မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ရောက်ဘူးလို့ တီမောဝန်ကြီးချုပ်ပြော

By မဇ္ဈိမ 
07 August 2023
မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ရောက်ဘူးလို့ တီမောဝန်ကြီးချုပ်ပြော

အာဆီယံအဖွဲ့က မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် တီမောလက်စတေးနိုင်ငံက အာဆီယံအဖွဲ့ကို မဝင် ရောက်ဘူးလို့ ဝန်ကြီးချုပ် ဆာနာနာ ဂက်စ်မားအို (Xanana Gusmão) က ပြောကြားလိုက်ပါတယ်။

အာဆီယံက မြန်မာ့အရေးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်း မရှိဘူးဆိုရင် ဒီအဖွဲ့အစည်းမျိုးအပေါ် တီမောအနေနဲ့ အပြည့်အဝ ယုံကြည်နိုင်မှာ မဟုတ်ကြောင်း၊ ဒါဟာ အစိုးရရဲ့ တိကျပြတ်သားတဲ့ သဘောထား ရပ်တည်မှုဖြစ်ကြောင်း ဝန်ကြီးချုပ် ဆာနာနာက သမ္မတ အိမ်တော်မှာ အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာနဲ့ တွေ့ဆုံအပြီး ဩဂုတ် ၃ ရက်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

“အာဆီယံအဖွဲ့က မြန်မာစစ်ကောင်စီကို နားမချနိုင်ရင် တီမောလက်စတေးနိုင်ငံက အာဆီယံအဖွဲ့ကို အယုံအကြည်မရှိတော့ဘူးလို့ ကျွန်တော် ပြောနိုင်ပါတယ်” လို့ သမ္မတ ရာမို့စ်ဟော်တာနဲ့ တွေ့ဆုံပြီးနောက် ဆာနာ နာက သမ္မတနန်းတော်မှာ ပြောကြားခဲ့ပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာ ဒီမိုကရေစီကို လေးစားသမှုရှိဖို့ အာဏာသိမ်းမြန်မာစစ်ကောင်စီကို မ ဖျောင်းဖျနိုင်ခဲ့ဘူးဆိုတဲ့ တီမောလက်စတေးနိုင်ငံရဲ့ ရပ်တည်ချက်ကို ဝန်ကြီးချုပ် ရှာနာနာက ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဆီလည်း အသိပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အရှေ့တီမောဟာ ဒီမိုကရေစီ စံနှုန်းတွေ တိုးတက်ရေးအတွက် အစဉ်တစိုက် အားထုတ် ကြိုးစားနေတယ် ဆိုတာကို တစ်ကမ္ဘာလုံး မျက်မြင် သဘောပေါက်အောင် ပြသသွားလိုတယ်လို့လည်း ဆိုပါတယ်။ 

အရှေ့တီမော အနေနဲ့ ကိုယ်တိုင် နိုင်ငံရေး အရှုပ်အထွေးတွေနဲ့ အတိတ်မျိုးကို ဖြတ်သန်းဖူးတဲ့တိုင် အာဏာသိမ်းတာမျိုးတော့ မကြုံခဲ့ဖူးဘူးလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံရဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အရှေ့တီမော သမ္မတ ဟော်တာနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေအပေါ် အမြင်ဖလှယ် ဆွေးနွေးခဲ့ပါတယ်။

ဒေါ်ဇင်မာအောင်က မြန်မာနဲ့ အရှေ့တီမောတို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်ရမှုတွေမှာ တူညီတဲ့ အတွေ့အကြုံမျိုးတွေ ရှိနေကြောင်း ပြောခဲ့သလို လတ်တလော မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အမြောက်အမြား ဖမ်းဆီး ခံထားရတာကိုလည်း ရှင်းပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ရွေးကောက်ပွဲကျင်း ပမယ့် မြန်မာစစ်ကောင်စီရဲ့ ကတိကဝတ်ဟာ ဖြစ်မလာနိုင်ဘဲ လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကျင်း ပမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းကာ အရေးပေါ်အခြေအနေကို သက်တမ်းတိုးခဲ့ပါတယ်။

အရှေ့တီမောဟာ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်တာနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေး၊ တရားဥပဒေ စိုးမိုးမှုကို ကာကွယ်ရေး၊ လူ့အခွင့်အရေးကို ထိန်းသိမ်း စောင့်ရှောက်ရေးစတဲ့ ဒီမိုကရေစီ အခြေခံ စံနှုန်းတွေကို လေးစား တန်ဖိုးထားကြောင်းလည်း ဝန်ကြီးချုပ် ဆာနာနာက ပြောကြားခဲ့ပါတယ်။

အရှေ့တီမောနိုင်ငံဟာ ၁၁ နိုင်ငံမြောက် အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများ အသင်းအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားနေတဲ့နိုင်ငံဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံအသင်းဝင်နိုင်ငံအဖြစ် လက်ခံဖို့ ကနဦးဆုံးဖြတ်ထားပါတယ်။

အရှေ့တီမောဟာ လက်ရှိမှာ  အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာရန် အလားအလာကောင်းများ ပိုင်ဆိုင်ထားပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့လည်း  အာဏာသိမ်းစစ်ကောင်စီရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြစ်တင်ကာ တော်လှန်ရေးအင်အားစုတွေနဲ့အတူ တသားတည်းရပ်တည်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

အာဆီယံအဖွဲ့ကြီးအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီအပေါ် ပြတ်သားစွာ အရေးယူမှုများလုပ်ဆောင်ရန် အရှေ့တီမောသမ္မတ ရာမို့စ်ဟောတာက အကြိမ်ကြိမ်တိုက်တွန်းခဲ့ဖူးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly