၈၈၈၈ လုံးအရေးတော်ပုံကြီး (၃၅) နှစ်ပြည့် အကြိုသပိတ် ရန်ကုန်တွင် ပြုလုပ်

By မဇ္ဈိမ 
07 August 2023
၈၈၈၈ လုံးအရေးတော်ပုံကြီး (၃၅) နှစ်ပြည့် အကြိုသပိတ် ရန်ကုန်တွင် ပြုလုပ်

ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သည့် ၈၈၈၈ လုံး အရေးတော်ပုံကြီး၊ (၃၅) နှစ်ပြည့်အနေဖြင့် အကြိုသပိတ်ကို ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ တော်လှန်လူငယ်များက ဦးဆောင်ပြီး ပြုလုပ်ခဲ့သည်။

ဩဂုတ်လ ၈ ရက်၊ မနက်ဖြန်သည် ၈၈၈၈ လုံး အရေးတော်ပုံကြီး၏ (၃၅) နှစ်ပြည့် နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။

လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့တစ်နေရာတွင် “ အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်” ဘန်နာကို ချိတ်ဆွဲကာ အကြိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

“ကျနော်တို့ ရှေ့ကမျိုးဆက်တွေရဲ့ မပြီးသေးတဲ့လက်ဆင့်ကမ်းတာဝန်ကို ကျနော်တို့ လက်ထက်မှာ အဆုံးသတ်တိုက်ပွဲဝင်ကြဖို့ပါပဲ၊ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ပြီး အာဏာရှင်အမြန်ဆုံးချုပ်ငြိမ်းအောင် အတူတိုက်ပွဲဝင်ကြပါစို့” ဟု တော်လှန်လူငယ်များက ပြည်သူလူထုထံ သတင်းစကားပါးသည်။ 

အဆိုပါ လှုပ်ရှားမှုကို Kyimyindaing Networks (KMD18) နှင့်  Mayangone Democratic Front (MDF) တို့မှ တော်လှန်လူငယ်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သော ၈၈၈၈ အရေးတော်ပုံကြီးသည် မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း လူတန်းစားအလွှာပေါင်းစုံ ပါဝင်သည့် အကြီးမားဆုံးသော လူထုလှုပ်ရှားမှုတစ်ခုအဖြစ် သမိုင်းဝင်ခဲ့သည်။

ထိုစဉ်က စစ်အစိုးရ၏ ပစ်ခတ်မှုကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ လူပေါင်း ၃,၀၀၀ နှင့် ၁၀,၀၀၀ ကြား သေဆုံးခဲ့သော်လည်း ယင်းအရေအတွက်ကို စစ်အစိုးရက ငြင်းဆိုခဲ့သည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly