ဟင်္သာတခရိုင်အတွင်း တောတွင်းဝင်ပေါက် ထွက်ပေါက်များကို စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့

By မင်းထက် (မဇ္စျိမ)
08 August 2023
ဟင်္သာတခရိုင်အတွင်း တောတွင်းဝင်ပေါက် ထွက်ပေါက်များကို စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့
ဓာတ်ပုံ - ဟင်္သာတမြို့နယ်မှ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်(ပုံဟောင်း)

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်အတွင်းမြို့နယ်များရှိ တောတွင်း ဝင်ပေါက် ထွက်ပေါက်များအားလုံးကို စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဖြင့်ပိတ်ဆို့ထားကြောင်း မြို့နယ်အသီးသီးရှိ ဒေသခံများကပြောသည်။

ဟင်္သာတ၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ကြံခင်း စသည့်မြို့နယ်များရှိ တောင်ခြေကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲကာ ပိတ်ဆို့ထားခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

တောတွင်း ဝင်ပေါက်ထွက်ပေါက်များအား ပိတ်ဆို့ထားသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ ဟင်္သာတမြို့နယ် အခြေစိုက် ခလရ(၁၈)၊ ကျုံပျော်မြို့နယ် အခြေစိုက် ခလရ(၃၆) ၊မြန်အောင်မြို့နယ်အခြေစိုက် ခလရ(၅၁) နှင့် ရေကြည်မြို့ နယ်အခြေစိုက် အမှတ်(၃၄၄)အမြောက်တပ်တို့မှစစ်ကောင်စီတပ်ဖွဲ့များဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ ပိတ်ဆို့ခြင်းများကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့များက ပြုလုပ်နေခြင်းဖြစ်ပြီး ရခိုင်ရိုးမနှင့်ထိစပ်နေသည့် တောင်ခြေကျေးရွာများမှ ဒေသခံများကိုလည်း မတရားဖမ်းဆီးမှုများပြုလုပ်နေသည်ဟု ၎င်းကဆိုသည်။

"ပြီးခဲ့တဲ့ တစ်လအတွင်းမှာ လေးမျက်နှာဘက်က ဒေသခံ ၁၅ ယောက်နဲ့ ကြံခင်း မြန်အောင်ဘက်က ဒေသခံ ၃၀ နီး ပါးကို PDF နဲ့ပတ်သက်တယ်ဆိုပြီး ဖမ်းတာတွေရှိတယ်။ တောနဲ့နီးတဲ့နေရာမှာနေပြီး အရင်ကဆန္ဒပြပွဲတွေမှာ ပါဖူးတဲ့လူတွေကို စွပ်စွဲပြီး ဖမ်းနေတာပါ"ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်ကပြောသည်။

ယင်းပြင် လေးမျက်နှာ ၊မြန်အောင်၊ ကြံခင်းမြို့နယ်များရှိ သစ်တောများအား မှီခိုစားသောက်နေရသည့် တောင်သူများအား တောအတွင်းသို့ဝင်ရောက်ခွင့်မပြုတော့ကြောင်း၊ စစ်ကောင်စီတပ်ကခွင့်ပြု၍ တောအတွင်းသို့ဝင်ခွင့်ထွက်ခွင့်ရလျှင်လည်း တစ်ရက်စာရိက္ခာအပြင် ပို၍ယူဆောင်ခွင့်မပြုကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် ကြံခင်းမြို့နယ်နှင့်အင်္ဂပူမြို့နယ်တို့ရှိ တောင်ခြေကျေးရွာအချို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများတပ်ဆင်ကာ တောအုပ်များအတွင်းသို့ချိန်ရွယ်ထားသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

"လက်နက်ကြီးတွေနဲ့ တောထဲကိုချိန်ပြီး အထိုင်ချနေတာ တော်တော်ကြာပြီ။ ဒေသခံတွေကိုလည်း ထောက်ပို့တွေဆိုပြီး ဖမ်းတာတွေရှိတယ်။ ဒေသခံတွေက PDF တွေ ဘယ်ဆီနေမှန်းတောင် သိကြတာမဟုတ်ဘူး။စစ်သားတွေမတရားလုပ်သမျှ ကြိတ်ခံနေရတယ်"ဟု ကြံခင်းဒေသခံ တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များက အင်အားအများအပြားသုံးကာ တပ်စွဲခြင်း၊ ဒေသခံပြည်သူများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်းများကြောင့် ဒေသခံများစိုးရိမ်မှုများရှိနေကြသည်ဟု ၎င်းကဆက်လက်ပြောသည်။

ဧရာဝတီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီသတင်းပေးများရှင်းလင်းခံရသည့်ဖြစ်စဥ်များနှင့် ဗုံးပေါက်ကွဲမှုများ အများအပြားဖြစ်ပေါ်ခဲ့သည်။

သို့သော် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ လက်ရှိအချိန်အထိ စစ်ကောင်စီသတင်းပေးများ ရှင်းလင်းခံရသည့်ဖြစ်စဥ်နှင့် ဗုံးပေါက်ကွဲမှုအနည်းငယ်သာ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)\

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly