကို မိမိတို့ နားလည်ရပါလိမ့်မယ်” ဟု ဂျိုကို ဝီဒိုဒိုက အာဆီယံ၏ နှစ်ပတ်လည်အခမ်းအနားတစ်ခုတွင် ပြောသည်။
မြန်မာပါဝင်သည့် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအုပ်စုအနေဖြင့် မြန်မာ့အကျပ်အတည်းပြဿနာအတွက် ထိုးဖောက်ကျော်လွှားဖြေရှင်းနည်းတစ်ခု ရှာတွေ့ရေး အတူတကွ ဆက်လက်လုပ်ဆောင်ကြရလိမ့်မည် ဖြစ်သည်ဟု အင်ဒိုနီးရှားခေါင်းဆောင်က နိုင်ငံခြားအဆင့်မြင့်ပုဂ္ဂိုလ်များကို ပြောသည်။
“ကြီးမားတဲ့ သင်္ဘောကြီးတစ်စင်းလို ဖြစ်နေတဲ့ အာဆီယံအနေနဲ့ ရှေ့ကို ဆက်သွားရပါလိမ့်မယ်။ ဒီသင်္ဘောကြီးဟာ ဆက်ပြီး ခုတ်မောင်းရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
“ဒီထဲမှာ ရှိနေတဲ့ လူသန်းပေါင်းများစွာအတွက် ကျွန်တော်တို့မှာ တာဝန်ရှိတဲ့အတွက် ဒီ သင်္ဘောကြီး နစ်သွားလို့ မဖြစ်ပါဘူး။”
အင်ဒိုနီးရှားသည် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်ပြီး စက်တင်ဘာတွင် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတစ်ရပ်ကို အိမ်ရှင်အဖြစ် လက်ခံပြုလုပ်သွားရန် ရှိနေသည်။ ဂျကာတာသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်လာအောင် ခေါ်နိုင်ရေးအတွက် “တိတ်တဆိတ် ဒစ်ပလိုမေစီ” ဟု ခေါ်သည့် သံခင်းတမန်ခင်းနည်းဖြင့် မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံထားသည်။
မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အာဆီယံအုပ်စု၏ အားထုတ်မှုများသည် လွန်ခဲ့သည့် နှစ်နှစ်ကျော်က မြန်မာစစ်ကောင်စီနှင့် သဘောတူထားခဲ့သော ဘုံသဘောတူညီချက် ငါးရပ်နှင့်အညီ ဆက်သွားရလိမ့်မည် ဖြစ်သည်ဟု ဝီဒိုဒိုက ပြောသည်။
သို့သော် အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးအပြင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့် စစ်တပ်အကြား ဆွေးနွေးမှုများ ပြန်စရေးကို တောင်းဆိုသည့် ထို ဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာစစ်အုပ်စုက လျစ်လျူရှုထားသည်။
အာဆီယံသည် မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် မည်သို့မည်ပုံ ဆက်ဆံမည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး သဘောကွဲမှုများ ရှိထားခဲ့သလို ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာဖော်ဆောင်ရန် ပျက်ကွက်သည့် မြန်မာစစ်အုပ်စုခေါင်းဆောင်များကို အာဆီယံ၏ အဆင့်မြင့်လယ်ဗယ် အစည်းအဝေးများ တက်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်။
Indonesia says Myanmar solution needs 'political will' from all sides