အိန္ဒိယ၊ မဏိပူရ်ပြည်နယ်တွင် အကြမ်းဖက်မှုတို့ ထပ်မံပေါ်ပေါက်ပြီး လူ ၃ ဦးသေဆုံး၊ လူနေအိမ်များ မီးရှို့ခံရ

By ရိုက်တာ
06 August 2023
အိန္ဒိယ၊ မဏိပူရ်ပြည်နယ်တွင် အကြမ်းဖက်မှုတို့ ထပ်မံပေါ်ပေါက်ပြီး လူ ၃ ဦးသေဆုံး၊ လူနေအိမ်များ မီးရှို့ခံရ
Photo-AFP

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် လူမျိုးစုရေး အကြမ်းဖက်မှုတို့ ထပ်မံပေါ်ပေါက်ခဲ့ပြီး လူသုံးဦး သေဆုံးကာ နေအိမ်များ မီးရှို့ခံခဲ့ရကြောင်း ရဲဌာန တာဝန်ရှိသူများက ဩဂုတ် ၄ ရက် ညပိုင်းက ပြောသည်။

အစွန်အဖျားကျသော အရှေ့မြောက်ပြည်နယ်တွင် အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုများက ပြတ်တောင်းပြတ်တောင်း ဆိုသလို ဆက်လက် ပေါ်ပေါက်နေသည်။

ဩဂုတ် ၃ ရက် ညပိုင်းက အကြမ်းဖက်မှုတို့ကြောင့် သေဆုံးရသူ သုံးဦးသည် ပြည်နယ်၏ ဘစ်ရှ်နူပူရ်ခရိုင်ရှိ မေထေး(ကသည်း) လူများစု၏ လူမျိုးစုဝင်များဖြစ်ကြကြောင်း ရဲဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ ကူးကီး မျိုးနွယ်စုအတွက် သီးသန့်ဖယ်ပေးထားသော ပညာရေးနှင့် အစိုးရအလုပ်အကိုင်များဆိုင်ရာ ခွဲတမ်းများနှင့် အထူး စီးပွားရေးအခွင့်အရေးများကို လူများစု ကသည်းလူမျိုးစုကို ပေးအပ်ရန် စဉ်းစားရေး တရားရုံးတစ်ခုက ပြည်နယ်အစိုးရကို ညွှန်ကြားပြီးနောက် မေလ ၃ ရက်တွင် မဏိပူရ်ပြည်နယ်တွင် လများကြာ ပဋိပက္ခ အကြမ်းဖက်မှုတို့ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခု ထပ်မံပေါ်ပေါက်သည့် သေဆုံးမှုများနှင့်ပတ်သက်ပြီး လောလောဆယ် မှတ်ချက်ပေးစရာ မရှိဟု ကူကီး အရပ်ဖက်လူမှုအစုအဖွဲ့တစ်ခုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေပြီး လူ ၃ ဒသမ ၂ သန်း နေထိုင်သည့် မဏိပူရ်ပြည်နယ်တွင် အကြမ်းဖက်မှုတို့ စတင်ပေါ်ပေါက်ပြီးနောက် လူ ၁၈၀ ကျော် သေဆုံးပြီး လူထောင်ချီ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly