ကမ္ဘောဒီးယားဘုရင်က ဟွန်ဆန်၏ သားကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

ကမ္ဘောဒီးယားဘုရင်က ဟွန်ဆန်၏ သားကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

ကမ္ဘောဒီးယားတွင် ကာလကြာရှည်စွာ အုပ်ချုပ်ခဲ့သည့် ဟွန်ဆန်၏ အကြီးဆုံးသားဖြစ်သော ဟွန်မန်နက်ကို နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ကမ္ဘောဒီးယားဘုရင်က ဩဂုတ် ၇ ရက်တွင် ခန့်အပ်လိုက်သည်။

နိုင်ငံတွင် ဆယ်စုနှစ်လေးစုနီးပါးကြာ အုပ်ချုပ်ခဲ့သည့် ဟွန်ဆန်က ၎င်း၏ သားဖြစ်သူ ဟွန်မန်နက်ထံ ရာထူးအာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပြီးနောက် ယခုအခါ ဘုရင်က ဟွန်မန်နက်ကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခြင်း ဖြစ်သည်။

ဇူလိုင်လ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီးနောက် ရက်ပိုင်းအကြာတွင် ကမ္ဘာ့သက်တမ်းအကြာဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟွန်ဆန်က ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဆင်းတော့မည် ဖြစ်ကြောင်းနှင့် အကြီးဆုံးသားဖြစ်သူထံ ရာထူးအာဏာလွှဲပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ကမ္ဘောဒီးယားရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပြီး ထိုရွေးကောက်ပွဲတွင် အဓိကအတိုက်အခံ Candlelight ပါတီ ဝင်ပြိုင်ခွင့် တားမြစ်ခံခဲ့ရသည့်အတွက် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က အမတ်နေရာ ၁၂၅ နေရာရှိသည့် အောက်လွှတ်တော်တွင် ငါးနေရာမှလွဲပြီး ကျန်နေရာအားလုံးကို အနိုင်ရခဲ့သည်။

ဟွန်ဆန်ထံမှ ပန်ကြားချက် ရရှိပြီးနောက် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟမုနီက ဩဂုတ် ၇ ရက်တွင် တော်ဝင်အမိန့်တစ်ရပ် ထုတ်ပြန်ပြီး ပါလီမန်၏ ၇ ကြိမ်မြောက် လုပ်ပိုင်ခွင့်ဆောင်ရွက်ရန်အတွက် ဒေါက်တာ ဟွန်မန်နက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ထုတ်ဖော်ခဲ့သည်။

နိုင်ငံ၏ ခေါင်းဆောင်သစ် တရားဝင်ဖြစ်လာရန်အတွက် အသက် ၄၅ နှစ်ရှိ ဟွန်မန်နက်နှင့် ၎င်း၏ အစိုးရအဖွဲ့အနေဖြင့် ဩဂုတ် ၂၂ ရက်တွင် ကျင်းပမည့် ပါလီမန် အယုံအကြည် မဲခွဲမှုတွင် ဖြတ်ကျော်အနိုင်ရရှိရန် လိုအပ်မည် ဖြစ်သည်။

အောက်လွှတ်တော်တွင် ဟွန်ဆန်ကို သစ္စာခံသော အမတ်များဖြင့် ပြည့်နေပြီး ဟွန်ဆန်သည် အတိုက်အခံမှန်သမျှအပေါ် အညှာအတာမဲ့ နှိမ်နင်းဖိနှိပ်မှုတို့ကို လုပ်ဆောင်ခဲ့ပြီး အတိုက်အခံပါတီများကို ပိတ်ပင်ခြင်း၊ နိုင်ငံရေးပြိုင်ဘက်များကို ပြည်ပသို့ မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်ရစေခြင်းတို့ကို လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly