မြိုင်မြို့နယ်တွင် ပျူစောထီးရွာကို ဒေသကာကွယ်ရေးတပ်က ၅ ရက်ကြာ ပိတ်ဆို့  

By ပါခွီး (မဇ္ဈိမ)
06 August 2023
မြိုင်မြို့နယ်တွင် ပျူစောထီးရွာကို ဒေသကာကွယ်ရေးတပ်က ၅ ရက်ကြာ ပိတ်ဆို့  

 မကွေးတိုင်း၊  မြိုင်မြို့နယ်အတွင်း ပျူစောထီးများနေထိုင်သည့် သရက်ကွရွာကို ကာကွယ်ရေးတပ်များက ဝိုင်းဝန်းပိတ်ဆို့ထားပြီးသည်မှာ ငါးရက်ကြာမြင့်ပြီဖြစ်ပြီး လက်နက်ချအညံခံ အလင်းဝင်ရန် သတိပေးထားကြောင်း  ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) ထံက သိရသည်။

ထိုရွာကို လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် သြဂုတ်လ ၂ ရက်မှ ၄ ရက်အထိ ပစ်ခတ်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ ရွာကို ပိတ်ဆို့ထားဆဲဖြစ်ကြောင်း ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မီးပွား က မဇ္စျိမ ကိုပြောသည်။

“ကျွန်တော်တို့ ဝိုင်းထားပါတယ် ။  သူတို့ကို နောက်ဆုံးအခွင့်အရေးပေးထားတာပါ ။  အလင်းမဝင်ဘူးဆိုရင်တော့ စခန်းသိမ်းတိုက်သွားမှာပါ” ဟု ၎င်းက မဇ္စျိမ ကိုပြောသည်။

စစ်ကောင်စီတပ်က ထိုရွာတွင် စခန်းချလေ့ရှိပြီး   စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ထားသည့် ပျူစောထီး ၂၅ ဦးခန့်ရှိကြောင်း သိရသည်။ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) တပ်ခွဲ(၁) ဝံပုလွေပြောက်ကျား တပ်ဖွဲ့ ဦးဆောင်သည့် ဒေသတွင်း ကာကွယ်ရေးအဖွဲ့  ၃၀ ကျော်က ထိုရွာကို ၁၀၀ မမ ၊ ၈၀ မမ ၊ ၆၀ မမ များဖြင့် အချက်ပေါင်း ၅၀၀ခန့် ပစ်ခတ်ခဲ့ကာ မောင်းသူမဲ့ လေယာဉ်များဖြင့် အီနာဂါဗုံးသီး ၁၀လုံး ကြဲချခဲ့ကြောင်းဆိုသည်။

လက်ရှိတွင် ရွာအတွင်းရှိ  ပျူစောထီးများသည် ကတုတ်ကျင်းအတွင်း ဝင်ရောက်နေကြပြီး လက်နက်ကြီးပစ်ခတ်မှုနားချိန်တွင် ခေတ္တထွက်လာသည့် ၎င်းတို့ကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့က လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဗိုလ်မီးပွားကပြောသည်။ 

ရွာအတွင်း ရိက္ခာများစွာမကျန်တော့သည်ကို သိရှိထားပြီး ၂၄ နာရီ ပိတ်ဆို့စောင့်ဆိုင်းနေကာ အလင်းမဝင်ပါက  စခန်းသိမ်းတိုက်ပွဲဆင်နွှဲမည်ဖြစ်ပြီး ထိုအချိန်မှ လက်နက်ချ အညံ့ခံမည်ကို မလိုလားကြောင်း ၎င်းကဆိုသည်။ ရွာတွင် ဒေသခံအချို့၊  ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစုဝင်များ နေထိုင်ကြတော့ကြောင်း သိရသည်။

 မြိုင်မြို့ပေါ်နှင့် စက်မှု (၂) ရုံးတွင် စခန်းချနေသော စစ်ကောင်စီတပ်သားများက အနီးဆုံးစစ်ကူလာနိုင်သော်လည်း ယခုတိုင် လာရောက်ခဲ့ခြင်း မရှိသေးကြောင်းသိရသည်။ 
မြိုင်မြို့နယ်ရှိ ပျူစောထီးရွာ  ငါးရွာမှာ တွင်းမ ၊ သရက်ကန် ၊ ဝက်ပုတ် ၊ သရက်ကွ နှင့် ကန်နီရွာတို့ ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
# ပျူစောထီးရွာ
# သရက်ကွရွာ
5m

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly