ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ်(၆)ရပ်ကွက် နယ်မြေ(၁)ရှိ Lashio Sunny Hotel တွင် ယနေ့ သြဂုတ်လ ၆ ရက် နံနက် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့ နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
“မြေအောက်ထပ် ဆိုင်ကယ်ရပ်နားတဲ့နေရာမှာ ဗုံးပေါက်တယ်၊ Control Boom(ချိန်ကိုက်ဗုံး)လို့ပြောတာ ပဲ။ လုံခြုံရေး၀န်ထမ်းတယောက် ဗုံးစနည်းနည်းထိတယ်” ဟု ဒေသခံတဦးက ပြောသည်။
ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ဟိုတယ်၏ လုံခြုံရေး၀န်ထမ်း မစိုးရိမ်ရဒဏ်ရာရရှိကာ ဆိုင်ကယ်ရှစ်စီးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်စတန်းမှာရပ်ထားတဲ့ ဆိုင်ကယ်တစီးကနေ ထပေါက်တာ။ အဝေးထိန်းခလုပ်တပ်ထားတဲ့ဗုံးနဲ့ ဖောက်ခွဲတာ” ဟု ဟိုတယ်နှင့်နီးစပ်သူတဦးကပြောသည်။
အဆိုပါပေါက်ကွဲမှုအား မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်လာခြင်း မရှိသေး ပေ။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း မြို့မစျေး အတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆိုင်၀န်ထမ်း ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ