ဈေးကွက်အတွင်း ကလေးအားဆေး၊ နို့မှုန့်၊ အားဖြည့်အာဟာရမှုန့်နှင့် ကလေးအသုံးဆောင်များပြတ်လပ် နေ

ဈေးကွက်အတွင်း ကလေးအားဆေး၊ နို့မှုန့်၊ အားဖြည့်အာဟာရမှုန့်နှင့် ကလေးအသုံးဆောင်များပြတ်လပ် နေ

ယခုရက်ပိုင်းအတွင်း လူသုံးကုန်ပစ္စည်းများရောင်းချပေးနေသည့် City Mark ၊ City Mall ၊ Super Market များနှင့် ဆေးဆိုင်များတွင် ကလေးအားဆေးများ၊ နို့မှုန့်များ၊ အားဖြည့်အာဟာရမှုန့်များနှင့် ကလေးငယ်အသုံးဆောင်များ ပစ္စည်းပြတ်လပ်နေကြောင်း သိရသည်။

ယခုကဲ့သို့ ပစ္စည်းများပြတ်တောက်နေခြင်းမှာ ရက်သတ္တသုံးပတ်ခန့်ရှိနေပြီဖြစ်ပြီး တင်သွင်းရောင်းချနေ သည့်ကုမ္ပဏီများထံဆက်သွယ်သော်လည်း လာရောက်ပို့ဆောင်ခြင်းမရှိကြောင်း အရောင်းဆိုင်များက ပြောသည်။

“သုံးပတ်လောက်ရှိပြီ ပစ္စည်းတွေပြတ်နေတာ။ ကလေး အသက်နှစ်နှစ်အရွယ်ကနေ စသောက်လို့ရတဲ့ ပရီရှုးဝါး(PediaSure)တခါသောက်ဘူးတွေဆိုရင် လုံးဝဈေးကွက်ထဲမှာမရှိဘူး၊ မိုင်လိုဘူးသေးတွေလည်း မရှိဘူး။ နို့မှုန့်ဆိုရင် ဒူးမတ်စ်နို့မှုန့်က ပစ္စည်းကိုမရှိတော့တာ။ ကုမ္ပဏီကိုဖုန်းဆက်ရင် မနက်ဖြန်ကားပေါ် တင်ပေးလိုက်မယ်။ တပတ်အတွင်းလာပို့ပါမယ်ပြောနေတာ အခုဆိုရင် သုံးပတ်နီးပါးရှိပြီ” ဟု ကလေး အသုံးဆောင်များရောင်းချနေသည့် အမျိုးသမီးတဦးကပြောသည်။

ယခုကဲ့သို့ ဈေးကွက်တွင် ပစ္စည်းများပြတ်တောက်နေရခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီများထံ စုံစမ်းမေးမြန်းခဲ့ရာ ကုန်ကြမ်းပစ္စည်းနှင့် သယ်ယူပို့ဆောင်စရိတ်များမြင့်မားမှုကြောင့် စျေးနှုန်းအပြောင်း အလဲဖြစ်သွားရခြင်းဖြစ်ကြောင်း စာဖြင့်အကြောင်းပြန်ကြားသည်။

“ဒီလို ဈေးကွက်ထဲမှာပစ္စည်းပြတ်တာက အကြောင်းအရာတွေ အများကြီးရှိတယ်။ သွင်းလို့မရတဲ့ အခက် အခဲ အရင်ကလို မလွယ်တော့ဘူး။ နို့မှုန့်တွေ၊ ကလေးအားဆေးတွေ၊ ဆေးတွေဆိုရင် တခါသွင်းရင်တခါ သွင်းကုန်လိုင်စင်လုပ်ရတယ်။ နောက်တချက်က ငွေကျပ် ၂၀,၀၀၀ တန်ထွက်လိုက်တဲ့အခါမှာ ဈေးကွက် မငြိမ်တော့ဘူး။ ဒေါ်လာဈေးတွေကလည်းတက်သွားတယ်။ ဒီတော့ ကုန်သည်က ဈေးတက်ပြီးဆက် ရောင်းရမလား၊ ငွေဈေးငြိမ်အောင်စောင့်ပြီး ဂိုထောင်ထဲမှာပစ္စည်းတွေ သိမ်းထားပြီး နည်းနည်းချင်း ထုတ် ရောင်းနေတာလား ဒါလည်းဖြစ်နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ကလည်း လက်ထဲရှိတာတွေ ဈေးကွက်ထဲထည့်လိုက်ရင် သူတို့ပြန်ဝယ်တဲ့အခါ မကိုက်တော့ဘူး ရှုံးပြီလေ”ဟု သွင်းကုန်ထုတ်ကုန်လုပ် ငန်းနှင့်နီးစပ်သူတဦးကဆိုသည်။

ပြီးခဲ့သော ဇူလိုင်လ ၂၃ ရက်နေ့က ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူသစ်များထုတ်ဝေမည်ဖြစ်ကြောင်း စစ် ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကြေညာပြီးနောက်တွင် ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်သွားခဲ့သလို ပြည်ပမှတင်သွင်းနေသော လူသုံးကုန်ပစ္စည်းများမှာ ဈေးတက်သွားသည့်အပြင် ကုန်ပစ္စည်းပြတ်တောက်မှုများပါ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ကုန်ဈေးနှုန်းများ ဈေးအဆမတန်ကြီးမြင့်ခြင်းကိုထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီက ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ဇူလိုင်လ ၂၇ ရက်နေ့ကဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးကို ခန့်အပ်တာဝန်ပေးထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly