မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပေါ်နေ

By Spring
08 August 2023
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပေါ်နေ

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက်သည်းထန်စွာရွာသွန်းပြီးတောင်ကျချောင်းရေ အရှိန်ပြင်းတာကြောင့် ဩဂုတ်လ(၇)ရက်နေ့က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ မြေပြိုကျခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြတ်တောက်သွားတဲ့ လမ်း အရှည်က ပေ ၁၀၀ ကျော် နဲ့ လမ်းအကျယ်ကတော့ ပေ ၅၀ကျော်ရှိဝန်းကျင်ရှိမယ်လို့ အနီးကပ်ကြည့်ခဲ့တဲ့ ကုန်တင်ယာဉ်မောင်းအချို့က ခန့်မှန်းပြောကြားပါတယ်။

မိုးဇလရဲ့ ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ်တွင် ဒေသအလိုက်မိုးကြီးခဲ့ပြီး ၊ ကော့ကရိတ်မြို့နဲ့ မြဝတီမြို့တွင် မိုးရေချိန်(၅)လက်မကျော်ရှိကာ နောက်ရက်များမှာလည်း ကရင်ပြည်နယ်တွင် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ယင်းသို့ ကားလမ်းအောက်ခံမြေသားပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ခရီးသွားလာလို့မရတော့သလို အဆိုပါအနီးနားတစ်ဝိုက်မှာ တောင်မြေထပ်မံပြိုကျဖွယ်လည်းရှိနေကြောင်း သတိပေးမှုများ ရှိနေပါတယ်။

ကရင်ပြည်နယ်တွင် မိုးသည်းထွန်စွာရွာသွန်းခဲ့ပြီး မြစ်ရေကြီးမှုကြောင့် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဖားအံ၊ လှိုင်းဘွဲမြို့နယ်တွင် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဘေးကို ကြုံတွေ့ခဲ့ရပြီး လူဦးရေသောင်းဂဏန်းခန့် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်း ကစလို့ မိုး အဆက် မပြတ် ရွာသွန်းမှုကြောင့် သောင်ရင်း၊ သံလွင်၊ ဘီးလင်း မြစ်ရေတွေဟာ ဩဂုတ်လ ၂ ရက်နေ့ကနေ ဒီနေ့အထိ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် လူပေါင်း တစ်သောင်းနှစ်ထောင် နီးပါး ရေဘေးနဲ့ ကြုံတွေ့နေကြရတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူတွေက ပြောပါတယ်။

မြဝတီမြို့မှာ လက်ရှိ မိုးဆက်ရွာနေပြီး ရေကြီးရေလျှံမှုဆက်ဖြစ်နေတဲ့အတွက် စားသောက်ရေးအပြင် နေထိုင်ရေးအခက်အခဲတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာတော့ ရေကြီးရေလျှံမှုကြောင့် နေအိမ် ရေနစ်မြုပ်တာတွေ ရှိခဲ့ပြီး အခုတော့ ရေကျစပြုနေပြီလို့ မြို့ပေါ်မှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အဖွဲ့တွေကပြောပါတယ်။

လက်ရှိမှာတော့ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ဒဿမ ၇ ပေ၊ သံလွင်မြစ်ရေက စိုးရိမ်ရေမှတ်အထက် ၂ ဒဿမ ၄ ပေ၊ ဘီးလင်းမြစ်ရေက စိုးရိမ်ရေမှတ် အထက် ၁ စင်တီမီတာကို ရောက်ရှိနေဆဲဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသအချို့ရေဘေးကြုံနေစဉ် လာမည့်ရက်အနည်းငယ်အတွင်း ရခိုင်နဲ့ချင်းပြည်နယ်မှာလည်း မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ ရခိုင်ပြည်နယ် မင်းပြားမြို့မှာ လေးမြို့မြစ်ရေလျှံပြီး ရေကြီးနစ်မြုပ်မှုကြုံတွေ့နေရပါတယ်။

မြောက်ဦးမြို့နယ်၊တိမ်ညိုစစ်ရှောင်စခန်းမှာလည်း ရေပြည့်နေလို့ ကလေးတွေ သွားရလာရ အဆင်မပြေဖြစ်နေတယ်လို့ ဆိုကြပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကုလားတန်မြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလက ထုတ်ပြန်ထားပါတယ်။

ရခိုင်မှာ စစ်ဘေးရှောင်တစ်သိန်းနီးပါးရှိနေပြီး ပြီးခဲ့တဲ့ မိုခါမုန်တိုင်းကြောင့်လည်း အဲဒီစစ်ရှောင်တွေရဲ့ နေအိမ်တွေ အများစု ပျက်စီးခဲ့ကြရကာ နေရေး၊‌ စားရေး အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly