ရန်ကုန်တိုင်း မြို့နယ်အများစု၌ ဧည့်စာရင်းတိုင်လျင် ဓာတ်ပုံအပြင် ကိုယ်ရေးအချက်အလက်ပါ ဖြည့်စွက် ရ

By မဇ္ဈိမ 
08 August 2023
ရန်ကုန်တိုင်း မြို့နယ်အများစု၌ ဧည့်စာရင်းတိုင်လျင် ဓာတ်ပုံအပြင် ကိုယ်ရေးအချက်အလက်ပါ ဖြည့်စွက် ရ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစု၌ ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းတိုင်ကြားပါက ဧည့်စာရင်းစာအုပ်၌ မိသားစုလိုက် ဓာတ်ပုံများကပ်ထားရသည့်အပြင် တဦးချင်း၏ ကိုယ်ရေးအချက် အလက်များကိုပါ ဖြည့်စွက်နေရကြောင်း သိရသည်။

ဧည့်စာရင်းဖြင့်နေထိုင်သည့် မိသားစုဦးရေကိုဖော်ပြရပြီး စာရွက်တရွက်ချင်းတွင် တယောက်ချင်း ဓာတ်ပုံ ကပ်ထားရပြီး ကိုယ်ရေးအချက်အလက် အပြည့်အစုံဖြည့်သွင်းရသည့်အပြင် အိမ်ရှင်ကိုယ်တိုင်မှလည်း အိမ်ငှား(ဧည့်သည်)များကို တာဝန်ယူကြောင်း ခံဝန်ကတိလက်မှတ်ထိုးရသည်ဟု သိရသည်။

“ကျွန်တော်တို့ ဧည့်စာရင်းစာအုပ်နဲ့နေလာတာကြာပြီ တခါမှဒီလိုမလုပ်ရဘူး။ ဒီတခေါက် ဧည့်စာရင်း သွားတိုင်တော့ စာအုပ်အဝါလေးတအုပ်ဝယ်ရတယ်၊ ဧည့်စာရင်းစာအုပ်ပေါ့။ အဲဒီမှာ အချက်အလက်တွေ ကို ဖြည့်ရတယ်။ မိသားစုပုံအပြင် တယောက်ချင်း အချက်အလက်ဖြည့်ရတယ်။ အရင်က ဘယ်မှာနေတာ၊ ဘာအလုပ်လုပ်တယ်၊ အဲဒါတွေကိုဖြည့်ရတယ်။ နောက်ပြီး ဧည့်စာရင်းစစ်လို့မိရင် အရင်ကလို ဒဏ်ငွေ မဆောင်ခိုင်းဘဲ ပေါ်တာခေါ်မယ်ဆိုပြီးပြောသံကြားတော့ ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်သူတွေ ပြည့်နေ တယ်” ဟု သာကေတမြို့နယ်မှ ဧည့်စာရင်းဖြင့်နေသူတဦးကဆိုသည်။

အိမ်ထောင်စုစာရင်း၊ ဧည့်စာအုပ်များတွင် မိသားစုပုံများကပ်ထားရခြင်းသည် နဝတ/နအဖ စစ်အစိုးရ လက်ထက်ကကျင့်သုံးခဲ့သည့်ပုံစံကို ပြန်လည်ကျင့်သုံးနေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“အရင်စစ်အစိုးရ လုပ်ပုံနဲ့တပုံတည်းပါပဲ။ ကော်ပီကူးထားတဲ့အတိုင်းပဲ။ အရင်ကဆို အိမ်ရှေ့အပေါက်ဝ လူမြင်ကွင်းမှာ မိသားစုပုံနဲ့ကိုယ်ရေးအချက်လက်တွေကို ပလက်စတစ်လောင်းပြီး ချိတ်ထားရတယ်။ 

မိသားစုဝင်ငါးဦးမှာ နှစ်ယောက်ပျောက်နေရင် ဘယ်သွားတာလဲ၊ ပြည်ပမှာ အလုပ်သွားလုပ်တယ်ဆိုရင် လည်း ပတ်စပို့စ်မိတ္တူစာအုပ်ကိုပါ ပူးတွဲကပ်ထားရတယ်။ ဒါမှမဟုတ် တခြားမှာ အလုပ်သွားလုပ်တယ် ဆိုရင်လည်း ခရီးသွားထောက်ခံစာ တိုင်ကြားထားလား။ အဲဒါတွေကအစ တွဲထားရတယ်။ ကျွန်မတို့ဆိုရင် အစ်ကိုက မလေးရှားမှာအလုပ်သွားလုပ်တယ်၊ တရားဝင်သွားပြီးတော့ လုပ်တာပါ။ တနှစ်စာ ထောက်ခံ ချက်ပေးပါဆိုတာတောင် မရဘူး၊ တလတခါ ခရီးလွန်တိုင်ရတယ်။ အလှူငွေထည့်ရတာ‌ပေါ့။

အခုအဲဒီ‌ ခေတ်ကို ပြန်ရောက်လာပြီ” ဟု သာကေတမြို့နယ်မှအမျိုးသမီးတဦးကလည်း ပြောသည်။
ဧည့်စာရင်းဥပဒေတွင် မည်သူမဆို ဧည့်စာရင်းတိုင်ကြားရန်ပျက်ကွက်ပါက ကျပ် ၁၀,၀၀၀ ထက်မပိုသော ဒဏ်ငွေကို ပေးဆောင်ရမည်ဖြစ်ပြီး၊ ပေးဆောင်ရန်ပျက်ကွက်ပါက ထောင်ဒဏ်ခုနစ်ရက်ထက်မပိုသော ပြစ်ဒဏ်ကို  သက်ဆိုင်တရားရုံးက ချမှတ်ရမည်ဟု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၌ ပြင်ဆင်ထုတ် ပြန်ခဲ့သော စတုတ္ထအကြိမ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးဥပဒေတွင် ဖော်ပြထားသော်လည်း ဧည့်စာရင်းစစ်သူ များက ဧည့်စာရင်းမတိုင်သူ၊ ရက်လွန်သူများကို ရုံးသို့ခေါ်ယူခြိမ်းခြောက်ကာ လူအခြေအနေကိုကြည့် ပြီး  ကျပ် ၁၀၀,၀၀၀ နှင့်အထက် တောင်းယူမှုများလည်းရှိနေကြောင်း သိရသည်။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်က ပယ်ဖျက်ခဲ့သည့်ဧည့်စာရင်းဥပဒေကို စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖွဲ့စည်းပုံအ‌ခြေခံဥ‌ပဒေပုဒ်မ(၄၁၉)အရဟုဆိုကာ ရပ်ကွက်နှင့်ကျေးရွာ များအလိုက် ဧည့်စာရင်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly