သေဒဏ်ချမှတ်ခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို ထောင်ဒဏ်တစ်သက်ပြောင်းဟုဆို

By မိုးသောက် (မဇ္ဈိမ)
06 August 2023
သေဒဏ်ချမှတ်ခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို ထောင်ဒဏ်တစ်သက်ပြောင်းဟုဆို

သေဒဏ်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးကို သေဒဏ်ကနေ ထောင်ဒဏ်တစ်သက်ကို ပြောင်းရွှေ့လိုက်တယ်လို့ ၎င်းတို့နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

သေဒဏ်ချမှတ်ခြင်းခံထားရတဲ့  ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင်တို့ကို  သေဒဏ်ကနေ ထောင်တစ်သက်ကို ပြောင်းလိုက် တာဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်တဲ့အထဲမှာ ပါဝင်တဲ့သူတွေ ဖြစ်ပါတယ်။

စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့မှာ သေဒဏ်ချမှတ်ခံထားရသူတွေထဲက   လျှော့ပေါ့သင့်တဲ့သူတွေကို ထောင်ဒဏ် တစ်သက်ကို ပြောင်းလဲကျခံစေဖို့ ထုတ်ပြန်လာပေမယ့် လူဦးရေဘယ်လောက်ကို အခုလိုပြောင်းလဲပေးမယ်ဆိုတာကိုတော့ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ဒီမိုကရေစီအရေး လှုပ်ရှားသူဦးရေ ၇,၀၀၀ကျော်ကို ဖမ်းဆီးထားပြီး အဲဒီထဲမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၅၈ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required