ကွန်ဆာဗေးတစ်ပါတီနှင့် ညွန့်ပေါင်းဖွဲ့ရန် ဖျူထိုင်းပါတီ သဘောတူ

ကွန်ဆာဗေးတစ်ပါတီနှင့် ညွန့်ပေါင်းဖွဲ့ရန် ဖျူထိုင်းပါတီ သဘောတူ
Bhumjaithai and Pheu Thai party leaders shake hands after announcing an alliance in Bangkok on August 7, 2023 [Athit Perawongmetha/Reuters]

မေရွေးကောက်ပွဲတွင် ဒုတိယအနိုင်ရသော ထိုင်းနိုင်ငံ၏ သာမန်လူထုအကျိုးမျှော် ဖျူထိုင်းပါတီက ကွန်ဆာဗေးတစ်ပါတီ Bhumjaithai ပါတီနှင့် ညွန့်ပေါင်းဖွဲ့မည်ဟု ကြေညာပြီး အစိုးရဖွဲ့စည်းရန်အတွက် ပူးပေါင်းရန် အခြားသော ပါတီများကိုလည်း လမ်းဖွင့်ပေးသည်။

အမျိုးသားလွှတ်တော်တွင် ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ချီပါတီက အစိုးရဖွဲ့ရေး ကြိုးစားမှု နှစ်ကြိမ်တိုင် ပိတ်ဆို့ခံရသည့်နောက်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာနှင့် ဆက်စပ်သည့် ဖျူထိုင်းပါတီသည် အစိုးရဖွဲ့နိုင်ရေး ပြီးခဲ့သည့်သီတင်းပတ်တွင် စတင်ကြိုးပမ်းလာခြင်း ဖြစ်သည်။

“ဖိတ်ကြားမှုကို လက်ခံတဲ့အတွက် Bhumjaithai ပါတီကို ကျွန်တော်တို့ ကျေးဇူးတင်တယ်၊ ဒါမှပဲ နိုင်ငံရေး လိပ်ခဲတည်းလည်းအခြေအနေကို ကျွန်တော်တို့တွေ ကျော်လွှားနိုင်မှာ ဖြစ်တယ်”ဟု ဖျူထိုင်းပါတီ၏ အကြီးအကဲ ချိုနန်ဆရီကော်က တနင်္လာနေ့တွင် ပြောပြီး အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဆရတ်သာ သာဗီဆင်းက ဝန်ကြီးချုပ်နေရာအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်ဟု ဖြည့်စွက်ဆိုသည်။

အစိုးရဖွဲ့စည်းရေးတွင် ဖျူထိုင်းပါတီနှင့် Bhumjaithai တို့သည် အခြားပါတီများ၏ ထောက်ခံမှုကို ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ချိုနန်က ပြောသည်။ “ဖျူထိုင်းပါတီက ကိုယ်စားလှယ်လောင်းကို ပါတီတိုင်းက ထောက်ခံဖို့ ကျွန်တော်တို့ လိုချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေး အကြီးဆုံး ထိုင်းနိုင်ငံတွင် စစ်တပ်နောက်ခံသည့် အုပ်ချုပ်သူများကို မေလရွေးကောက်ပွဲ၍ ပယ်ချကြသည့် ပြည်သူများ၏ ထောက်ခံမှုကို အတိုက်အခံပါတီများ ရရှိခဲ့ချိန်မှစ၍ နိုင်ငံရေး မရေရာမှုများဖြင့် ကြုံကြိုက်နေခြင်း ဖြစ်သည်။

တော်ဝင်ဥပဒေကို ပြောင်းလဲမည်ဆိုသော တိုးတက်ရေးပါတီ ရှေ့သို့ချီပါတီက ခေါင်းဆောင်ဖြစ်သူ ဖိထာလင်ဂျာရွန်ရတ်အား ဝန်ကြီးချုပ်ဖြစ်ရေးအတွက် ကြိုးပမ်းမှုတွင် တော်ဝင်အုပ်စု ကြီးစိုးသော ဆီးနိတ်၌ လုံလောက်သော ထောက်ခံမှု နှစ်ကြိမ်တိုင် မရရှိခဲ့ခြင်း ဖြစ်သည်။

ရှေ့သို့ချီပါတီသည် ရှစ်ပါတီညွန့်ပေါင်းဖွဲ့ရာ၌ အောက်လွှတ်တော် အမတ် ၅၀၀ တွင် ၃၁၂ နေရာ ရရှိခဲ့သည်။ သို့ရာတွင် စစ်တပ်ရေးဆွဲသည့် ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ် ခန့်အပ်နိုင်ရေးအတွက် ရွေးကောက်ခံ အောက်လွှတ်တော်နှင့် ယခင် စစ်အစိုးရခန့်အပ်သော အမတ် ၂၅၀ ပါ ဆီးနိတ်တို့မှ အများစု မဲပေးမှု လိုအပ်ခြင်း ဖြစ်သည်။

ဖျူထိုင်းနှင့် Bhumjaithai ပါတီတို့သည် အောက်လွှတ်တော်၌ စုစုပေါင်း ၂၁၂ နေရာ ရရှိထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly