ဂျမူး-ကက်ရှ်မီးယားတွင် ၄ နှစ် ကြာပြီးနောက် အခြေအနေသစ်များ ပုံမှန် ဖြစ်လာ

By The Indian Express
06 August 2023
ဂျမူး-ကက်ရှ်မီးယားတွင် ၄ နှစ် ကြာပြီးနောက် အခြေအနေသစ်များ ပုံမှန် ဖြစ်လာ

‌ဟောလီးဝုဒ် ရုပ်ရှင်များ ကို ပြသသည့် INOX ပြဇာတ်ရုံကို ဂျမူး နှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေ မြို့တော် တွင် ဖွင့်လှစ်ထားပြီး ခရိုင်ရုံး စိုက်ရာ ဒေသရှိ ပြဇာတ်ရုံ အသစ် တစ်ခုတွင် ရုပ်ရှင်များ စတင်ပြသနေပြီ ဟု အဆိုပါ ပြည်နယ် အကြီး အကဲ က ပြောလာလျှင် အံ့အားသင့်ဖွယ် ဖြစ်လိမ့်မည်။

ပြည်ထောင်စုနယ်မြေ မြို့တော်တွင် ညဉ့်နက်သည် ထိ စျေးဆိုင်များ ဖွင့်လှစ်ထားပြီး ညသန်းခေါင်အချိန်အထိ လူစည်ကား နေမည် ဆိုလျှင်၊ မြို့ရွာများတွင် လမ်းဘေး အကြမ်းဖက်မှုများ ကင်းစင်သွားသည် ဆိုလျှင်၊ သာမန်ပြည်သူများ လွတ်လပ်စွာ သွားလာနေထိုင်ကြပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရနေကြသည် ဆိုလျှင် အဆိုပါ ဖြစ်ရပ်များသည် ပုံမှန်အတိုင်း သာ လည်ပတ်နေပြီး ဂျမူး နှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေ၏ ကြီးကျယ်အောင်မြင်မှု ကို ဖော်ပြနေခြင်းဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ ပုဒ်မ ၃၇၀ ကို ဖျက်သိမ်းပြီးနောက် ၄ နှစ် အတွင်း  ဂျမူး နှင့် ကက်ရှ်မီးယား ဒေသ တွင် အိန္ဒိယ အခြားပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေများ အတိုင်း ပုံမှန် လည်ပတ်နေသည် မှာ  အစိုးရအဖွဲ့ ၏ အံ့မခန်းအောင်မြင်မှု တစ်ရပ်ဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေသည် ဂျမူး နှင့် ကက်ရှ်မီးယား ဒေသတွင် ဆယ်စုနှစ် များစွာ တရားဥပဒေမဲ့ ဖြစ်ရပ်များစွာကို ဖန်တီးခဲ့သည်။ ပြည်နယ်၏ ဘဝနေထိုင်မှု တိုင်းတွင် ကြောက်မက်ဖွယ် အရိပ်အယောင်ဖြင့် စစ်ဘေးသင့်သော အနေအထား စရိုက်လက္ခဏာများသာ ရှိနေခဲ့သည်။ ယိုယွင်းနေသော ပြည်နယ် အုပ်ချုပ်ရေး စနစ်အောက်တွင် အကျိုးစီးပွား အမြတ်ထုတ်မှု များအတွက် ကျင်လည် ကျတ်စားရာ ဖြစ်ခဲ့ပြီး ထုံးစံအတိုင်း သာမန်ပြည်သူများသည် အဆိုးဝါးဆုံးသော အခြေအနေကို ခါးစီး ခံစားကြရသည်။ 

ပုဒ်မ ၃၇၀ ကို ဖျက်သိမ်းစဉ်အတွင်း ပြည်နယ်တွင် အဓိကရာထူး တာဝန်ထမ်းဆောင်ခဲ့သည့် အကြီးတန်းအရာရှိ ၁ ဦးသည် ဒုတိယကမ္ဘာစစ်အပြီး ဂျာမနီနှင့် ဂျပန် ပြန်လည်တည်ဆောက်ရေး အစီအစဉ်အတိုင်း ကက်ရှ်မီးယား ၏ အခြေအနေကို ဖန်တီးခဲ့သည်။

မေဂျီဂျပန် သို့မဟုတ် ဟစ်တလာ၏ ဂျာမနီ အတွက် ရှိပြီးသား စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းပုံကို ဖျက်သိမ်း၍ အုပ်ချုပ်ရေးစနစ်သစ် ထူထောင်ခြင်းသည် စစ်ပြီးခေတ် ဂျပန်နှင့် အနောက်ဂျာမနီ ခေါင်းဆောင်များ အတွက်  စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ဂျမူး နှင့် ကက်ရှ်မီးယား တွင်လည်း ဥပဒေ ဖျက်သိမ်းပြီးနောက် အလားတူ ပြုပြင်ပြောင်းလည်းရေး ကြိုးပမ်းမှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီး ယဉ်ကျေး၍ ခေတ်မီလှပ ခမ်းနား သော ပြည်ထောင်စုနယ်မြေ အဖြစ် တည်ဆောက်ခဲ့သည်။

ပုဒ်မ ၃၇၀ ဖျက်သိမ်းခြင်းနှင့် အတူ ဥပဒေများ ကို ပြန်လည် ပြင်ဆင်ရန်နှင့် လုပ်ငန်းစဉ်များကို ပြန်လည် ရေးဆွဲရန် လိုအပ်ပြီး  သမ္မတ  အုပ်ချုပ်မှုကာလ အတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ အရေးကြီးသော ဥပဒေ ဥပဒေ ၃၅၀ ကျော်ကို ပြင်ဆင်နိုင်ခဲ့သည်။ ၎င်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်  နိုင်ငံ၏ အုပ်ချုပ်ရေး စနစ်ကို ရှုပ်ထွေးမှု မရှိဘဲ  ပြီးပြည့်စုံသော ပေါင်းစပ်မှုကို လုပ်ဆောင်ခဲ့သည်။ အရေးအကြီးဆုံး ရလဒ်မှာ ဖျက်သိမ်းထားသော ယခင် အခြေအနေများ ဘယ်တော့မှ ပြန် မဖြစ်နိုင်တော့‌ပေ။ 

အုပ်ချုပ်ရေးဖွဲ့စည်းပုံ အသစ်များသည် ပြည်ထောင်စု နယ်မြေသို့ တရားဥပဒေစိုးမိုးရေးကို  ပြန်လည် ဆောင်ကျဉ်း ပေးသည်။ ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူး  မန်နော့ဂျ် ဆင်ဟာ က ငြိမ်းချမ်းရေးသည် “ဝယ်ယူနိုင်သော” အရာ မဟုတ်ဘဲ ဥပဒေဖြင့် ခိုင်ခိုင်မာမာ တည်ဆောက် ထားရမည် ဖြစ်ကြောင်း ထောက်ပြသည်။

ကက်ရှ်မီးယားတောင်ကြားရှိ လူနည်းစုများ ဖြစ်သော ရှီအာများ၊ ဆူဖီများနှင့် ကက်ရှ်မီးယား ဟိန္ဒူများ သည် ယနေ့ခေတ်တွင် လွတ်လပ်မှုကို အတူတကွ ခံစားနေကြရသည်။ တောင်ကြားရှိ လူဦးရေ၏ ၂၀ မှ ၂၅ ရာခိုင်နှုန်း ရှိသော ရှီအာများ၏ မူဟာရန် ဘာသာရေးပွဲများကိုပင် ၁၉၈၈ ခုနှစ်နောက်ပိုင်း ကတည်းက ဆရီနာဂါး မြို့၌ မကျင်းပနိုင်ခဲ့ပေ။ ၃၄ နှစ်ကျော်ကြာပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်တွင် ကာဘာလာ အာဇာနည်များ နှင့် ဟာဇာရက် အီမန် ဟူစိန် ၏ စွန့်လွှတ်အနစ်နာခံမှုများကို အောက်မေ့ တသစွာဖြင့် ဝမ်းနည်းပူဆွေးနေကြသော ရှီအာ ၂၅၀၀၀ နီးပါးသည် ဆရီနာဂါး ရှိ လမ်းများပေါ် တွင် ချီတက် ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြသည်။ 

တိဝေါလ် သည် မြောက်ပိုင်း ကက်ရှ်မီးယား ၏ ကုပ်ဝါရာ ခရိုင် နယ်စပ်ထိန်းချုပ်မျဉ်း အနီးရှိ ရွာငယ်လေး တစ်ရွာဖြစ်သည်။ ကက်ရှ်မီးယား ရှိ တိဝေါလ် မှ နယ်စပ်ထိန်းချုပ်မျဉ်း တစ်ဖက်တွင် ဟိန္ဒူဘာသာဝင်များ အတွက် အမြင့်မြတ်ဆုံးနေရာဖြစ်သည့် ရှဒါး မာတာ ရှက်တီ ပိခ် ဘုရားကျောင်း ရှိသည်။ တိဝေါလ် ရှိ အဆိုပါ ရှဒါး မာတာ ဘုရားကျောင်းကို ပြန်လည်မွမ်းမံပြီး ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးက မကြာသေးမီက ဖွင့်လှစ်ခဲ့သည်။ ကက်ရှ်မီးယား ရှိ ရှဒါး နတ်ကွန်းအတွက် ကာတားပူး စင်္ကြန် အစီအစဉ် လိုအပ်ချက်များကို အုပ်ချုပ်ရေးအဖွဲ့က ထည့်သွင်းစဉ်းစားထားသည်။

အဆိုပါ တောင်ကြား ဒေသ သည် တစ်ချိန်က ရှိုင်းဗစ်ဇန် နှင့် စူဖီ ဘုရားကျောင်းများ ကြောင့် နာမည်ကြီးခဲ့သည်။ ဆရီနာဂါး ရှိ ဂျူလန် မြစ်ကမ်းနားတွင် ၁၈၃၅ ခုနှစ် ၌ မဟာရာဂျာ ဂူလက် ဆန်းန်း တည်ဆောက်ခဲ့သော ရှရီ ရာခ် ဟူးနာသ် ကဲ့သို့သော ဘုရား‌ကျောင်း ဒါဇင်ပေါင်းများစွာနှင့် ၂၀၁၄ ခုနှစ်တွင် ရေလွှမ်းမိုးမှုကြောင့် ပျက်စီးခဲ့သော နှစ်ပေါင်း ၇၀၀ သက်တမ်းရှိ ဆရီနာဂါး မှ မန်ဂလီရှဝါ ဗဟီရဗ် ဘုရားကျောင်းကို ပြန်လည် ပြုပြင်လျက်ရှိသည်။ ဘုရားကျောင်း ၁၂၃ ကျောင်း နှင့် ဆူဖီ ဘုရား ကျောင်းများ ပြန်လည် ထူထောင်ရေး အတွက် ဘတ်ဂျက် အမြောက်အမြား ခွဲဝေ သုံးစွဲလျက် ရှိသည်။

ယင်းသို့ လုပ်ဆောင်ခြင်းများသည် ပြည်တွင်းပြည်ပ ခရီးသွားများ တိုးလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဂျမူး နှင့် ကက်ရှ်မီးယား တွင် ယမန်နှစ်က ကမ္ဘာလှည့်ခရီးသည် ၈ သန်းကျော် ဝင်ရောက် လည်ပတ်သည်ကို မြင်တွေ့ရ ပြီး ယခုနှစ် အတွက် သန်း ၂၀ ကျော် လာရောက်မည် ဟု ခန့်မှန်းထားသည်။ ပန်ဂျပ် နှင့် ရာဂျ်စ်သန် ကဲ့သို့သော အိမ်နီးချင်းပြည်နယ်များသည် နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သန်း ၅၀ မှ ၆၀ ခန့်ကို ဆွဲဆောင်လျက်ရှိသည်။

ယခုနှစ် မေ တွင် ကျင်းပခဲ့သည့် G-20 ခရီးသွားလုပ်ငန်း ၏ လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် နိုင်ငံ တကာ ကိုယ်စားလှယ် ၅၀ ကျော် တက်ရောက် ခဲ့ပြီး ဆရီနာဂါး မြို့ တွင် ပြုလုပ်သော ပထမဆုံး နိုင်ငံတကာ ပွဲ ဖြစ်သည်။ ရက်သတ္တပတ် အနည်းငယ်အကြာတွင်  အိန္ဒိယတရားရုံးချုပ် နှင့် အထက်တရားရုံးများ မှ  တရားသူကြီး ၂၀၀ ကျော်သည် ဆရီနာဂါး မြို့ တွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။

ထို့ပြင် ပြည်ပ ရင်းနှီးမြုပ်နှံမှုများလည်း ဆက်တိုက် တိုးလာနေသည်။ ရူပီး ၂၅၀၀၀ ကုဋေတန်ဖိုးရှိ စီမံကိန်း များ သည် အကောင်အထည်ဖော်မှု အဆင့်အမျိုးမျိုးတွင် ရှိနေပြီး သဘောတူညီမှု ကတိကဝတ်များလည်း ရူပီး ၈၀၀၀၀ ကုဋေထက် ကျော်လွန်နေချိန် ဖြစ်သည်။ ယခုနှစ်ကုန်တွင် အနည်းဆုံး ရင်းနှီးမြှုပ်နှံမှု  ပမာဏ ရူပီး ၇၅၀၀၀ ဝင်လာမည်ဟု ပြည်နယ်အစိုးရအဖွဲ့က ယုံကြည်ထားသည်။

ပြည်ထောင်စု နယ်မြေ အတွင်း  အလုပ်လက်မဲ့နှုန်း မြင့်မားမှုအပေါ် ဝေဖန်မှုအချို့ရှိ သော်လည်း လက်တွေ့တွင် ဂျမူး နှင့် ကက်ရှ်မီးယား သည် အခြား ပြည်နယ်များစွာနှင့် နှိုင်းယှဉ်ပါက အစိုးရအလုပ်အကိုင် ပိုများသည်။ လူဦးရေ ၁၃ ဒသမ ၅ သန်းကျော်ရှိသော ပြည်ထောင်စုနယ်မြေ တွင် အစိုးရ၀န်ထမ်း ၅ သိန်းကျော်ရှိပြီး လူဦးရေ ၂ ဆ ပိုများသော ဟာရားနား တွင် အစိုးရဝန်ထမ်းဦးရေ  တစ်ဝက် ထက် နည်းသည်။ သို့သော် ပြည်ထောင်စု နယ်မြေ အစိုးရ အနေဖြင့်  ပြီးခဲ့သော ၄ နှစ်အတွင်း နောက်ထပ်အလုပ်အကိုင်သစ် ၃၀၀၀၀ အတွက် ဝန်ထမ်းခေါ်ယူ ခန့်ထားမှုများ လုပ်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သော နှစ်စဉ် “မွေးရပ်မြေသို့ ပြန်လည် ခိုလှုံခြင်း” အစီအစဉ်သည် အခြေခံ လူတန်းစားများအတွက် အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် လမ်းဖွင့်ပေးထားသည်။ ယခုနှစ်တွင် ယင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လူငယ်နှင့် အမျိုးသမီး ကိုယ်ထူကိုယ်ထ ကူညီရေးအဖွဲ့ ၅၀၀၀၀ ခန့်အား ချေးငွေများ ထုတ်ပေးခဲ့သည်။

သီးခြားဖွဲ့စည်းပုံ အခြေခံဥပဒေမှ အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေအောက်သို့ ရောက်ရှိလာခြင်း၊ ပြည်နယ်အခြေအနေမှ ပြည်ထောင်စု နယ်မြေအဖြစ် သို့ ပြောင်းလဲလာခြင်း နှင့် ကျယ်ပြန့်သော ပေါင်းစပ်ပြည်နယ် အဆင့်မှ ပြည်ထောင်စု နယ်မြေ အဖြစ်သို့ သို့ အသွင်ပြောင်းခြင်းသည် လွန်ခဲ့သော ၄ နှစ် တာ ကာလအတွင်း လူများအတွက် အကျိုးရှိခဲ့သည်။ ကိုဗစ် ကူးစက်ရောဂါသည် အစိုးရသစ်အတွက် ပထမဆုံးစမ်းသပ်မှုဖြစ်ခဲ့သည်။ ၎င်း၏ ကိုဗစ် ကူးစက်ရောဂါ စီမံခန့်ခွဲမှု တွင် ပြဿနာ များသော မွန်ဘိုင်း ကို ဂျမူး နှင့် ကက်ရှ်မီးယား ထံမှ သင်ယူရန် မဟာရာရှထရာ မှ အကြံပေး ၍ ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်သည် ပြည်ထောင်စု နယ်မြေ အုပ်ချုပ်ရေး ၏ အမှတ်အသား ဖြစ်လာခဲ့သည်။ အုပ်ချုပ်ရေးကို ဒစ်ဂျစ်တယ် နည်းစနစ် နှင့် လိုက်လျောညီထွေဖြစ်စေရန် ပြောင်းလဲထားသည်။ ပြည်သူ့ဝန်ထမ်းရွေးချယ်ရေး  ဆိုင်ရာ KAS စာမေးပွဲ ရလာဒ်များကို လည်း ဖြေဆိုပြီး ၃ နာရီအတွင်း ပွင့်ပွင့်လင်းလင်း အဟန့်အတားမရှိ ထုတ်ပြန်ကြေညာပေးသည်။

ဂျမူး နှင့် ကက်ရှ်မီးယား သည် ထိတ်လန့်မှု၊ အကျင့်ပျက်ခြစားမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဖောက်ပြန်မှုတို့မှ ကင်းစင်လာခဲ့သည်။ အစိုးရ ဖွဲ့စည်းအုပ်ချုပ်ပုံ (အဇာဒီ ခါ အမရတ် မဟော့တ်ဆပ်) အဆင့်တွင် ဂျမူး နှင့် ကက်ရှ်မီးယား ပြည်ထောင်စု နယ်မြေ အုပ်ချုပ်ရေး သည် ပထမနေရာမှ ရပ်တည်ကာ ဂူဂျာရတ်ကို ဒုတိယနေရာသို့ တွန်းပို့ခြင်းသည် ပုဒ်မ ၃၇၀ကို ဖျက်သိမ်းပြီး နောက်ပိုင်း ၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို သက်သေပြခြင်းဖြစ်ပြီး  နိုင်ငံတွင်းရှိ အခြား ပြည်နယ်များနှင့် လည်း ပြီးပြည့်စုံစွာ ပေါင်းစည်း လုပ်ဆောင်မှုကို ဖော်ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required