လက်သုံးချောင်းထောင်ပြီး အရဟံ တရား ကျောက်မဲဆရာတော် မိန့်ကြား

By KMN (မဇ္ဈိမ)
06 August 2023
လက်သုံးချောင်းထောင်ပြီး အရဟံ တရား ကျောက်မဲဆရာတော် မိန့်ကြား

နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရ၏ လက်သုံးချောင်းထောင်ကာ အရဟံ တရား၏ အဓိပ္ပါယ်များအား မိန့်ကြားခဲ့သည့် ဗီဒီယိုဖိုင်မှာ လူမူကွန်ရက်သုံးစွဲသူများကြားတွင် ပြန်လည်မျှဝေနေကြသည်ကိုတွေ့ရသည်။

ထိုတရားတော်ကို သြဂုတ်လ ၁ ရက်တွင်  ပြုလုပ်ခဲ့သည့် စစ်ကောင်စီခေါင်းဆောင်၏ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်
အနေကဇာတင်ပွဲ မတိုင်မီ ဇူလိုင်လ ၃၀ ရက်က ဟောကြားခဲ့ခြင်းဖြစ်သည်။ 

ဇူလိုင်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊ အရဟံဖောင်ဒေးရှင်း၏  ကျောင်းထိုင်ဆရာတော်များ ၊ ဓမ္မာစရိယဘွဲ့ရဆရာတော်များဆိုင်ရာ ဘက်စုံသာသနာပြုဒီပလိုမာသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့်  ဓမ္မစာပေသင်တန်း သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတွင် ထိုအရဟံတရားတော်ကို ဆရာတော်က မိန့်ကြားခဲ့ခြင်းဖြစ်သည်။ 

 အရံဟံစကားလုံးများ၏ အဓိပ္ပါယ်များအတိုင်း မြတ်စွာဘုရားသည် မကောင်းမှုလုပ်သည့်  ဆိတ်ကွယ်ရာအရပ်မရှိကြောင်း၊ မကောင်းသည့် ကိလေသာ တရားများမရှိကြောင်း၊
ပူဇော်အထူးကို ခံယူတော်မှုထိုက်သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း စသည်ဖြင့် ကျောက်မဲဆရာတော်က လက်သုံးချောင်းထောင်ပြီး ဟောကြားတော်မှုသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲတွင်လည်း ကျောက်မဲဆရာတော်က   စစ်ကောင်စီခေါင်းဆောင်နှင့် အခမ်းအနားတက်ရောက်လာသည့် စစ်ကောင်စီအရာရှိများအား ဗုဒ္ဓတရားတော်၏ လိုက်နာစရာ အချက် သုံးချက်ဟုဆိုကာ  မကောင်းသော အလုပ်ကို မလုပ်ရန်၊ ကောင်းသော အလုပ်ကိုလုပ်ရန်၊ စိတ်ကို ဖြူစင်အောင်ထားပြီး  စိတ်ကောင်းရှိရန် မိန့်ကြားခဲ့သည်။

ထိုမိန့်ကြားချက်တွင်လည်း လက်သုံးချောင်းထောင်ကာ အချက်သုံးချက်ဖြင့် မိန့်ကြားခဲ့ခြင်းဖြစ်ပြီး လူမူကွန်ရက်တွင် ယနေ့တိုင် ပျံနှံနေသည်။

ကျောက်မဲဆရာတော်၏ မကောင်းမှု မလုပ်ရန် ဟောပြောချက်တရား အပြီး  နောက်တရက် ဩဂုတ်လ ၂ ရက်နေ့တွင်  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးဦးကိုကိုအပါအဝင် ထိပ်ပိုင်းအရာရှိ ရှစ်ဦးကို တာဝန်မှထုတ်ပယ်လိုက်ကြောင်း  စစ်ကောင်စီက ကြေညာခဲ့သည်။

အလားတူ သြဂုတ် ၅ ရက်နေ့ တွင် ထုတ်ခဲ့သည့် စစ်ကောင်စီ သတင်းစာများတွင်  နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲ အတွက် ကျေးဇူးတင်လွှာကို ဖော်ပြခဲ့ပြီး
လက်သုံးချောင်းထောင် ကာတရားဟောမိန့်ကြားခဲ့သည့် ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရ ၏ အမည်ကို စစ်ကောင်စီက ချန်ရစ်ထားသည်ကိုတွေ့ရသည်။ 

ကျေးဇူးတင်လွှာတွင်  နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရ အမည်ကို ဖော်ပြခြင်းမရှိဘဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် သြဝါဒစရိယ ဆရာတော်ကြီးများဟု သာဖော်ပြထားသည်ကို တွေ့ရသည်။

ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ရုရှားနိုင်ငံ ၊ မော်စကိုမြို့ ကာလူဂါပြည်နယ်တွင် တည်ထားသည့် ရွှေစည်းခုံစေတီ(ပုံတူ)အား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူခြင်းအခမ်းအနားတွင် စစ်ကောင်စီခေါင်းဆောင်နှင့်အတူ ပါဝင်တက်ရောက်ခဲ့ဖူးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကျောက်မဲဆရာတော် 
#လက်သုံးချောင်းထောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly