ရန်ကုန်မြို့လယ်တွင် ၈၈၈၈ လူထုအရေးတော်ပုံ ၃၅ နှစ်မြောက်အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်

By မောင်ခက်နွေ (မဇ္ဈိမ) 
08 August 2023
ရန်ကုန်မြို့လယ်တွင် ၈၈၈၈ လူထုအရေးတော်ပုံ ၃၅ နှစ်မြောက်အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
ပုံအညွှန်း - ဆူးလေလမ်းမ လူကူးကုန်းကျော်တံတားပေါ်တွင် ၈၈၈၈ စာတန်းပါ အင်္ကျီများကိုချိတ်ဆွဲ(ဓာတ်ပုံ-DPNS)

စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့လယ်တွင် ၈၈၈၈ လူထုအရေးတော်ပုံ ၃၅ နှစ်မြောက်အထိမ်းအမှတ် လှုပ်ရှားမှုကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)နှင့် လူ့ဘောင်သစ် လူငယ် (YNS)တို့က ယနေ့ ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့လယ်၊ ဆူးလေလမ်းမ လူကူးကုန်းကျော်တံတားပေါ်တွင် ၈၈၈၈ စာတန်းပါ အင်္ကျီများချိတ်ဆွဲ ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ပြန်လည်စတင်ခဲ့သော လူထုတော်လှန်ရေးသည် လွန်ခဲ့သော ၃၅ နှစ်က လူထုလူလူတန်းစား အလွှာပေါင်းစုံတော်လှန်ခဲ့သော စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲအဆက် ဖြစ်သည်” ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော် ပြထားသည်။

“ထို့ပြင် ယနေ့အထိ နှစ်ပေါင်းများစွာ  ပြည်သူလူထုအား ဖိနှိပ်အနိုင်ကျင့်နေသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး တောင်တန်းမြေပြန့် လူထုလူတန်းစားတရပ်လုံး လွတ်မြောက်ဖို့ ဆက်လက်တိုက်ပွဲ ဝင်သွားကြရန် မိမိတို့အနေဖြင့် လေးနက်စွာ တိုက်တွန်းနိုးဆော်လိုက်ပါသည်” ဟု DPNS ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သော ၈၈၈၈ အရေးတော်ပုံကြီးသည် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း လူတန်းစားအလွှာပေါင်းစုံပါဝင်သည့် အကြီးမားဆုံးသော လူထုလှုပ်ရှားမှု တခုအဖြစ် သမိုင်းဝင်ခဲ့သည်။

စာတည်း။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly