ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်

By MTO (မဇ္ဈိမ)
07 August 2023
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်‌ကောင်စီရေယာဉ် သုံးစီးကို  ဆားလင်းကြီးမြို့နယ်မြစ်ကမ်းဘေးမှနေ၍  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ တင်ဆောင်သည့် စစ်‌ကောင်စီရေယာဉ် သုံးစီးကို ဩဂုတ်လ ၅ ရက်နေ့ နေ့လယ်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု BDF-Yinmarbin အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

" သူတို့(စစ်ကောင်စီ) ဘက်မှာ ထိခိုက်မှုတွေရှိတယ်။ အတိအကျတော့ မသိရဘူး” ဟု ၎င်းကပြောသည်။
 
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ  ပြန်လည်ပစ်ခတ်သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်များဘက်တွင် ထိခိုက်မှုမရှိဟု BDF-Yinmarbin အဖွဲ့ က တာဝန်ရှိသူက ဆိုသည်။အဆိုပါ စစ်ရေယာဉ်များကို BDF-Yinmarbin အပြင် Chindwin Fighter Group နှင့်မဟာမိတ် အဖွဲ့များကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီရေယာဉ်တန်းသည် ချင်းတွင်းမြစ်အတိုင်း အထက်သို့ဆန်တက်ပါက ကနီ၊မင်းကင်းနှင့် ကလေးဝမြို့များသို့ ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ဒေသခံပြည်သူများ သတိပြုကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

လတ်တလောတွင် စစ်ကိုင်းတိုင်းအတွင်း ဆာလင်းကြီးမြို့အပြင် ယင်းမာပင်မြို့နယ်တွင်လည်း စစ်ကောင်စီရေယာဉ်အုပ်စုရှိနေသည်။

စာတည်း - မောင်ကြီး
#mizzima
#ဆားလင်းကြီးမြို့နယ်
#ချင်းတွင်းမြစ်ကမ်းဘေး
#BDF-Yinmarbin 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly