KNU တပ်မဟာ(၆)နယ်မြေတွင်  ဇူလိုင်လအတွင်း တိုက်ပွဲ ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၉၅ ဦး သေဆုံး

By YT (မဇ္ဈိမ)
06 August 2023
KNU တပ်မဟာ(၆)နယ်မြေတွင်  ဇူလိုင်လအတွင်း တိုက်ပွဲ ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၉၅ ဦး သေဆုံး
ဓါတ်ပုံ( KNU) ပုံအညွှန်း- စစ်ရေးပြနေသော KNLA ရဲဘော်များ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်တွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်မှ ၉၅ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုမှ ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း KNU တပ်မဟာ(၆)နယ်မြေတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအကြိမ်ရေ ၆၆ ကြိမ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်၊ ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ဖြစ်နေတာပဲ။ အဖြစ်များတဲ့နေရာရယ်လို့ မဟုတ်ဘူး နေရာတိုင်းကိုဖြစ် နေတာ။ ပြီးခဲ့တဲ့လကဆို မြဝတီ လက်ခတ်တောင်က စခန်းသိမ်းတိုက်ပွဲတွေများတယ်” ဟု တပ်မဟာ (၆) မှ ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတဦး၊ တပ်ခွဲမှူးနှစ်ဦးအပါအဝင် ၉၅ ဦး သေဆုံး ခဲ့ပြီး ဗိုလ်မှူးတဦး၊ ဗိုလ်ကြီးငါးဦး၊ တပ်ခွဲမှူးတဦး အပါအဝင် ၈၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တပ်မဟာ (၆) KNLA ၊ KNDO ၊ PDF ပူးပေါင်းစစ်ကြောင်းဘက်တွင်လည်း ရဲဘော်သုံးဦးကျဆုံးခဲ့ပြီး ၂၆ ဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်း KNU က ဆိုသည်။

“ဒူးပလာယာခရိုင်အတွင်းရှိ အပြစ်မဲ့ပြည်သူလူထုမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လက် နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ကျေးရွာများအကြား မြေမြှုပ်မိုင်းများလိုက်လံထောင်းထားခြင်းနှင့် မိုးကြီး ရေလျှံခြင်းကြောင့် စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်နေကြရသည်” ဟု KNU ၏ ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။

ဇူလိုင်လအတွင်း တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်၏ Mi 35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် တပ်မဟာ(၆)နယ်မြေတွင် လေးဦးသေဆုံး၍ ကလေးငယ် နှစ်ဦးအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ထိခိုက်ပျက်စီးမှုများခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးမှုများအပြင် ဘာသာရေး အဆောက်အအုံတခု၊ နေအိမ် ၁၄ လုံး၊ ကားနှစ်စီး၊ ဆိုင်ကယ်တစီးနှင့် နွား ၁၇ ကောင် လက်နက်ကြီး ကျည်ထိမှန် ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

ဇူလိုင်လအတွင်း KNU တပ်မဟာ (၆) နယ်မြေတွင် လမ်းများနှင့် ကျေးရွာများအနီး မြေမြှုပ်မိုင်းထောင် မှုကြောင့် အဆိုပါ မိုင်းများနင်းမိ၍ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်းလည်း သိရသည်။

KNU ၏ နယ်မြေသက်မှတ်ချက်အရ တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တွင် ကရင်ပြည်နယ် မြဝတီ မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘုရားသုံးဆူမြို့၊ ကျုံဒိုးမြို့နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်တို့ ပါဝင်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly