ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ပြင်ပပညာရှင်အများစု အမည်စာရင်းတင်သွင်းခံရ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ပြင်ပပညာရှင်အများစု အမည်စာရင်းတင်သွင်းခံရ

ယနေ့ ဧပြီ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး နဝမမြောက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၇ ခုနှင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးများ၏ အမည်စာရင်းကို အဆိုပြု တင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုတင်သွင်းခံရသော ဝန်ကြီးများ၏ အမည်စာရင်းအရ ပြင်ပမှ ပညာရှင်မှာ ၅ ဦးထိ ရှိနေပြီး ကျန် ၂ ဦးမှာ ရခိုင်အမျိုးသားပါတီမှ ၁ ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွ့ဲချူပ်မှ ၁ ဦးတို့ဖြစ်သည်။

အမည်စာရင်း တင်သွင်းခံရသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအဖြစ် ရခိုင်အမျိုးသားပါတီမှ ရမ်းဗြဲမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကို စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့် သတ္ထုတွင်းကြီး အဖြစ်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှ တောင်ကုတ်မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင် ကို စည်ပင်သာယာရေးဝန်ကြီးအဖြစ် လည်းကောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြင်ပပညာရှင်များအဖြစ် ဒေါက်တာချမ်းသာအား လူမှုရေးဝန်ကြီး အဖြစ်လည်းကောင်း၊ ဦးကျော်အေးသိန်း (ယခင် ပြည်နယ်စီမံကိန်း ဦးစီးဌာန ၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူး) အား ဘဏ္ဍာရေး၊ အခွန်၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး အဖြစ်လည်းကောင်း၊ ဦးအောင်ကျော်ဇံ (ယခင် ဆည်မြောင်းဦးစီးဌာန ၊ဦးစီးအရာရှိ (ငြိမ်း)) အား လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ပြည်နယ်ဥပဒေအချုပ်အဖြစ် ဦးကျော်လှထွန်း (ယခင် ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ရှေ့နေချုပ်ရုံး၊နေပြည်တော်) အားလည်းကောင်း၊ ပြည်နယ်စာရင်းစစ်ချုပ် အဖြစ် ဒေါ်ယဉ်လှ (ယခင် ညွှန်ကြားရေးမှူး(ငြိမ်း) တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ မကွေးတိုင်း) အားလည်းကောင်း အသီးသီး အဆို တင်သွင်းခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဧပြီ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူကြီး ထိန်းလင်းအား လည်းကောင်း၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှ  ဦးပုန်းဘွယ်အား လည်းကောင်း အတည်ပြုခန့်အပ်ပြီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အမည်စာရင်း တင်သွင်းခဲ့ခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက  “ကျွန်တော်အမြင်ကတော့ အစိုးရအဖွဲ့မှာ ဝန်ကြီးဌာနတွေကို လျှော့ချလိုက်တဲ့အတွက်ကြောင့် ဝန်ကြီးတစ်ယောက်ဟာ ဌာနပေါင်းများစွာကို ကိုင်တွယ်ရတာမျိုး ဖြစ်နေပါတယ်။ ဒါ့ကြောင့် အဲဒီဝန်ကြီးတွေဟာ ကောင်းကောင်းမွန်မွန် လုပ်ကိုင်နိုင်မယ့် အခြေအနေမရှိဘူး။ တော်တော်လေးကို ကြိုးစားပမ်းစား လုပ်ယူရလိမ့်မယ်လို့တော့ မြင်ပါတယ်။ ဝန်ကြီးတွေအနေနဲ့ ကိုင်တွယ်မှုအပိုင်းမှာ ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာကိုတော့ ပြောဖို့စောပါသေးတယ်။ ကြိုးစားပမ်းစား လုပ်နိုင်မှ အဆင်ပြေမယ်လို့တော့မြင်ပါတယ်။” ဟု မဇ္ဈိမကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly