စစ်ကောင်စီရေတပ်နှင့် ဆက်နွယ်ပတ်သက်မှုအတွက် MAN Energy Solutions ကုမ္ပဏီကို ဂျာမနီ စုံစမ်းစစ်ဆေး

By မဇ္ဈိမ 
07 August 2023
စစ်ကောင်စီရေတပ်နှင့် ဆက်နွယ်ပတ်သက်မှုအတွက် MAN Energy Solutions ကုမ္ပဏီကို ဂျာမနီ စုံစမ်းစစ်ဆေး

မြန်မာအာဏာသိမ်းစစ်အုပ်စု၏ စစ်ရေယာဉ် မုတ္တမအတွက် အဓိက ပစ္စည်းအစိတ်အပိုင်းများ ပေးသွင်းရောင်းချခဲ့သည့် MAN Energy Solutions ကုမ္ပဏီကို ဂျာမနီနိုင်ငံ၊ အော့စ်ဘာ့ဂ်မြို့ အစိုးရရှေ့နေက ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ထားကြောင်း NGO အဖွဲ့တစ်ခုဖြစ်သည့် Justice for Myanmar က ပြီးခဲ့သည့်သီတင်းပတ် သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

စစ်အုပ်စု၏ စစ်သင်္ဘောထံ အဓိကကျသော ပစ္စည်းများ ရောင်းချပေးခြင်းက ဂျာမနီ၏ နိုင်ငံခြားကုန်သွယ်မှု ဥပဒေနှင့် ဥရောပသမဂ္ဂ၏ နည်းလမ်းနှစ်မျိုးသုံး ပစ္စည်းများဆိုင်ရာ စည်းမျဉ်းပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာ ရောက်သည်ဟု စွပ်စွဲခံထားရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး Justice for Myanmar က ပံ့ပိုးပေးသော သုတေသနနှင့် သက်သေအထောက်အထားများကို အသုံးပြုလျက်ဖြင့် ရှေ့နေ ဟိုလ်ဂျာ ရို့ဘောင်ယာနှင့်အတူ Greenpeace Germany အဖွဲ့က ရာဇဝတ်ကြောင်းဆိုင်ရာ တိုင်တန်းချက်တစ်ခု လုပ်ဆောင်ပြီးနောက် ယခု စုံစမ်းစစ်ဆေးမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးမှု ဖွင့်လှစ်လုပ်ဆောင်ခြင်းကို Süddeutsche Zeitung သတင်းစာက ကနဦး ဖော်ပြခဲ့ခြင်းဖြစ်သည်။

စစ်ရေယာဉ်မုတ္တမသည် မြန်မာစစ်အုပ်စု၏ ဘက်စုံသုံးရေယာဉ်တစ်စင်းဖြစ်ပြီး ယင်းက မြန်မာပြည်သူများအပေါ် လက်ရှိလုပ်ဆောင်နေသည့် စစ်အုပ်စု၏ အကြမ်းဖက်မှုတို့ကို ထောက်ကူရန် တပ်ဖွဲ့ဝင်များ၊ တင့်ကားများ၊ သံချပ်ကာယာဉ်များနှင့် အခြားလက်နက်၊ပစ္စည်းများ ရွှေ့ပြောင်းရေးနှင့်ပတ်သက်ပြီး မြန်မာရေတပ်၏ လုပ်နိုင်စွမ်းကို မြှင့်တင်ပေးသည်။

မြန်မာတွင် စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှုဖြစ်ပြီးနောက် စစ်တပ်က ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ ဆက်လက်ကျူးလွန်လျက်ရှိသည့် ရခိုင်ပြည်နယ်သို့ တပ်ဖွဲ့ဝင်များ၊ ရော့ကတ်စနစ်များနှင့် လက်နက်ကြီးများ သယ်ယူပို့ဆောင်ရာတွင် စစ်ရေယာဉ် မုတ္တမကို အသုံးပြုထားခဲ့သည်ဟု သိရသည်။ ထို့ပြင် စစ်အုပ်စု၏ ပင်လယ်ပြင် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုများတွင်လည်း ယင်းကို အသုံးပြုထားသည်။

စစ်ရေယာဉ် မုတ္တမကို တောင်ကိုရီးယားတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက် မြန်မာရေတပ် ပါဝင်ပတ်သက်ခဲ့သော ရိုဟင်ဂျာတို့အပေါ် လူမျိုးတုန်းသတ်မှုဖြစ်စဉ် အလွန်ကာလ ၂၀၁၉ တွင် မြန်မာစစ်တပ်ထံ ယင်းရေယာဉ်ကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

Volkswagen Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် MAN Energy Solutions SE သည် စစ်ရေယာဉ်၏ အဓိက အင်ဂျင်၊ ပါဝါသုံးပစ္စည်းများ၊ ပန်ကာနှင့် ပန်ကာထိန်းချုပ်စနစ်၊ ထိန်းချုပ်မှုနှင့် ပန်ကာသုံး ပစ္စည်းများကို ထောက်ပံ့ပေးခဲ့သလို မြန်မာရေတပ်တပ်ဖွဲ့ဝင်များကို တောင်ကိုရီးယားတွင် လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

Germany launches criminal probe into MAN Energy Solutions over links to Myanmar Navy: NGO
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly