မြန်မာ B.Tech ဘွဲ့ရ ဂျပန်မှာ အိမ်အကူဘ၀

By ကီရာ (မဇ္ဈိမ)
09 August 2023
မြန်မာ B.Tech ဘွဲ့ရ ဂျပန်မှာ အိမ်အကူဘ၀
ဂျပန် လူဝင်မှုကြီးကြပ်ရေးရုံးတခုတွင် ဗီဇာကိစ္စအတွက် စောင့်ဆိုင်းနေသော နိုင်ငံခြားသားများ

​အာဏာမသိမ်းခင်က B.Tech ဘွဲ့ရ မရိုစီသည် ရန်ကုန်ရှိ မားကက်တင်းအေဂျင်စီတခုတွင် Account Executive ရာထူးဖြင့် အလုပ်လုပ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်တွင် အိမ်အကူဖြစ်လာသည့်နောက် ဆိုးရွားသောအတွေ့အကြုံများကြုံခဲ့ရသည်။

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှုနောက် ရန်ကုန်ရှိ သူ၏ကုမ္ပဏီအလုပ်ရပ်သွားခဲ့သည်။ သူလည်း ဇာတိမြေ ကရင်နီပြည်နယ် မိုးဗြဲမြို့သို့ပြန်ကာ လအတန်ကြာ မုန့်ပဲသရေစာများရောင်းချသော အိမ်ဆိုင်လေးဖွင့်ခဲ့သည်။ ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်လာခြင်းနှင့်  အလုပ်အကိုင်ရှားပါးခြင်းကြောင့်  နိုင်ငံခြားထွက် အလုပ်လုပ်ရန် ဆုံးဖြတ်ကာ ရန်ကုန်သို့ပြန်လာသည်။

 

ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် စောင့်ဆိုင်းနေကြသူများကို ဇွန်လ ၂၀၂၃ နှစ်က တွေ့ရစဉ်

အသိမိတ်ဆွေတဦး မိတ်ဆက်ပေးမှုဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်မြို့ရှိ ဆွန်ဆွန်ဆိုသော အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနှင့် ချိတ်ဆက်မိခဲ့သည်။ အဆိုပါ အေဂျင်စီက ချိတ်ဆက်မှုဖြင့် စင်ကာပူရှိ အေဂျင်စီတခုနှင့် ထပ်ဆင့်ချိတ်ဆက်မိသည်။  

သို့သော် ဖေဖော်ဝါရီလ ၂၀၂၃ ခုနှစ်တွင် သူရောက်သွားခဲ့သည်က စင်္ကာပူမဟုတ် ဂျပန်နိုင်ငံတိုကျိုမြို့သို့ဖြစ်သည်။

အခကြေးငွေမကုန်ဘဲ ဂျပန်သို့ရောက်သွားခဲ့သော်လည်း မြန်မာအေဂျင်စီအတွက် ဝန်ဆောင်ခ စင်္ကာပူဒေါ်လာ ၃,၀၀၀ ကို မရိုစီ၏ လုပ်အားခဝင်ငွေမှ အရစ်ကျပေးရန် နှုတ်အားဖြင့် သဘောတူညီခဲ့ကြသည်။
 
ဂျပန်တွင်အလုပ်ရှင်ဖြစ်လာခဲ့သူ မစ္စ ခနမိ အယအိ ဘက်မှ ပြင်ဆင်ပေးပြီး ဂျပန်လူဝင်မှုကြီးကြပ်ရေးသို့တင်ပြသည့် စာချုပ်တွင် မရိုစီကို မစ္စ ခနမိ ၏ AMICO ကုမ္ပဏီ၏ အလုပ်သမားအဖြစ် ခေါ်ယူခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
 
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာချုပ်တွင် မရိုစီကို ကုမ္ပဏီ၏ ပြည်တွင်းနှင့် နိုင်ငံခြားအရောင်းဝန်ထမ်းဟူသော ရာထူးနှင့် လစာအဖြစ် တလလျှင် ဒေါ်လာ ၁,၅၀၀ ပေးမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
 
သို့သော် ကုမ္ပဏီဝန်ထမ်းအဖြစ်ဟန်ပြစာချုပ်ချုပ်ကာ သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သော်လည်း သူ တကယ်လုပ်ရသည်က အိမ်ကူအလုပ်နှင့် အသက် ၁၀နှစ်ကျော်အရွယ်ကလေးတဦးကို ထိန်းကျောင်းရခြင်းဖြစ်သည်။  

 " စစ်က အမတို့နေတဲ့နေရာမှာ တဖြည်းဖြည်းကူးလာတော့ စစ်ဖြစ်ရင် စစ်ရှောင်ရပြီးအခြေအနေငြိမ်ရင် အလုပ်ပြန်လုပ်မျိုးပေါ့နော်။ ကြာလာတော့ ဘယ်လိုမှအဆင်မပြေနိုင်ဘူးရယ်။
အဲ့ကြားထဲမှာ အမတို့နားက ရွာတရွာက အခုချိန်ထိ သူတို့ရွာထဲ ပြန်ဝင်လို့မရသေးတဲ့အခြေနေနဲ့မျိုးပေါ့နော်။ ဒါပေမယ့် သူတို့ရွာပျက်တဲ့အချိန် သူတို့သားသမီးနိုင်ငံခြားမှာရှိတဲ့မိဘတွေက အများကြီးခံသာနေတာတွေ့ရတယ်။ အဲဒါကြောင့် အမတို့ရွာလည်း သူတို့ရွာလိုအခြေအနေအချိန်မရွေးဆိုးလာနိုင်တာကြောင့် အမနိုင်ငံခြားအမြန်ထွက်ရရင် အနောက်မှာ နေတဲ့မိသားစုက ပိုစိတ်အေးမယ် အထင်နဲ့ အိမ်အကူပဲဖြစ်ဖြစ်သွားချင်ခဲ့တယ်" ဟု မရိုစီက ပြောသည်။  

အသက် ၂၉ နှစ်အရွယ် မရိုစီသည် ဂျပန်ဘာသာစကားလုံး၀မတတ်။  “ အခက်အခဲဖြစ်မယ်ဆိုတာက အစက တွေးမိပေမဲ့ သူဌေးက ဂျပန်စကားမလိုဘူး။ သူ့သားနဲ့ အင်္ဂလိပ်လို စကားပြောနိုင်ရင်ရပြီ ပြောထားတာဆိုတော့ သူတို့ကိုယ်တိုင်ကလည်း ရှေ့နေနဲ့ သေချာတိုင်ပင်ပြီးမှ ခေါ်တာလို့ ပြောတာမို့ အစ်မလည်း သိပ်မတွေးထားခဲ့ဘူး”ဟု သူက ပြောသည်။

ထိန်းကျောင်းရသည့် ကလေးဖြစ်သူက ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းကြုံခဲ့ရသည့်အပြင် ဂျပန်နိုင်ငံက သတ်မှတ်ထားသော အခြေခံလစာနှုန်းထားထက်များစွာလျော့နည်းသောလုပ်အားခကိုသာပေးခြင်း၊ တလလျှင် တရက်တည်းရသည့် နားရက်တွင်အပြင်ထွက်မလည်ရန် အလုပ်ရှင်က တားမြစ်ခြင်းတို့ ကြုံခဲ့ရသည်ဟု ဆိုသည်။

ထိန်းရသည့်ကလေးက ကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့် ရခဲ့သည့် ဒဏ်ရာများကို မရိုစီက မှတ်တမ်းတင်ထားခဲ့သည်။

 

ထို့အပြင် သူ၏နိုင်ငံကူးလက်မှတ်၊ ဂျပန်လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပေးသော နေထိုင်ခွင့်ကတ်ပြားတို့ကို အလုပ်ရှင်က သိမ်းဆည်းထားပြီး အလုပ်စဝင်ပြီး ရက် ၈၀ ကျော်မှသာလျှင် နေထိုင်ကြောင်း ရပ်ကွက်ရုံးသို့ အကြောင်းကြားခြင်းနှင့် ဘဏ်စာရင်းဖွင့်ပေးခြင်းကို အိမ်ရှင်က ပြုလုပ်ပေးခြင်း မရှိပေ။

ဂျပန်ဥပဒေအရ လုပ်သားတဦးအသစ်ရောက်လာလျှင် သက်ဆိုင်ရာရပ်ကွက်ရုံးကို အိမ်ရှင်က အကြောင်းကြားရပြီး အကြောင်းမကြားလျှင် တရားမဝင်နေထိုင်သည့်သဘောမျိုးသက်ရောက်သည့်အတွက် ရပ်ကွက်ရုံးမှတဆင့်လျှောက်ရသော ကျန်းမာရေးစောင့်ရှောက်မှုခံရန် အသိအမှတ်ပြုကတ်မရပါ။ ကျန်းမာရေးကတ်ရှိမှသာလျှင် ဆေးကုသစားရိတ်၏ ၇၀ ရာခိုင်နှုန်းကို အစိုးရက ကျခံပေးသည်။

ဂျပန်တွင်ရွေ့ပြောင်းအလုပ်သမားတဦးအတွက် အနိမ့်ဆုံးလုပ်အားခ သတ်မှတ်ချက်သည် တနာရီလျှင် ယန်း ၈၀၀ ကျော်မှ ၁၀၀၀ ကျော်အထိရှိပြီး မြို့နယ်အလိုက် ကွာခြားသည်။ တိုကျို၊ ကနာဂါဝါနှင့် အိုဆာကာတို့သည် အမြင့်ဆုံးဖြစ်ပြီး အိုကီနာဝါ၊ နာဂါစကီ၊ မီယာဇာကီ၊ ကူမာမိုတို၊ ကိုချီနှင့် တော့တိုရီတို့သည့် အနိမ့်ဆုံးဖြစ်ကြသည်။

တိုကျိုမြို့တွင် အနိမ့်ဆုံးလုပ်အားခသည် တနာရီ ၁၀၇၂ ယန်းဖြစ်သော်လည်း မရိုစီတကယ်ရခဲ့သည်က တလလုံးမှ ယန်း ၆၀,၀၀၀ ဝန်းကျင် (ကျပ်ငွေ ၁၂ သိန်း) သာဖြစ်သည့်အတွက်  အလုပ်ချိန်တနာရီလျှင် ၁၄၃  ယန်းနှုန်းသာဖြစ်နေသည်။

ယခုသတင်းထောက်ကတွေ့ရှိရသော လုပ်အားခပြေစာမှတ်တမ်းအရ အလုပ်စဝင်သည့်လဖြစ်သော ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၈ ရက်နေ့အထိ လုပ်အားခရှင်းသောငွေမှာ ယန်း ၁၉၈၀၀ ဖြစ်သည်ကို တွေ့ရသည်။  
 
အလုပ်ဝင်ပြီး လေးလခန့်အကြာ၊ တိတိကျကျဆိုရင်လျှင် ဇွန်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ် ည ၈ နာရီခန့်တွင် မရိုဆီ ကွန်ဒိုတိုက်ခန်းအနောက်ဘက်ပေါက်မှဆင်းကာ အလုပ်မှထွက်ပြေးခဲ့သည်။

“ နေ့တိုင်း ဒဏ်ရာမရတဲ့ နေ့ဆိုတာမရှိဘူး။ အမြဲတမ်း အစ်မမှာ ကလေးထိန်းရင်း ဒဏ်ရာတွေနဲ့ချည်းပဲ။ အဲ့ဒါကို သူဌေးမကို ပြောရင် အဲ့ဒါ နင် ကလေးတယောက်ကိုတောင် သေချာမထိန်းနိုင်လို့ဆိုပြီး ပြောတယ်။ ပြီးတော့ နင်လည်းသူ့ကို ပြန်လုပ်လို့ရတယ်လို့ ပြောတယ်။ ဒါပေမယ့် အစ်မက သူ့ကို မနိုင်ဘူး ပြန်လည်း မလုပ်ရဲဘူးလေ။ ပြီးတော့ သူက ချော့ပြောရင်တောင် လက်ပါပြီး ရန်လိုတာဆိုတော့ ကြမ်းလိုက်ရင် ပိုဆိုးမှာ ။ အစ်မကို သူက လက်ပါသလို သူ့ဘွားအေက သူ့ကိုပြောရင်လည်း သူ့ဘွားအေကိုလည်း သူက လက်ပါတယ်”ဟု ၎င်းကြုံတွေ့ခဲ့ရသည်နှင့် ပတ်သက်၍ ပြောပြသည်။

မထွက်ပြေးခင်က ရိုက်ကူးထားခဲ့သည်ဆိုသော ဓာတ်ပုံများအရ မရိုစီ၏လက်များတွင် အညိုအမဲများစွဲနေခြင်း၊ လည်ပင်းတဝိုက်တွင် ကုတ်ခြစ်ရာများ၊ မျက်နှာနှင့် နှုတ်ခမ်းတွင် ပေါက်ပြဲဒဏ်ရာများတွေ့ရသည်။ ကလေးက ရိုက်နှက်မှုများကို သူငယ်ချင်းများဆီကို အသိပေးရိုက်ကူးထားခဲ့သောပုံများဖြစ်သည်ဟု ဆိုသည်။

 “ အစ်မ သူ့အိမ်စရောက်တဲ့ သုံးရက်လောက်ကတော့ သူဘာမှ မလုပ်ပေမဲ့ သူ့အမေ အလုပ်ခရီးထွက်သွားတဲ့အချိန်မှာ အစ်မကို သူစပြီး ရန်စလုပ်တယ်။ မျက်လုံးကိုလည်း ထိုးတယ်။ အဲ့မှာသူ့ အဖွားက သူ့ကို မလုပ်ဖို့ပြောတော့ သူ့အဖွားကိုလည်း တွန်းထုတ်လိုက်တယ် ။ အစ်မလည်း အဲ့တုန်းက ကလေးဆိုတော့ ကိုယ်နဲ့ စိမ်းနေသေးတော့ အဲ့လိုပြုမူတတ်တယ်ပဲ ထင်တာပေါ့ ။ နောက်ပိုင်း အဆင်ပြေမယ်လို့ပဲ အစ်မ ထင်ခဲ့တာပေါ့” သူက ပြောသည်။

မစ္စ ခနမိက မရိုစီသည် ငွေသား ယန်းသောင်း ၁၅၀ (မြန်မာကျပ်ငွေ သိန်း ၃၀၀ ဝန်းကျင်) ခန့်နှင့် စိန်လက်စွပ်ခိုးယူပြေးသွားသည်ဟု စွပ်စွဲသည်။

“သူက ငါ့အိမ်မှာ စားတယ် ၊ ငါ့အိမ်မှာ နေပြီးတော့ အလုပ်က မလုပ်တတ်ဘူး။ ငါသူ့ကို လေယာဉ်လက်မှတ်ဝယ်ပြီး တိုင်းပြည်ပြန်ပို့မယ့်အချိန်မှာ နောက်ရက်မှာသူက ခိုးပြီး ထွက်ပြေးသွားတယ်။ သောင်း၁၅၀ကိုလည်းခိုးသွားတယ်၊ လက်စွပ်ကိုလည်း ခိုးသွားတယ်။ ရဲတိုင်ပြီးပြီ။ ရှေ့နေလည်း ခေါ်ပြီးပြီ ။ အခုက သူ့ကို တရားစွဲမယ့်အကြောင်းအရာတွေကို ရဲစခန်းနဲ့ ခုမိအအိ ( အလုပ်ရှင် အလုပ်သမား ချိတ်ဆက်ဆောင်ရွက်ပေးသော ကုမ္ပဏီ ) ကို ပို့ထားတယ်” ဟု မစ္စ ခနမိ က သတင်းထောက်သို့  ပြောသည်။

မရိုစီကတော့ “ အစ်မ အလုပ်ထွက်မယ်ပြောတုန်းက နင်အဲ့လို ဆိုရင် ငါ နင့်ကို အမှုတွေတပ်ပြီး ဖမ်းခိုင်းမယ်။ ပစ္စည်းခိုးတယ်ဆိုပြီး ပြဿနာရှာမယ်လို့ ပြောဖူးတယ်”ဟု သူ့အပေါ်စွပ်စွဲချက်နှင့်ပတ်သက်၍ တုံ့ပြန်သည်။

ဂျပန်နိုင်ငံတွင် ဖွဲ့စည်းထားသော မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ー(FWUBC) Federation of Workers’ Union of the Burmese Citizen in Japan ဥက္ကဌဖြစ်သူ ဦးမြင့်ဆွေက “ ဗီဇာလျှောက်တဲ့အခါတွေမှာ လက်တလုံးခြားနဲ့ လုပ်နေတာတွေကို တွေ့နေရတာက တော်တော်လေးကို ဝမ်းနည်းစရာကောင်းတယ်။ နောက်တခါ ဂျပန်အစိုးရပိုင်းဆိုင်ရာတွေနဲ့ လဝက (လူဝင်မှုကြီးကြပ်ရေးဌာန) ပိုင်းဆိုင်ရာတွေလည်း တော်တော်ပေါ့လျော့မှုရှိတယ်ဆိုတဲ့ အစိတ်အပိုင်းတွေ တွေ့ရတယ်။ ဒီလိုကိစ္စတွေက ဒီတရုတ်အမျိုးသမီး (အလုပ်ရှင် မစ္စ ခနမိ) လုပ်တာက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ မြန်မာတွေထဲမှာရှိတယ်၊ ဂျပန်တွေထဲမှာလည်း ရှိပါတယ်။ အဲ့အတွက်ကြောင့် ပြောရတော့ ခက်ပါတယ်။ ဘာပဲပြောပြော ဥပဒေစိုးမိုးတဲ့ ဂျပန်လိုနိုင်ငံမှာ ဂျပန်အစိုးရပိုင်းက လူတွေသိရအောင် ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်နေပါတယ်”ဟု ပြောသည်။

 မရိုစီအနေဖြင့် မနက် ၆ နာရီမှ ည ၁၀ နာရီအထိ အလုပ်ချိန်အတွင်း အိမ်ရှင်သူဌေးနှင့် သူ၏ကလေးအတွက် အစားအစာချက်ပေးရခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ရခြင်း၊  မီးဖိုချောင်သုံးအတွက်စျေးဝယ်ရခြင်း၊ ကလေးကျောင်းကြိုပို့လုပ်ရခြင်း၊ ကလေးအားကစားလုပ်ခြင်းနှင့် ရေချိုးရာတွင် ကူညီပေးရခြင်းတို့ပါဝင်သည်ကို အလုပ်မှတ်တမ်းများအရ တွေ့ရသည်။ နေ့လယ်ဘက် နှစ်နာရီကိုတော့ ကောင်းစွာအနားယူလို့ရသည်။

မစ္စ ခနမိကတော့ မရိုစီသည် သူ့ကုမ္ပဏီဝန်ထမ်းသာဖြစ်ပြီး အိမ်အကူအဖြစ်ကော ကလေးထိန်းအဖြစ်ပါ လုပ်ဆောင်ခြင်းမရှိကြောင်း ယတိပြတ်ငြင်းဆိုသည်။

 ထို့အပြင် ထိုအိမ်အကူအကြောင်းအရာနှင့် ပတ်သက်၍ ဆက်လက်မေးမြန်းပါက မေးမြန်းနေသည့်  သတင်းထောက်ကိုပါ တရားရုံးခေါ်ရန် လုပ်ဆောင် သွားမည့်အကြောင်း ခြိမ်းခြောက်သည်။

“ ငါ့ဆီ နင်လာပြီး မေးတဲ့ မေးခွန်းတွေကိုလည်း ရှေ့နေကိုတင်ပြီး တရားရုံးတင်မယ် ။ လိုအပ်ရင် ဒီကိစ္စနဲ့ နင့်ကိုပါ အတူခေါ်မယ် ။ Wechat တစ်ခုတည်းနဲ့ နင့်ကိုရှာမတွေ့ဘူး မထင်နဲ့။ ဂျပန်မှာ လူတယောက်ကိုရှာတာ လွယ်လွယ်လေး “ဟု မစ္စ ခနမိ က ပြောသည်။
 
စင်ကာပူဘက်က အေဂျင်စီကို ဆက်သွယ်မေးမြန်းသောအခါ ယခုကိစ္စသည် အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဦးသဘောတူ လုပ်ဆောင်သည့် အရာများဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာများသည် ၎င်းတို့နှစ်ဦးသာ ဆက်လက်ဖြေရှင်းရမည်ဟု ဆိုသည်။

မစ္စ ခနမိက စင်္ကာပူအေဂျင်စီအတွက် ဝန်ဆောင်ခ  စင်္ကာပူဒေါ်လာ ၄,၅၀၀ ပေးခဲ့ရသည်ဟု မရိုစီကို ပြောပြခဲ့သည်ဟု ဆိုသည်။

သို့သော် မရိုစီ စတင်ချိတ်ဆက်မိသော ရန်ကုန်မြို့က ဆွန်ဆွန်အေဂျင်စီဆိုသည်မှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသလို အမှုကိစ္စနှင့်ပတ်သက်၍ဆက်သွယ်မေးမြန်းသောအခါ စေတနာဖြင့်ကူညီလိုက်ခြင်းသာဖြစ်သည်ဟု ပြောသည်။

၂၀၂၀ ခုနှစ်မှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံကို အလုပ်အကိုင်ဖြင့် သွားရောက်သူအရေအတွက်မှာ လူ ၃၀၀၀ ကျော်ဝန်းကျင်ခန့်သာရှိခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ် မတ်လကနေ နိုဝင်ဘာလအထိ အလုပ်သမား ၁၀,၀၀၀ ဝန်းကျင်အထိ တရားဝင် လုပ်သားပို့ဆောင်ရေးအေဂျင်စီ ၁၀၅ ခုမှ ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်၏ စာရင်းများအရ သိရသည်။

အဆိုပါ အချက်အလက်သည် အလုပ်အကိုင်ဖြင့် သွားရောက်သည့် စာရင်းသာဖြစ်ပြီး တခြားဗီဇာများဖြင့် သွားရောက်သည့်  စာရင်းများ မပါဝင်ပါ။ မြန်မာလူငယ်အများစုသည် ဂျပန်နိုင်ငံသို့ အလုပ်ဗီဇာ၊ ကျောင်းသားဗီဇာ၊ ကျွမ်းကျင်လုပ်သားဗီဇာ နှင့် အလုပ်သင်ဗီဇာများဖြင့် အများဆုံး သွားရောက်ကြသည်။ ထိုအထဲတွင် အလုပ်သင်ဗီဇာနှင့် ကျောင်းသားဗီဇာသည် ဂျပန်နိုင်ငံသို့ ရောက်ရှိရန် အလွယ်ကူဆုံး ဖြစ်သည်။ ဂျပန်စာ အရည်အချင်းအောင်လက်မှတ်အမြင့်များ မလိုအပ်ခြင်း ၊ ပညာအရည်အချင်း မလိုအပ်ခြင်းများကြောင့်ဖြစ်ပြီး ဂျပန်ဘာသာစကားသင်တန်းကျောင်းများသို့ ချိတ်ဆက်၍ ကျောင်းသားဗီဇာဖြင့်သွားရန် ရွေးချယ်တတ်ကြသည်။

ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် စောင့်ဆိုင်းနေကြသူများကို ဇွန်လ ၂၀၂၃ နှစ်က တွေ့ရစဉ်

ကျောင်းဗီဇာဖြင့်ဝင်ရောက်လာသူသည် ရက်သတ္တပတ်တပတ်လျှင် ၂၈ နာရီအထိသာအလုပ်လုပ်ခွင့်ရှိပြီး တလကို ယန်း ၁၀ သောင်း (ကျပ်ငွေ သိန်း ၂၀ ဝန်းကျင်) မှသည် ၁၁ သောင်းအထိ ဝင်ငွေရနိုင်သည်။ နွေရာသီကျောင်းပိတ်ရက်တွင်တော့ တပတ်လျှင် နာရီ ၄၀ အထိ အလုပ်လုပ်ခွင့်ရှိသည်။

“ ကျောင်းသားဗီဇာကတော့ ငွေတတ်နိုင်ရင် ဂျပန်ရောက်ဖို့ အမြန်ဆုံးပေါ့။ တနှစ်ကို လေးကြိမ်လောက် ခေါ်တယ်လေ။ ကိုယ်က ငယ်သေးတယ် ၊ ငွေလည်းတတ်နိုင်တယ်၊ ပညာအရည်အချင်းကလည်း ဆယ်တန်းအောင်လောက် ပထမနှစ်လောက်ဆိုရင် ဂျပန်စာ သိပ်မရလည်း လျှောက်လို့ရတယ်လေ။ အလုပ်သင်ကျတော့လည်း ပညာအရည်အချင်း မလိုဘူး ဂျပန်စာလည်း သိပ်မမြင့်လည်း ရနေတာဆိုတော့ သူလည်း လူအများဆုံး ကြိုးစားကြတဲအရာတခုပေါ့ “ဟု ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည်မှာ ငါးနှစ်ကြာမြင့်နေပြီဖြစ်သူတဦးက ပြောသည်။

အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း နေ့စဉ်ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများသည် လူဦးရေ ၁၀၀၀ ဝန်းကျင်အထိရှိနိုင်ပြီး အများဆုံးက ထိုင်းနိုင်ငံသို့ သွားရောက်ကြကာ ဒုတိယအများဆုံး သွားရောက်သည့်နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်သည်ဟု ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုများလုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင်တဦးက ခန့်မှန်းပြောဆိုသည်။

ပြည်ပထွက်ချင်သူအရေအတွက်မှာ ပိုမိုများပြားလာသလို လိမ်ညာသောအေဂျင်စီများ တရားမဝင်လုပ်ကိုင်နေသော အေဂျင်စီများလည်း ပေါ်ထွက်လာခဲ့သည်။

“ အဓိက က ဝယ်လိုအားနဲ့ ရောင်းလိုအားက မမျှဘူး ။ ဒီမှာကလည်း အလုပ်အကိုင်အခွင့်အလမ်းက အရမ်းနည်းတဲ့အတွက် ပြည်ပတိုင်းပြည်တွေကို အကုန်သွားကြတယ်၊ အဲ့လိုသွားကြတဲ့အခါမှာ ဟိုဘက်မှာရှိတဲ့အလုပ်တွေကလည်း နည်းတယ်။ ကိုဗစ်အခြေအနေတွေလည်း နိုင်ငံတကာက အစိုးရတွေကလည်း ရုန်းကန်နေရတာရှိတယ်။ အလုပ်ခေါ်စာတွေ နည်းပေမယ့် မြန်မာပြည်ရဲ့ အခြေအနေမှာလည်း သွားချင်တဲ့သူများနေတဲ့အတွက် လိမ်တဲ့သူတွေလည်း များလာတာပေါ့။ အေဂျင်စီတွေက ကြာတာတွေလည်း ရှိတဲ့အတွက်လည်း ကလေးတွေက မြန်မြန်ရောက်ရင် ပြီးရောဆိုပြီး မြန်တဲ့လူတွေရှာကြရင်းနဲ့ လိမ်တဲ့သူတွေဆီ ရောက်ကုန်တာပေါ့”ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအေဂျင်စီပိုင်ရှင်တဦးက ပြောသည်။

ဂျပန်နိုင်ငံသို့ အလုပ်သမားခေါ်ယူရာတွင် မမှန်ကန်သည့် စာရွက်စာတမ်းအချက်အလက်များဖြင့် အလုပ်သမားခေါ်ယူမှုသည် မြန်မာအသိုင်းအဝိုင်းတွင် လူတိုင်းသိသော လျို့ဝှက်ချက်ဖြစ်လို့လာနေသည်။

ဂျပန်ရှိ မြန်မာလူမျိုး လုပ်ငန်းရှင်အချို့သည်လည်း အခကြေးငွေယူကာ မြန်မာနိုင်ငံမှ လုပ်သားခေါ်ယူပြီး ဂျပန်ရောက်သည့်အခါ အလုပ်မခန့်ဘဲထားတတ်ကြသည်။
 
“ဂျပန်ကို ခေါ်ဖို့အတွက် သူ့ကို ဝန်ဆောင်ခ သောင်း ၁၀၀ လောက်ပေးရတယ်။ သူက သူ့အလုပ်သမားအဖြစ်နဲ့ ခေါ်ပေးတာပေါ့။ ဒီရောက်တော့ လူဝင်မှုကြီးကြပ်ရေးကို သူ့ကို အလုပ်မခန့်တော့ကြောင်း သွားပြောမယ်ပေါ့။ ပြီးတော့ အဲ့လိုပဲ နောက်ထပ်တယောက် သူထပ်ခေါ်မယ်ပေါ့နော်။ ဒါပေမယ့် ဟိုတယောက်ကကျတော့ အလုပ်ဗီဇာရဖို့ သူ့ဟာသူ လိုက်ရှာရမယ် ဆိုတော့ လောလောဆယ်အလုပ်ကလည်း မရှိတော့ ရောက်ပြီးတာနဲ့ ချက်ချင်း ဒုက္ခတန်းရောက်တာပဲ”ဟု ဂျပန်ရောက်လုပ်သားတဦးက ပြောသည်။

ဂျပန်နိုင်ငံတွင် အဆင်မပြေမှုများကြုံတွေ့ရသည့်အခါ လုပ်ငန်းခွင်မှ ထွက်ပြေးမှုထက် ဥပဒေဘောင်အတွင်းမှ ဖြေရှင်းမှုကိုသာ ကြိုးစားသင့်ကြောင်း ဂျပန်ရောက် ဝါရင့်မြန်မာလုပ်သားတဦးက အကြံပြုသည်။

“ အလုပ်က ထွက်ပြေးလိုက်တယ်ဆိုတာနဲ့ ကိုယ်က တပန်းရှုံးနေတာပေါ့ ။ တချို့ဆိုရင် လတ်တလောဗီဇာ မရသေးတဲ့အခါ နားလည်မှုနဲ့ လက်ပေးအလုပ်တွေ လုပ်ကြတယ်။ လက်ပေးဆိုတာက လစာကို အဲ့တဖက်လူက တရားဝင် နေထိုင်တဲ့အနေနဲ့ ယူလို့ မရသေးတဲ့အခါ ထွက်ပြေးလာတာမျိုး။ ဒါမှမဟုတ် ဗီဇာ မရှိတာ၊ ဗီဇာလျှောက်ထားဆဲကာလမို့ အလုပ်လုပ်ခွင့် တရားဝင်မရသေးတာမျိုး ရှိတဲ့အတွက် အချင်းချင်း နားလည်မှုနဲ့ သူရတဲ့ လစာကို စာအိတ်ထဲထည့် လက်ထဲအရောက် ပေးတာမျိုးပေါ့။ အဲ့မှာ ဗီဇာ မရှိသေးတဲ့သူ အလုပ်က ထွက်ပြေးလာတဲ့သူဆိုပြီး တချို့က အနိုင်ကျင့်တာတွေရှိတယ်။ လုပ်ခလစာအပြည့်မပေးတာတို့၊ အချိန်ကျော်ခိုင်းတာတို့ အစုံပေါ့။ အဲ့တော့ တတ်နိုင်သလောက် ကိုယ့်ဘက်က အမှားမဖြစ်အောင်နေပြီး ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းစေချင်ပါတယ်”ဟု ၎င်းကပြောသည်။
 
တချိန်က GTC ကျောင်းဆင်း အီလက်ထရောနစ်အင်ဂျင်နီယာဘွဲ့ရ မရိုစီမှာ လတ်တလောတွင်တော့  ဂျပန်တွင်တိမ်းရှောင်နေရသလို အလုပ်ရှင် မစ္စ ခနမိ က မရိုစီကို မဖြစ်ဖြစ်တဲ့နည်းဖြင့် ထောင်ကျအောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြုံးဝါးနေသည်။

“သူဘာမှ မရှိတဲ့အချိန်တုန်းက ငါ သူ့ကို လက်ခံခဲ့တယ်။ ငါ့အိမ်မှာနေတယ်၊ ငါ့အိမ်မှာစားတယ်၊ ငါ့အိမ်မှာအိပ်တယ်၊ ငါ့ပိုက်ဆံလည်း ခိုးတယ် ။ ဒီလိုလူကို ဘယ်လိုလုပ်ပြီး လွှတ်ပေးနိုင်မှာလဲ ။သူ့မှာ ထောင်ကျစေတဲ့အချက်က အများကြီးရှိတယ် ဘယ်အချက်ပဲဖြစ်ဖြစ် သူရှောင်မပြေးနိုင်ဘူး။ ငါတို့ ကုမ္ပဏီရဲ့ ရှေ့နေအသင်းကလည်း အဆင့်သင့်လုပ်ထားပြီးပြီ။ ကျေးဇူးပြုပြီး သူ့ကို ပြောပေးပါ သူလည်း ရှေ့နေခေါ်ဖို့ အဆင့်သင့်လုပ်ထားလို့။သူ့မှာ ထောင်ကျစေတဲ့ အချက်တွေ အများကြီးရှိတယ် ။ ဘယ်နှစ်ချက်ရှိတယ်ဆိုတာ ငါသူနဲ့ တခုချင်းစီတွက်မယ်” ဟု ၎င်းက ပြောသည်။

မရိုစီကတော့ "" စာချုပ်ကလည်း သူက ပိုင်ပိုင်နိုင်နိုင်ကို လုပ်ထားတာပါပဲ။ အစ်မက မြန်မာပြည်ကို မပြန်နိုင်တာကလည်း အစ်မရဲ့ အခက်အခဲတွေ‌ကြောင့်ပါပါတယ်။ သူကတော့ ( သူဌေးမ) အစ်မကို မြန်မာပြည် ပြန်ပို့ချင်တာပေါ့ သူက နောက်ထပ် မြန်မာတစ်ယောက်ကိုလည်း အစ်မလိုပုံစံထပ်ခေါ်မယ်လို့ ‌သိထားတယ်။ အဲ့ဒါကြောင့် အစ်မကို မြန်မာပြည်ပြန်ပို့ချင်နေတာ" ဟု ကောက်ချက်ချသည်။

ဒီလိုအခြေအနေမှာ မြန်မာပြည်ပြန်ရလျှင် မိဘနှစ်ပါးနှင့် အတူနေ မောင်နှမသုံးယောက်အတွက် အထောက်အကူပေးဖို့ရန် ဂျပန်လာခဲ့ရသော သူ့ရည်မှန်းချက်အထမမြောက်မှာကို စိတ်ပူလို့နေသည်။

ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေသဖြင့် ပြည်ပနိုင်ငံများသို့ ထွက်လိုကြသည့် မြန်မာလူငယ်များအနေဖြင့် ခေါင်းပုံဖြတ်ကိုယ်ကျိုးရှာနေကြသည့် အေဂျင်စီအတုအယောင်များကို အထူးသတိထားရန် လိုအပ်ပါသည်။

(ယခု သတင်းအတွက် MCIJ မှ ထောက်ပံ့ပေးသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly