ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအမှုများကြားနာမည့် ရုံးချိန်းကို တရားလွှတ်တော်ချုပ် ရွှေ့ဆိုင်း

By 001 (မဇ္စျိမ)
08 August 2023
ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအမှုများကြားနာမည့် ရုံးချိန်းကို တရားလွှတ်တော်ချုပ် ရွှေ့ဆိုင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအမှုခြောက်မှုအား ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင်ကြားနာရန် မူလကစီစဉ်ထားသော်လည်းမကြားနာဖြစ်တော့ပဲ ရွှေ့ဆိုင်းလိုက် ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါအမှုများမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့်ပတ်သက်ပြီး အဂတိဖြင့်စွပ်စွဲထားသည့် အမှုလေး မှုနှင့် စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ထံမှ တံစိုးလက်ဆောင်ရယူသည်ဟုဆိုကာ အဂတိဖြင့်စွပ်စွဲထား သည့် အမှုနှစ်မှုတို့ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် ကြားနာရန်ချိန်းဆိုထားသည့် ရာဇဝတ်ဆိုင်ရာအမှုများနှင့် တရားမဆိုင်ရာ အမှု များကိုရွှေ့ဆိုင်းလိုက်ပြီး ပြန်လည်ကြားနာမည့်ရုံးချိန်းများကို ထုတ်ပြန်အသိပေးသွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ တရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုခြောက်မှုအား အထူးအယူခံ ဝင်ခွင့်ပြုရန် သင့်၊ မသင့်အပေါ် လျှောက်လဲ ချက်ပေးရန် ချိန်းဆိုထားခြင်းဖြစ်သော်လည်း အမှုများရွှေ့ဆိုင်းလိုက်သည့်အပေါ် တရားလွှတ်တော်ချုပ် က အကြောင်းပြချက်ပေးထားခြင်း မရှိပေ။

ကြားနာရန် ရွှေ့ဆိုင်းခံလိုက်ရသည့် အမှုအချို့တွင် NLD အစိုးရလက်ထက် နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့လည်း ပူးတွဲပါဝင်နေသည်။

စစ်ကောင်စီဘက်က စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ကျူးလွန်ခြင်းမရှိသည့် အတွက် “အပြစ်မရှိ”ကြောင်း စွပ်စွဲခံရသူများက ယခင်အမှုစစ်ဆေးစဉ်က တရားခွင်အတွင်း ထွက်ဆိုခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုဖြင့်  ထောင် ဒဏ်နှစ် ၃၀ကျော် ချမှတ်ခံခဲ့ရကာ ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီက ပြစ်ဒဏ်စေ့ခါနီး အမှုငါးမှုအတွက် ထောင်ဒဏ်အချို့ကို လျော့ပေါ့ပေးခဲ့သည့်အတွက် လက်ရှိတွင် ထောင်ဒဏ် ၂၇ နှစ် ကျန်ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်းအား အမိန့်ချမှတ်ခဲ့သည့်အမှုများအားလုံးကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်အထိအယူခံတက်ပြီး အဆိုပါ အယူခံပယ်ချခံရပါက အထူးအယူခံ စသည်ဖြင့် အဆင့်ဆင့် ဆက်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly