ကမ္ဘာ့ဘဏ်နှင့် အီတလီအစိုးရ တို့ပူးတွဲ၍ မြန်မာကျေး လက်ဒေသ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ပေးမည်

ကမ္ဘာ့ဘဏ်နှင့် အီတလီအစိုးရ တို့ပူးတွဲ၍ မြန်မာကျေး လက်ဒေသ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ပေးမည်

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ထပ်မံပေးအပ်သွားမည်ဖြစ်သည်။

ယင်းငွေများကို ဆေးပေးခန်းများ၊ စာသင်ကျောင်းများ၊ လမ်းတံတားများ တည်ဆောက်ရန်နှင့် သောက်သုံးရေရရှိရေး နည်းစနစ်များ ပြုပြင်ရာတွင် အသုံးပြုသွားရမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လ ၃၀ ၌ ထုတ်ပြန်သည်။

ဝင်ငွေနည်းနိုင်ငံများအတွက် ရည်ရွယ်သော ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာဖွံ့ဖြိုးရေးအသင်းရန်ပုံငွေနှင့် အီတလီအစိုးရမှ ပူးတွဲပံ့ပိုးပေးသည့် ငွေများဖြင့် ၆၂ မြို့နယ်မှ လူ ခန့်မှန်းချေ ၇ သန်းခန့်အတွက် မရှိမဖြစ် အခြေခံအဆောက်အဦများနှင့် အခြေခံဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဟု ဆိုသည်။

လူထုအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေး မဟာဗျူဟာအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

၂၀၁၂ ခုမှစတင်ခဲ့သည့် စီမံကိန်း၏ ယခု ဒုတိယအဆင့်တွင် လုပ်ငန်းငယ်ပေါင်း တစ်ထောင်ကျော် ရှိပြီး၊ မိမိတို့ ရပ်ရွာနှင့် သင့်လျော်မည့် လုပ်ငန်းများကို ကျေးလက်ပြည်သူများကိုယ်တိုင်ရွေးချယ်ခွင့်ရမည်ဖြစ်ပြီး တိုင်ပင်ဆွေးနွေး၍ အကောင်အထည်ဖော်သွားမည်ဟု သိရသည်။

မေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်က "ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ဖို့ ရန်ပုံငွေတွေကို ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲနိုင်အောင် တာဝန်ပေးအပ်ခြင်းဖြင့် ကျေးလက်နေပြည်သူတွေ စိတ်ဓာတ်နှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရာရောက်မှာဖြစ်တယ်။" ဟု ပြောဆိုကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အတွင်း ပါရှိသည်။

ယနေ့အထိ လူထုဗဟိုပြုစီမံကိန်းငယ်ပေါင်း ၃၅၀ ကျော်အား ဝေးလံသည့်ကျေးလက်ဒေသအချို့တွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ကျေးရွာပေါင်း ၁၇,၀၀ အတွက် ရေရှိရေး၊ စာသင်ကျောင်း၊ လမ်းတံတားများတည်ဆောက်သွားရန် ကူညီနေသည်ဟု ကမ္ဘာ့ဘဏ်အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau က ထုတ်ပြန်ချက်၌ ပြောသည်။

၎င်းက "ထပ်မံပေးအပ်တဲ့ ရန်ပုံငွေနဲ့ စုစုပေါင်း မြို့နယ် ၆၂ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။" ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags