ညီပုလေး (၁၉၅၂- ၂၀၂၃) : တော်လှန်ရေးမှာ ငြိမ်သက်အနားယူသွားခဲ့သူ

By မောင်ဇာနည်
05 August 2023
ညီပုလေး (၁၉၅၂- ၂၀၂၃) : တော်လှန်ရေးမှာ ငြိမ်သက်အနားယူသွားခဲ့သူ

စဉ်ဆက်မပြတ်တဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေနဲ့ မြန်မာ့အထင်ကရ အတိုက်အခံမိသားစု။

Lenin ရဲ့ အတ္ထုပ္ပတ္တိကိုရေးသူတွေဟာ Tsar Nicholas II မှာ ကွက်မျက်ခံခဲ့ရတဲ့ သူ့အစ်ကိုရဲ့ တော်လှန်ပုန်ကန်တဲ့နိုင်ငံရေးဟာ  Lenin အပေါ်မှာ သက်ရောက်မှုအားကြီးမားခဲ့တယ်ဆိုတာကို အသိအမှတ်ပြုပြီး ထည့်ရေးသားခဲ့ကြတယ်။ ဒီလိုဆိုရင်...ဒီလို မိသားစုမျိုးက ဆင်းသက်လာတဲ့သူတစ်ယောက်ရဲ့ဘဝအတွေ့အကြုံမျိုးကိုအဓိပ္ပာယ်သတ်မှတ်တဲ့အခါမှာ ငါးဆပိုများမယ်ဆိုရင် ဒီလို ကျယ်ပြန့်စုံလင်လှတဲ့ အတွေ့အကြုံပေါင်းများစွာဟာ လူတစ်ယောက်ရဲ့ဘဝ၊ ကမ္ဘာ့အမြင်နဲ ရွေးချယ်ခွင့်တွေကို ဘယ်လို ပုံစံသရုပ်ဖော်မယ်ဆိုတာကို တွေးကြည့်၊ မြင်ကြည့်ပါ။ 

 

တကယ်လို့ ခင်ဗျားအဖေဟာ လူသိများကျော်ကြားတဲ့ စာရေးဆရာနဲ့ သတင်းစာဆရာဖြစ်ပြီး ဗြိတိသျှကိုလိုနီအုပ်ချုပ်နေတဲ့ဒုတိယကမ္ဘာစစ်ကာလ၊ ကိုလိုနီခေတ်နှောင်း ပါလီမန်ဒီမိုကရေစီကာလနဲ့ ၁၉၆၂နောက်ပိုင်း စစ်အာဏာရှင်ဗိုလ်ချုပ်နေဝင်းရဲ့ စစ်အုပ်ချုပ်ရေးကာလတွေမှာ သူမှန်တယ်ထင်တဲ့အရာတွေကို လုပ်လို့၊ ဘယ်လိုအရာတွေလဲလို့ဆိုရင်  သူ့ကလောင်တံကိုသုံးပြီး  နိုင်ငံရေးဖိနှိပ်ခံရမှုတွေ၊ လူမျိုးရေးနှင့် လူ့အဆင့်အတန်းခွဲခြားပြီး ခေါင်းပုံဖြတ်တဲ့အကြောင်းတွေနဲ့ တိုင်းပြည်အာဏာအလွဲသုံးစားလုပ်မှုတွေကို မီးမောင်းထိုးပြခဲ့လို့ ထောင်ငါးကြိမ်အချခံခဲ့ရတယ်ဆိုပါစို့။ တကယ်လို့ ခင်ဗျားအမေဟာလည်း လူသိများကျော်ကြားတဲ့စာရေးဆရာမ တစ်ယောက်ဖြစ်ပြီး သူဟာ ၁၉၃၀ခုနှစ်ကာလတွေက ကိုလိုနီစနစ်အုပ်ချုပ်မှုအောက်ကာလ မြန်မာပြည်မှာ ဗြိတိသျှကိုလိုနီအရာရှိတွေရဲ့ သွေးထွက်သံယိုနှိမ်နှင်းခြင်းကိုခံခဲ့ရတဲ့ နယ်ချဲ့ဆန့်ကျင်ရေးသပိတ်မှောက်ကျောင်းသားတွေထဲက အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်တယ်ဆိုပါစို့။

 

ခင်ဗျားရဲ့အစ်ကိုအကြီးဆုံးဟာ မြန်မာပြည်ကွန်မြူနစ်ပါတီဝင် တော်လှန်ရေးသမားတစ်ယောက်ဖြစ်ပြီး ခင်ဗျားဆယ်ကျော်သက်အရွယ်မှာ သူ့ကို  သူ့မိခင်ပါတီကိုယ်တိုင်က စီရင်ကွက်မျက်ခြင်းကို ခံခဲ့ရတယ်ဆိုပါစို့။ ဒီတော်လှန်ရေးနဲ့မြန်မာပြည်ကွန်မြူနစ်ပါတီဆိုတာဟာ တရုတ်ပြည်က Mao Zedong ဦးဆောင်တဲ့ ယဉ်ကျေးမှုတော်လှန်ရေးနဲ့ ညီမျှခြင်းချလို့ရပါတယ်။ 

ခင်ဗျားရဲ့ ဒုတိယအစ်ကိုဟာ ခင်ဗျားရဲ့ဇာတိမန္တလေးမြို့မှာ နှစ်နှစ်ကြာအောင် တိုက်ပိတ်ထောင်ချခံခဲ့ရတယ်။  အဲ့ဒီ့နောက်မှာ မြန်မာပြည်တောင်ပိုင်းကို ခြောက်နှစ်ကြာအောင် တစ်ကျွန်းပို့ခံခဲ့ရပြီး အာဏာရှင်ဗိုလ်ချုပ်နေဝင်းရဲ့ လွတ်မိန့်ရမှ လွတ်မြောက်ခဲ့ရတယ်ဆိုပါစို့။ 

နောက်ပြီး အာဏာရှင်တွေရဲ့လက်ပါးစေတွေလိုက်ဖမ်းတာကိုလွတ်မြောက်ပြီး မြန်မာပြည်နယ်စပ်ကိုဖြတ်၊ တရုတ်ပြည်ထဲရောက်အောင်ထွက်ပြေးလွတ်မြောက်သွားတဲ့ ခင်ဗျားတို့လူကို ကူညီခဲ့တဲ့အတွက်  ခင်ဗျားရဲ့အဖေ၊ အမေနဲ့ ခင်ဗျားဟာ စစ်ထောက်လှမ်းရေးရဲ့  အော့နှလုံးနာလောက်တဲ့ ထိန်းသိမ်းရေးစခန်းမှာ ၁၉၇၀ ခုနှစ်တွေက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်ဆိုပါစို့။ 

နောက်ဆက်တွဲတွေအနေနဲ့ ခင်ဗျားရဲ့ ပထမဆုံး စစ်အာဏာရှင်အကျဥ်းထောင်တွေရဲ့အရသာဟာ အိမ်မှာစစ်သားတွေကဝင်စီးတာကနေ ထွက်ပြေးလွတ်မြောက်ပြီး တရုတ်ပြည်တောင်ပိုင်းမှာရောက်နေတဲ့ ခင်ဗျားရဲ့ ဒုတိယအစ်ကိုနဲ့ဆက်သွယ်မှု ကြောင့် ကလေးသုံးယောက်နဲ့ ခင်ဗျားရဲ့ဇနီးကို အိမ်မှာ ထားခဲ့ရပြီး  ၁၉၉၀ မှာ ထောင်နှစ်ခုမှာ ထောင်ဒဏ် ၁၀နှစ်အချခံခဲ့ရတယ်ဆိုပါစို့။ နောက်ဆုံးမှာ ခင်ဗျားဟာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်အသစ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့ခေါ်တဲ့ အာဏာရပါတီကိုထောက်ခံတဲ့ ခင်ဗျားနဲ့လုပ်ဖော်ကိုင်ဖက် ဒီမိုကရေစီလိုလားတဲ့တက်ကြွလှုပ်ရှားသူအများစု ကို ဖမ်းတော့ ပုန်းရင်းပြေးရင်း၊ နောက်ဆုံးမှာ ခင်ဗျားဟာ....ဆိုးရွားတဲ့ကျန်းမာရေးကို ဆေးကုသခွင့်တကယ့်ကို မလွယ်တဲ့အနေအထားမှာ  သေဆုံးသွားခဲ့ရတယ်ဆိုပါစို့။

ခုပြောသွားခဲ့တာတွေဟာ  စစ်အာဏာရှင်ရဲ့ တစ်တိုင်းပြည်လုံးက ဒီမိုကရေစီအတွက် လက်နက်ကိုင်တော်လှန်တယ်ဆိုတဲ့သံသယနဲ့ အကြမ်းဖက်မှုအရှိန်မြှင့်နေချိန်အခြေအနေတွေကြားမှာ ကွယ်လွန်သွားခဲ့တဲ့ ကျနော့်မိတ်ဆွေ ၇၁ နှစ်ရှိ အတိုက်အခံသမား ညီပုလေးအကြောင်း အတိုချုပ်ပဲဖြစ်ပါတယ်။ 

ငြိမ်းချမ်း(ခေါ်) ညီပုလေး၊ လူပုဂ္ဂိုလ်အကြောင်း။

ငြိမ်းချမ်း(ခေါ်) ညီပုလေးဟာ တိုင်းသိပြည်သိစာရေးဆရာတစ်ယောက်ဖြစ်ပြီး  ကျနော့်ရဲ့ဒေသဟောင်း အညာဒေသ မန္တလေးမြို့ဇာတိဖြစ်တယ်။ သူဟာ ဇွန်၂၁၊ ၂၀၂၃ခုနှစ်မှာ နာမကျန်းဖြစ်ပြီး ဆုံးသွားခဲ့တယ်။ 

ညီပုလေးရဲ့ဘဝနဲ့ တော်လှန်ရေး၊ နိုင်ငံရေး အ‌ကြောင်းတွေဟာ သူ့ရဲ့ သမားရိုးကျမဟုတ်ဘဲ ထူးခြားတဲ့မိသားစုရဲ့ အခန်း ကို မကြည့်၊ မမြင်ဘူးဆိုရင်

ပြည့်ပြည့်စုံစုံနားလည်နိုင်မှာ၊ အသိအမှတ်ပြုနိုင်မှာမဟုတ်ပါဘူး။ 

ညီပုလေးဟာ တိုင်းသိပြည်သိ စာရေးဆရာနဲ့သတင်းစာဆရာမိဘတွေဖြစ်ကြတဲ့ ဦးလှနဲ့ဒေါ်အမာကမွေးဖွားတဲ့သားသမီးငါးယောက်မှာ အငယ်ဆုံးသားဖြစ်ပါတယ်။ မိသားစုမှာ သား သုံးယောက်နဲ့သမီးနှစ်ယောက် ရှိတဲ့ထဲမှာ ညီပုလေးအပါအဝင်သား သုံးယောက်လုံးဟာ မိဘတွေရဲ့ တိုးတက်သစ်လွင်တဲ့ စံတန်ဖိုးတွေနဲ့ ခေါင်းပုံဖြတ်မှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဆန့်ကျင်ခဲ့သူတွေဖြစ်ပါတယ်။ မိဘတွေဟာ သမားရိုးကျမဟုတ်ထူးခြားတဲ့အတိုက်အခံတွေဖြစ်ပြီး သူတို့ဟာ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုတွေက အမျိုးသားရေးလှုပ်ရှားသူ မိတ်ဆွေ ဟောင်းတွေ၊  (ဒါမှမဟုတ်) ရက်စက်ကြမ်းကြုတ်တဲ့စစ်ခေါင်းဆောင်တွေ၊ (ဒါမှမဟုတ်) ကိုလိုနီလက်သစ်တွေနဲ့ဖွဲ့ထားတဲ့ စစ်အာဏာရှင်တွေရဲ့ တိုင်းပြည်အာဏာတွေကိုအလွဲသုံစားပြုမှု တွေအောက်မှာ ဘယ်တော့မှ ဒူးမထောက် သူတွေ ဖြစ်ပါတယ်။ 

ကျနော့်မိဘတွေ မျိုးဆက်တွေမှာ အာဏာရှင်နေဝင်းကိုဆန့်ကျင်ပြီး ၁၉၇၆ခုနှစ် မအောင်မြင်ခဲ့တဲ့အာဏာသိမ်းမှုခေါင်းဆောင်ဗိုလ်ကြီးအုန်းကျော်မြင့် ကို မွေးထုတ်ပေးခဲ့သလို ညီပုလေးရဲ့အစ်ကိုအကြီး ဆုံး ကိုစိုးဝင်း(၁၉၄၁ ခုနှစ်ဖွား)ကိုလည်း မွေးထုတ်ပေးခဲ့ပါတယ်။ ကိုစိုးဝင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ၁၉၆၀ အတွင်း ခုနှစ်တွေမှာ တက်ခဲ့ပါတယ်။ ၁၉၆၂ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ၁၉၄၈ ခုနှစ်မတ်လထဲက လက်နက်ကိုင်တော်လှန်ရေး အုပ်စုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) ကို သူဝင်သွားပါတယ်။ ကွန်မြူနစ်စနစ်ကိုယုံကြည်လက်ခံတဲ့မိသားစုမှာ ထိန်လန့်တုန်လှုပ်စရာနဲ့မယုံနိုင်စရာကတော့  ကိုစိုးဝင်းဟာ သူတောခိုနေတဲ့မြန်မာပြည်အောက်ပိုင်း ပဲခူးရိုးမမှာ  ပါတီအတွင်းပိုင်း သုတ်သင်ရှင်းလင်းရေးအရှိန်အဟုန်အထွဋ်အထိပ်မှာ သူ့မိခင်ပါတီ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကွက်မျက်ခြင်းကိုခံခဲ့ရတာပါပဲ။ ဒီအဖြစ်အပျက်ဟာ မော်စီတုံးရဲ့ ယဉ်ကျေးမှုတော်လှန်ရေးနဲ့ သဏ္ဍာန်တူပါတယ်။ 

ညီပုလေးရဲ့ဒုတိယအစ်ကို ကိုချစ်ခင် ( တိုက်ပိတ်ခံရတဲ့ ကာလရှည်တွေမှာ သူ့ရဲ့သံမဏိလိုမာကျောတဲ့စိတ်ဓာတ်ကို အစွဲပြုပြီးခေါ်တဲ့နာမည် ဖိုးသံချောင်းက လူသိများတဲ့နံမည်ဖြစ်ပါတယ်။) ဟာ  ဝေးလံတဲ့ဒေသ ကိုကိုးကျွန်းကို အပို့ခံခဲ့ရပါတယ်။ ကိုကိုကျွန်းဆိုတာ  မြန်မာပြည်လွတ်လပ်ရေးရပြီးတဲ့နောက်မှာ တည်ထောင်ထားတဲ့ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်တိုက်ပွဲဝင်သူတွေနဲ့ ကွန်မြူနစ်တွေကို ပြစ်ဒဏ်ချဖို့ တည်ထောင်ထားတဲ့  နေရာဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်သူ၊ ကွန်မြူနစ်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဖိုးသံချောင်းနဲ့ ကျနော့်ဦးလေးအရင်း၊ ဆုံးပါးသွားပြီဖြစ်တဲ့မောင်ချိုတို့ဟာ ၁၉၆၀ အဦးပိုင်းနှစ်တွေမှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ အာဏာသိမ်းစစ်အစိုးရရဲ့ ထောင်ချခြင်းကိုခံခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အုပ်စုကွဲတွေဖြစ်တဲ့ အလံဖြူနဲ့အလံနီ မတူတဲ့အုပ်စုနှစ်စုဝင်တွေပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ ထောင်ထဲမှာအကျဉ်းကျခံရတော့ ကပ်လျက်ထောင်အခန်း နှစ်ခုမှာ တစ်ယောက်စီကျခဲ့ပါတယ်။ ကျနော့်ဦးလေးဟာ နိုင်ငံရေးကနေ အနားယူပြီး သူပင်စင်ယူပြီး ကွယ်လွန်ချိန်ထိ ကျောင်းဆရာဘဝနဲ့ဖြတ်သန်းခဲ့ပြီး ညီပုလေးရဲ့ဒုတိယအစ်ကိုဖိုးသံချောင်းကတော့ တောလှန်ရေးခရီးထဲမှာဆက်နေပြီး  သူ့ရဲ့ပါဝါရှိတဲ့ကလောင်နဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတုန်းပါပဲ။ 

တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန်ပဋိပက္ခများ၊ မယုံကြည်မှုများကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမျိုးသားလှုပ်ရှားမှုများ၏ခေါင်းဆောင်အနေနဲ့ အောင်ဆန်းက ဗမာပြည်ကွန်မြူနစ်ပါတီကို ဒုတိယကမ္ဘာစစ်ကာလ ဖက်ဆစ်ဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေး (ဖဆပလ) က ထုတ်ပယ်ခဲ့တယ်။  

ကွန်မြူနစ်တွေဟာ လွတ်လပ်ပြီး မြန်မာအစိုးရသစ်အဖြစ်  အဲ့ဒီ့အချိန်မှာ စိုးစံနေကြပြီး တစ်ချိန်ကသူတို့နဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ နယ်ချဲ့တိုက်ပွဲဝင်သွေးသောက်ရဲဘော်ဟောင်းတွေကို "ကိုလိုနီနယ်ချဲ့သမားဟောင်းတွေရဲ့လက်ပါးစေတွေ"  လို့စွပ်စွဲခဲ့ကြပါတယ်။ ဦးနုအစိုးရအဖွဲ့ဟာ ဗြိတိန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက်လုပ်ငန်းတွေဖြစ်တဲ့ ဗမာ့ရေနံ ကော်ပိုရေးရှင်း၊ စတီးဘရားသား သစ် ကော်ပိုရေးရှင်းနဲ့ မိုင်းလုပ်ငန်းတွေအပါအဝင် သယံဇာတတူးဖော်ရေးလုပ်ငန်းတွေကို ကာကွယ်ပေးဖို့ သဘောတူခဲ့ပါတယ်။ ဦးနုအစိုးရဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို " တရားမဝင်" ကြေညာခဲ့ပြီး ဗကပခေါင်းဆောင်တွေနဲ့ အစိုးရကိုအတိုက်အခံလုပ်တဲ့ သာမန်အောက်ခြေပါတီဝင်တွေကိုလည်း ဖမ်းဆီးထောင်ချမယ် လို့ ခြိမ်းခြောက်ခဲ့ပါတယ်။   ဒါနဲ့ သန်းထွန်း ဗကဗ တစ်ပါတီ လုံး တော်ခိုပြီး လက်နက်ကိုင်တော်လှန်ရေး စပါလေ ရော ၊

ညီပုလေးရဲ့မိဘတွေ " ကြီးပွားရေး" အမည်နဲ့စာအုပ်တိုက်ကို မန္တလေးမှာတည်ထောင်ခဲ့ပြီး "လူထု" သတင်းစာကို ထုတ်ဝေခဲ့ပါတယ်။ လူထုသတင်းစာရဲ့ အယ်ဒီတာ့အာဘော်တွေဟာ လက်ဝဲရပ်တည်ချက်တွေကိုဖော်ပြပြီး အလုပ်သမားလူတန်းစားရဲ့မတရားဖိနှိပ်ခံရမှုတွေ၊ အစိုးရရဲ့အကျင့်ပျက်ခြစားမှုတွေနဲ့ အတိုက်အခံတွေအပေါ်ကို နိုင်ငံရေးအရဖိနှိပ်မှုတွေကို ဆန့်ကျင်ပြီး ရေးသားခဲ့ပါတယ်။  သူတို့ရဲ့ နာမည်အရှေ့တွေမှာ ခေါင်းမာလှတဲ့ ဒါမှမဟုတ် လက်ဝဲသတင်းစာ " လူထု" ဆိုတဲ့အမည်ကို တပ်ခဲ့ပြီး လူထုဦးလှ (သို့မဟုတ်)  လူထုဒေါ်အမာဆိုတဲ့အမည်တွေဟာ ထင်ရှားကျော်ကြားလာခဲ့ပါတယ်။

  သူတို့ဟာ အရင်းရှင် တွေနဲ့ ပရောပရီလုပ်ခဲ့တဲ့ ဆိုဗီယက်ရုရှားပြည်ထောင်စုကို မထီမဲ့မြင်ပြုခဲ့ကြပြီး ၁၉၅၀ခုနှစ်တွေနဲ့ အဲ့ဒီ့နောက်ပိုင်းအလွန်ကာလတွေက Bandung ကွန်ဖရင့်ရက်တွေမှာ အရင်းရှင်ဆန့်ကျင်ရေးနိုင်ငံအနေနဲ့ စစ်စစ်မှန်မှန်ရပ်တည်ခဲ့တဲ့ မော်စီတုံးရဲ့တရုတ်ပြည်ကို လေးစား အထင်ကြီးခဲ့ကြတယ်။ 

  ဦးလှနဲ့ဒေါ်အမာနှစ်ယောက်လုံးဟာ သူတို့နဲ့ခေတ်ပြိုင်ကာလမှာ  ဗြိတိသျှစနစ်ကိုဆန့်ကျင်ခဲ့တဲ့ ၊ နယ်ချဲ့ဆန့်ကျင်ရေးအရပ်သားအစိုးရဝန်ကြီးချုပ်ဦးနုလက်ထက်မှာ  နိုင်ငံတော်အဆင့် စာရေးဆရာဆုတွေကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ 

နှစ်ဖက်မိဘတွေဟာ သူတို့အသက်၂၀ နှစ်ရဲ့အစောပိုင်းကာလတွေမှာ ဗြိတိသျှအုပ်ချုပ်မှုကိုဆန့်ကျင်တဲ့ သူတို့ရဲ့ စစ်ကြိုကာလနယ်ချဲ့ဆန့်ကျင်မှု စခဲ့ ကြပါတယ်။ ဗြိတိသျှအုပ်ချုပ်ရေးဟာ အနောက်တိုင်းပညာတတ် ဗမာ အထက်တန်းစားတွေရဲ့ အယူအဆလွှမ်းတဲ့ ၁၉၁၀ခုနှစ်တွေနဲ့ ၁၉၂၀ခုနှစ်တွေက  " အင်ပါယာအတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့ နေကြမဲ့ လူကြီးလူကောင်း ဆန်ဆန် ဘဝ ကျွန် နိုင်ငံ" ကနေ လူထု နိုင်ငံရေးဖြစ်တဲ့ လမ်းတွေပေါ်က တိုက်ရိုက်လှုပ်ရှားခြင်း၊ လူစုလူဝေးလိုက်လှုပ်ရှားခြင်းနဲ့ အလုပ်သမား၊ လယ်သမားလူတန်းစားတွေကိုပစ်မှတ်ထား စည်းရုံးတဲ့ မတ်စ်-လီနင်တော်လှန်ရေးအတွေးအမြင်တွေကို ဖြန့်ဝေခြင်းတွေပါဝင်တဲ့ နိုင်ငံရေးမှာ လွတ်မြောက်ရေးလှုပ်ရှားမှုတွေအထိ အလျှင်အမြန်ဆင့်ကဲပြောင်းလဲလာခဲ့ပါတယ်။

  အောက်မှာဖော်ပြထားတဲ့ဒေါ်အမာရဲ့ အိုးဝေမဂ္ဂဇင်း(သို့မဟုတ် ဒေါင်း) နှစ်၃၀ပြည့်အထူးထုတ် မှာဖော်ပြခဲ့တဲ့ ဒေါ်အမာရဲ့ရသစာတမ်းအက်ဆေးဖြစ်ပါတယ်။ အိုးဝေ(ဒါမှမဟုတ်)ဒေါင်းအမှတ်အသားဟာ သူကိုယ်တိုင်တက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်က တက်ကြွလှုပ်ရှားတဲ့ကျောင်းသားတွေဟာ ကိုလိုနီခေတ်နှောင်းကာလ ၁၉၅၈ကနေ ၁၉၆၀ထိ အုပ်ချုပ်ခဲ့တဲ့  မြန်မာအမျိုးသားရေးဝါဒီအစိုးရ ဦးနု ( ဗိုလ်ချုပ်နေဝင်းရဲ့ အိမ်စောင့်အစိုးရ)ကို ဆန့်ကျင်ခဲ့တဲ့တာကြောင့်  ကြိမ်ဖန်များစွာအရေးယူဖမ်းဆီးခံခဲ့ရတဲ့အတွက် ဖွဲ့စည်းထားတဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ တည်ထောင်ခြင်းအမှတ်အသားဖြစ်ပါတယ်။ 

ဖခင်ဖြစ်သူ ဦးလှဟာ မြန်မာပြည်အောက်ပိုင်းကနေလာခဲ့ပေမယ့် ကိုလိုနီခေတ်မြို့တော်ဖြစ်တဲ့ရန်ကုန်မှာ စာရေးဆရာနဲ့သတင်းစာဆရာအနေနဲ့ ရပ်တည်ခဲ့ပြီး မိခင်ဖြစ်သူဟာ ရန်ကုန်တက္ကသိုလ်သမဂ္ဂရဲ့ နယ်ချဲ့ဆန့်ကျင်ရေးလှုံ့ဆော်မှုတွေမှာ တောက်လျှောက်ပါဝင်ခဲ့ပါတယ်။  မိခင်ဖြစ်သူ ဒေါ်အမာဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေဖြစ်ကြတဲ့ MA ရာရှစ်၊ အောင်ဆန်း၊ ဦးနုတို့ဦးဆောင်တဲ့၊ ဒေါ်အမာက "  ရှေ့ ပြေးတော်လှန်ရေး" လို့ခေါ်တဲ့ ၁၉၃၆ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့ပြီး နောက်နှစ်နှစ်အကြာ ၁၉၃၈ခုနှစ်နဲ့ ၁၉၃၉ခုနှစ်တွေမှာ ဗြိတိသျှအုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့ နိုင်ငံတစ်ဝန်း လူတန်းစားပေါင်းစုံပါဝင်တဲ့ "၁၃၀၀ပြည့်အရေးတော်ပုံ" ပေါ်ပေါက်လာပါတယ်။ (မြန်မာသက္ကရာဇ်ကိုလိုချင်ရင် ခရစ်သက္ကရာဇ်ထဲကနေ ၆၃၈ ကို နှုတ်ရပါတယ်။)

ဖခင်ဖြစ်တဲ့ ဦးလှဟာ အထက်မြန်မာနိုင်ငံရဲ့အချက်အချာ မန္တလေးမြို့ကို  ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပထမဆုံးလာဖြစ်တဲ့အကြောင်းကတော့ ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့လူထုရဲ့ အာဇာနည်တွေလို့သတ်မှတ်ခံရတဲ့၊  ဗြိတိသျှနယ်ချဲ့ကိုဆန့်ကျင်ဆန္ဒပြသူ ၁၇ယောက် အစုလိုက်အပြုံလိုက်အသတ်ခံရတဲ့ကိစ္စမှာ ရန်ကုန်စာရေးဆရာသမဂ္ဂကိုယ်စားလှယ်အနေနဲ့ ဗြိတိသျှအာဏာပိုင်တွေကို ရှုတ်ချတဲ့မိန့်ခွန်းအတိုချုပ်ပြောပေးဖို့ပဲ ဖြစ်ပါတယ်။ 

အရေးကြီးတာက တိုင်းပြည်လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တွေကြာတဲ့အထိ  ညီပုလေးမိသားစုရဲ့ဖြတ်သန်းခဲ့တဲ့ ခေတ်အခြေအနေရဲ့လူမှုအသိုင်းအဝိုင်ဟာ   ဓနရှင်လူတန်းစားမိသားစုရဲ့ ထောင်ချောက်တွေနဲ့အတူ ဖြတ်သန်းခဲ့ရတာပဲဖြစ်ပါတယ်။ နိုင်ငံတကာကို ခရီးသွားခြင်းတွေ၊ ကားတွေ၊ သက်သာပေါ့ပါးတဲ့ဘ၀တွေ၊ ပညာတတ်နဲ့ ယဉ်ကျေးမှုလေ့လာလိုက်စားခြင်းတွေဟာ ၁၉ရာစုအလယ်ထဲက စတည်ထောင်ခဲ့တဲ့ သူ့မိခင်ရဲ့ အရင်းအမြစ်ဖြစ်တဲ့ မန္တလေးမြို့မှာတင်မကဘဲ အထက်မြန်မာပြည်က တိုးတက်အမြင်ရှိတဲ့ ပညာတတ်လူငယ်တွေရဲ့ ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။ 

ရှေ့ဆောင်လမ်းပြစာရေးသူတွေနဲ့ သတင်းစာဆရာတွေဖြစ်ကြပြီး ထုတ်ဝေသူတွေအဖြစ်လည်း အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့တဲ့ ညီပုလေးရဲ့မိဘတွေဟာ သူတို့ရဲ့အိမ်နဲ့အလုပ်နေရာတွေကို  အနုပညာကနေ စာပေ၊ ဘာသာတရားတွေကနေ လူမျိုးစုတစ်စုနဲ့တစ်စုကြား ဆက်ဆံမှုတွေ၊ တိုင်းပြည်-လူ့အဖွဲ့အစည်းကြား အပြန်အလှန်ဆက်ဆံရေး စတဲ့တိုးတက်နေတဲ့အမြင်ရှုထောင့်တွေကိုလက်ခံတဲ့ မျိုးဆက်သစ်ပညာတတ်တွေ၊ ပညာသင်ကြားသူတွေ၊ သုတေသနလုပ်သူတွေ၊ အနုပညာရှင်တွေနဲ့ စာရေးဆရာတွေ အတွက် ပြုစုပျိုးထောင်ရာနေရာတွေဖြစ်စေခဲ့ပါတယ်။  မြန်မာပြည်စာတတ်

မြောက်ရေးအတွက် ရေးသားထားတဲ့မြန်မာစာတွေကို လမ်းတွေပေါ်မှာ အမျိုးသား၊ အမျိုးသမီးတွေ အလွယ်တကူလက်လှမ်းမီဖတ်နိုင်ဖို့ " အထက်မြန်မာပြည်စာပေလှုပ်ရှားမှု" မှာ ညီပုလေးဟာ သူကိုယ်တိုင်လည်း  ပါဝင်ခဲ့ပါတယ်။ အဲ့ဒီ့ အထက်မြန်မာပြည်စာပေလှုပ်ရှားမှုမှာ သုံးတဲ့ မြန်မာစာပေပုံစံဟာ ပညာတတ်တွေရဲ့သမားရိုးကျရေးသားနေကျ မြန်မာစာပေအရေးအသားနဲ့ ကွာတယ်။  ယခင်ကသင်ယူမှုတွေနဲ့ ပိုပြီးအဆင့်မြင့်တဲ့သင်ယူမှုတွေ လိုတဲ့ အရေးစကားပြေကို ကြောခိုင်းတဲ့၊ အပြောစကားပေ ကို မြှင့်တင်ပါတယ်။

သူ့ရဲ့ အပြောင်မြောက်ဆုံး " ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်" ဝတ္ထုဟာ အထက်မြန်မာပြည်မှာမွေးဖွားခဲ့တဲ့          " စာပေသည် ပြည်သူ့ အတွက်" လှုပ်ရှားမှုမှာ ရှေ့ဆောင်သူတွေဖြစ်ခဲ့ကြတဲ့ ပညာတတ်သူ့မိဘတွေရဲ့အရိပ်အငွေ့တွေလွှမ်းမိုးထားတဲ့ သက်သေမှတ်တမ်းတစ်ခုပါပဲ။

 မြန်မာပြည်ရဲ့ ထိပ်ပိုင်းပညာတတ်တွေ၊ ကဗျာဆရာတွေ၊ စာရေးဆရာတွေအတွက် လူထုနဲ့ကြီးပွားရေးစာပေတိုက်ဟာ သူတို့ရဲ့စာပေအချက်အချာဗဟိုဖြစ်ခဲ့တယ်။ သူတို့ထဲက ထင်ရှားတဲ့သူတွေက ရွှေဥဒေါင်း (ဦးသိန်း)၊ ကွယ်လွန်သွားကြပြီဖြစ်တဲ့ NLD ပါတီ အတူတွဲဖက်တည်ထောင်သူတစ်ဦးဖြစ်တဲ့သတင်းစာ ဆရာဦးဝင်းတင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့သတင်းစာဆရာ လူထုစိန်ဝင်း၊ လူသိများထင်ရှားလှတဲ့မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မြန်မာပြည်ရဲ့အထင်ရှားဆုံးပန်းချီပညာရှင် ပေါ်ဦးသက်၊ ထင်ရှားတဲ့ကဗျာဆရာတစ်ဦးဖြစ်ပြီး ကွန်မြူနစ်တစ်ဦးဖြစ်တဲ့မောင်ကြည်အောင်နဲ့တင်မိုး၊ဒီနေ့ထိ USA မှာသက်ရှိထင်ရှားနေထိုင်ဆဲဖြစ်ကြတဲ့ ရုပ်ရှင်ဒါရိုက်တာဝင်းဖေနဲ့ ကဗျာဆရာ၊ စာကြည့်တိုက်မှူး မောင်စွမ်းရည် ( ဝေဖန်ရေးဆရာ) နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ရုပ်ရှင်မင်းသားနဲ့ မဂ္ဂဇင်းထုတ်ဝေသူ အကယ်ဒမီ ဝင်းဦး တို့ ဖြစ်ပါတယ်။ 

  ဒီလို ဉာဏ်ပညာရှိသူတွေနဲ့ ပညာတတ်အသိုင်းအဝိုင်းနဲ့ စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံပြီး ကြီးပြင်းလာခဲ့ရတဲ့ ညီပုလေးဟာ  ဒီပတ်ဝန်းကျင်လူမှုအသိုင်းအဝိုင်းကနေ အဓိပ္ပာယ်ရှိတဲ့ တစ်ဖက်နဲ့တစ်ဖက်ဆွေးနွေးပြောဆိုခြင်းတွေ၊ ကိစ္စတစ်ခုအပေါ်အချေအတင်ငြင်းခုန်ဆွေးနွေးခြင်းတွေ စတဲ့ အဆုံးစွန်မတူကွဲပြားချက်တွေကို သင်ယူရရှိခဲ့မယ်ဆိုတာ ခက်ခက်ခဲခဲစဉ်းစားစရာမဟုတ်ပါဘူး။ 

ညီပုလေးရဲ့မိခင်ဟာ သူ့သားအလတ် မန္တလေးမှာ၊ ရန်ကုန်မှာထောင် ခြောက်နှစ်ကျခဲ့ပြီး ကိုကိုကျွန်းကို အပို့ခံခဲ့ရတဲ့အချိန်ကာလတွေမှာ သူ့ခင်ပွန်းနဲ့အတူခံစားခဲ့ရတဲ့ နာကျည်းစရာတွေ၊ စိတ်ပိုင်းဆိုင်ရာညှဥ်းဆဲထိခိုက်မှုတွေနဲ့ နာကျင်မှုတွေကို မှတ်တမ်းတင်ထားခဲ့ပါတယ်။ ကွန်မြူနစ်ဝါဒနဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု အခြေခံမူတွေကို ပြင်းထန်စွာယုံကြည်သက်ဝင်ကြတဲ့ ညီပုလေးရဲ့မိဘတွေဟာ မြန်မာပြည်မှာအင်အားကြီးလွှမ်းမိုးတဲ့ မြန်မာလူမျိုးအသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှုကျောရိုးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုတော့ မစွန့်လွှတ်ခဲ့ကြဘူးဆိုတာကို သူ့မိခင်ဆုံးသွားပြီးတဲ့နောက် ၂၀၁၃မှာ ထုတ်ဝေခဲ့တဲ့ ရသစာတမ်းတွေနဲ့ပေးစာတွေကို ဖတ်ကြည့်ရင် သတိပြုမိနိုင်ပါတယ်။ 

  တိုင်းပြည်ရဲ့ဖိနှိပ်ချုပ်ချယ်တဲ့ယန္တရားတွေအောက်မှာ ရောက်ရှိခဲ့ရတဲ့ခင်ပွန်းဖြစ်သူနဲ့ သား သုံးယောက်အတွက် အနက်ရှိုင်းဆုံးနာကျင်မှုတွေကို သူ့ရဲ့မိခင်ဟာ ဗုဒ္ဓရဲ့အတွေးအမြင်ဖြစ်တဲ့ မမြဲခြင်းတရားနဲ့ရော၊ သူ့ရဲ့ လူမှုစနစ်တရားမျှတရေးကိုရှေ့ရှုတဲ့တော်လှန်ရေးစံနှုံးတွေနဲ့ရော ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။ ဒီအချက်ဟာ လေးစားမြတ်နိုးဖွယ်ရာပါပဲ။ ကိုလိုနီခေတ်နဲ့ ကိုလိုနီခေတ်အလွန်က ဥပဒေတွေကိုတောင် ဆက်ပြီးအသုံးချနေတဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့အောက်ကနေ လူမှုအဖွဲ့အစည်းလွတ်မြောက်ဖို့အတွက် မပြည့်မီတဲ့ပန်းတိုင်တွေကို အောင်မြင်အောင်ရှေ့ဆက်ဖို့ကြိုးစားနေရင်း သူ့ရဲ့တော်လှန်ရေးမိသားစုပေးဆပ်လိုက်ရတာတွေကတော့ ပုဂ္ဂိုလ်ရေးနဲ့ မိသားစုနဲ့ဆိုင်တဲ့ နာကျင်စရာတွေပဲဖြစ်ပါတယ်။ လက်ဆည်ကန်ရပ်က သူတို့ရဲ့အိမ်ရှေ့မှာ သူ့ကို ထမင်းအိုးတည်နေတာ၊ ပြီးရင် မနက်စောစောမှာ တန်းစီဆွမ်းခံကြွလာတဲ့ သံဃာတွေကို ဆွမ်းနဲ့တခြားလှူဖွယ်တွေ လှူဒါန်းနေတာကို တွေ့ခဲ့ကြရမှာဖြစ်ပါတယ်။ 

  အသက် ၁၉နှစ်သာသာရှိသေးတဲ့သားအလတ် ဖိုးသံချောင်း(လူထု) ကို ၁၉၆၂ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် နှစ်အနည်းငယ်ကြာမှာ နေဝင်းရဲ့စစ်ထောက်လှမ်းရေးတပ်ဖွဲ့တွေ(MIS လို့အတိုကောက်ခေါ်တယ်။) က အိမ်ကိုလာဖမ်းသွားတဲ့အချိန်ကစပြီး ထောင်ကျနေတဲ့သားကိုပေးစာ ရသစာတမ်းအက်ဆေးပေါင်းချုပ် (စာမျက်နှာပေါင်း ၁၃၈မျက်နှာ) ကို သူတို့မိသားစုပိုင် လူထုစာအုပ်တိုက်က  ခြောက်နှစ်အကြာထောင်ကျပြီး ၁၉၇၂ခုနှစ်မှာ ဖိုးသံချောင်း ပြန်လွတ်လာတဲ့ နှစ် ၄၀ပြည့်မှာ (၂၀၁၂၊၂၀၁၃) ထုတ်ဝေခဲ့ပါတယ်။ 

သိသာထင်ရှားပြီး စိတ်ဝင်စားစရာကောင်းတာကတော့  လက်နက်မဲ့ပြီး ငြိမ်းချမ်းတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားပေါင်း ၃၀၀ ကို တက္ကသိုလ်ပရဝဏ်ထဲမှာ လူမရွေးစတမ်းသတ်မိန့်ထုတ်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းနဲ့ အဲ့ဒီ့ခေတ်ကာလက အထင်ကရ မြန်မာတချို့၊ ဥပမာပြရရင် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးဦးသန့်တို့က ပြုံးပြုံးရွှင်ရွှင်ပြေပြေလည်လည်ဆက်ဆံနေကြချိန်မှာ လူထုမိသားစုဟာတော့ တော်လှန်ရေးကောင်စီလို့ခေါ်တဲ့ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့အာဏာ သိမ်းစစ်အစိုးရကို ပြင်းထန်တက်ကြွစွာ ခုခံဆန့်ကျင်နေခဲ့တာပါပဲ။ 

" ထောင်နဲ့မိခင်" ( စာအုပ် ရှေ့မျက်နှာဖုံးနဲ့နောက်ကျောဖုံးဓာတ်ပုံတွေကို အောက်မှာဖော်ပြထားပါတယ်) လို့ နာမည်ပေးထားပြီး ၂၀၁၃ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့စာအုပ်မှာ သူ့ရဲ့သားလတ် ဖိုးသံ က အမှာစာအကျဉ်းချုပ်ရေးသားခဲ့ရာမှာ  မြန်မာလူသတ်ကောင်စစ်အစိုးရအုပ်ချုပ်တဲ့ ရာစုနှစ်ဝက်ကာလအတွင်းမှာ " ထောင်ကျခံနေခဲ့ရတဲ့သားသမီးတွေရဲ့ ထောင်ပေါင်းများစွာသော မိခင်တွေထဲက" မိခင်တစ်ဦးအနေနဲ့ သူ့ရဲ့ဆုံးပါးသွားတဲ့မိခင်ကို ရည်ညွှန်းဖော်ပြခဲ့ပါတယ်။ 

သူ့မိခင်ရေးသားခဲ့တဲ့ သူတို့အကြောင်းရသစာတမ်းတပုဒ်မှာ သူတို့ရဲ့ဇာတိမန္တလေးမြို့ကနေ မိုင် ၃၅၀ဝေးတဲ့ သရက်ထောင်ကို သူ့မိခင်ဟာ သူ(ညီပုလေး)ရဲ့ ကလေးငယ်သုံးယောက်ကို ကားနဲ့၊ မော်တော်ဘုတ်နဲ့ ခဲယာခဲဆစ်ခေါ်ဆောင်သွားခဲ့ရတဲ့အကြောင်းကို မှတ်တမ်းတင်ရေးခဲ့ပါတယ်။ သူ့မိခင်ဟာ ဘာ့ကြောင့် ဒီကလေးငယ်သုံးယောက်(ညီပုလေးရဲ့ကလေးငယ် သုံးယောက်)ကို မိသားစုထောင်ဝင်စာတွေ့တဲ့အချိန်မှာ သူနဲ့အတူခေါ်သွားရသလဲဆိုတဲ့အကြောင်းကို နာကျင်စွာ ပြောပြထားပါတယ်။ ဘာ့ကြောင့်လဲဆိုရင် သူ့ရဲ့သားလတ်ဖိုးသံချောင်းဟာ ခြောက်နှစ်ထောင်ကျပြီး ပြန်လွတ်လာတဲ့အခါမှာ သူ့ညီ ညီပုလေးကိုရော၊ သူ့ညီမလေးကိုရော မမှတ်မိတော့လို့ပါဘဲတဲ့။ သူတို့တွေဟာ ကပ္ပလီပင်လယ်ထဲက ကိုကိုကျွန်းကိုအပို့ခံခဲ့ရတဲ့ သားလတ်ဖိုးသံချောင်းဆီကို သွားတွေ့နိုင်တဲ့အခွင့်အလမ်း မရှိခဲ့တဲ့အတွက် ဖိုးသံချောင်းဟာ ညီပုလေးကိုရော၊ သူ့ညီမလေးကိုပါ မမှတ်မိတော့တာပါ။ ဒါ့ကြောင့် သူ့မိခင်ဟာ သူ့ရဲ့သားအငယ်ဆုံး ထောင်ကျချိန်မှာ သူ့သားအငယ်ဆုံးကိုယ်တိုင်ကမွေးထားတဲ့ သားသမီးတွေကို သူ ၁၀နှစ်ထောင်ကျပြီး ပြန်လွတ်လာရင် မှတ်မိနိုင်ဖို့ ထောင်ဝင်စာသွားတွေ့ချိန်မှာ ဒီကလေးငယ်တွေကို ခေါ်သွားရခြင်းဖြစ်ပါတယ်လို့ ဒီရသစာတမ်းမှာ ဖော်ပြထားပါတယ်။

ဒီနေရာမှာ ကျနော်သတိထားမိတာကတော့ ညီပုလေးရဲ့မိခင်ဟာ သူ့ရဲ့မျှော်လင့်ချက်တွေကို ရွှေ့ ရွှေ့သွားခဲ့တယ်။ ကွက်မျက်ခံခဲ့ရတဲ့သားကြီးကနေ တရုတ်ပြည်ကိုရောက်သွားတဲ့ဖိုးသံဆီကို၊ အဲ့ဒီ့ကနေ အငယ်ဆုံးသားညီပုလေးဆီကို ရွေ့သွားခဲ့ပါတယ်။ ညီပုလေးကို မိသားစုပိုင် စာအုပ်တိုက်ကို စီးပွာရေးလုပ်ကိုင်စေရင်းနဲ့  တိုးတက်တဲ့စာပေလက်ရာတွေကို ဆက်ပြီး ပျံ့နှံ့အောင်ဖြန့်ဝေစေခဲ့ပါတယ်။ 

ဒီကိစ္စဟာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီစစ်အာဏာသိမ်းခြင်းကြောင့် ပုန်းအောင်းနေထိုင်ခဲ့ရချိန်တွေအထိ ညီပုလေးဟာ သူ့ မိဘတွေရဲ့ ဆန္ဒ ကို အကောင်ထည်ဖော်နိုင်ခဲ့တာ လည်း သေချာပါတယ်။ 

နိုင်ငံတော်ငြိမ်ချမ်းသာယာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကောင်စီလို့ အမည်ခံတဲ့ စစ်အာဏာရှင်ကို အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်တဲ့အရှိန်နဲ့ဆန့်ကျင်နေချိန် ၁၉၉၀ခုနှစ်ကာလတွေက ညီပုလေးရဲ့မိခင်ကသူ့ရဲ့နိုင်ငံရေးလေ့လာချက်ကို ပြည်သူတွေကို ပြောခဲ့ပါတယ်။ "အာဏာရှင်ဟာ အသေမထွက်ဘူး"။ ဒီစကားဟာ တော်လှန်ရေးကို လမ်းပြတဲ့ အခြေခံမူဖြစ်လာခဲ့ပါတယ်။ အပြန်အလှန်သဘောနဲ့ပြောရရင် " တော်လှန်ပုန်ကန်သူတွေလည်း အတူတူပဲ။ အရှင်မထွက်ဘူး" လို့ သူပြောခဲ့မှာပါပဲ။ 

ကိုငြိမ်းချမ်းဟာ တကယ်လို့များ ဆေးဝါးတွေနဲ့ဆေးကုသမှုတွေကို  လွယ်လွယ်ကူကူနဲ့ကောင်းကောင်းမွန်မွန်သာ ရခဲ့မယ်ဆိုရင် ညီပုလေးဟာ ခုထက်ပိုပြီးအသက်ရှင် နေထိုင်နေရမှာပါ။ ဖြစ်ချင်တော့ ညီပုလေးဟာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီစစ်အာဏာသိမ်းထဲက ပုန်းအောင်းနေထိုင်နေခဲ့ရပါတယ်။ သူဟာဉာဏ်ရှိစွာနဲ့ပဲ သူ့ရဲ့လုံခြုံရေးကို သူ့ရဲ့ ကျန်းမာရေးကုသမှုအတွက်လွတ်လပ်ခွင့်ထက်  ဦးစားပေးရွေးချယ်ခဲ့ပါတယ်။ ဒီလိုသာမဟုတ်ရင် သူဟာအဖမ်းခံရပြီးထောင်ချခံရမှာပါပဲ။ 

ညီပုလေးဘဝရဲ့ ဆယ်စုနှစ် ခုနစ်စု နှစ် ၇၀ကျော်ကာလတွေနဲ့ သူ့မိဘတွေ၊ သူ့အစ်ကိုနှစ်ယောက်ရဲ့ဖြတ်သန်းမှုဘ၀တွေဟာ  ဦးမညွှတ်အရှုံးမပေးတဲ့စိတ်ဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။ ကျနော်တို့အားလုံးထဲက မြန်မာလူမျိုး၊ ဒါမှမဟုတ် ဘယ်သူပဲဖြစ်ဖြစ် ရက်စက်ကြမ်းကြုတ်ပြီး လူသတ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့စစ်အာဏာရှင်တွေကို တိုက်ဖျက်ဖို့ဆန္ဒရှိတဲ့ ဘယ်သူ့အတွက်မဆို ရှေ့ဆက်ဖို့ရာ ကန့်လန့်ခံနေတဲ့ ဦးမညွှတ်အရှုံးမပေးတဲ့ စိတ်ဓာတ်ပါပဲ။ 

တချို့လူတွေက သူတို့လုပ်တဲ့ လုပ်ရပ်တွေနဲ့ ဦးဆောင်ကြတယ်။ လေစကားတွေနဲ့ ဦးဆောင်တာမဟုတ်ဘူး။ 

ကျနော်သိတဲ့ ညီပုလေး။

သူ့ရဲ့ အသက်၂၀ကျော်အစပိုင်း၊ ကျနော်က ဆယ်ကျော်သစ်အရွယ်ကနေစပြီး သူ့ကို ကျနော်စပြီးသိခဲ့တယ်။ ၁၉၇၀ကျော်ပြီး အလယ်နှစ်တွေ။  ဗိုလ်ချုပ်နေဝင်းရဲ့ တစ်ပါတီစစ်အာဏာရှင်ကာလတွေတုန်းကစပြီး သိခဲ့တယ်။ 

ကျနော်တို့နှစ်ယောက်လုံးဟာ သူငယ်တန်းကနေ ၁၀တန်းထိတက်ရတဲ့ကျောင်းမှာ ( နာမည်ကြီး ကက်သလစ်ယောက်ျားလေးကျောင်း စိန့်ပီတာကျောင်း၊ စစ်အာဏာသိမ်းခဲ့တဲ့ဗိုလ်ချုပ်နေဝင်းရဲ့တော်လှန်ရေးအစိုးရက ပုဂ္ဂလိကကျောင်းတွေနဲ့ သာသနာပြုပညာရေးဆိုင်ရာ အဆောက်အအုံတွေအားလုံးကို ပြည်သူပိုင်သိမ်းပြီးတဲ့အခါမှာ အထက်တန်းကျောင်း နံပါတ်"၉"လို့ နာမည်ပြောင်းလိုက်တဲ့ကျောင်း) အတူတက်ခဲ့ကြတယ်။ ကျနော်တို့ဟာ မျိုးဆက်ချင်းမတူပေမယ့် ကျောင်းမှာ စားပွဲတင် တင်းနစ်အတူကစားကြတယ်။ ဘောလုံးအတူကန်ကြတယ်။ ရာစုနှစ်တစ်ဝက်လောက်နီးပါးကြာတဲ့အထိ ကျနော်ဟာ မှတ်မိနေပါသေးတယ်။ ကျနော်အလယ်တန်းကျောင်းသားဘဝတုန်းကနေတဲ့ မန္တလေးတောင်ပြင်၊ လမ်း၃၀က ကျနော့်အဘွားလေးရဲ့အိမ် ကနေ မိနစ်ပိုင်းလေးလောက်လမ်းလျှောက်သွားရတဲ့ ဘထူးကွင်းနားက ကျနော်တို့ကလပ်မှာ ညီပုလေးဟာ ကျနော်တို့ရဲ့အတန်းကြီးတစ်ယောက်နဲ့ စားပွဲတင်တင်းနစ်ကစားဖို့ ပထမဆုံးရောက်လာခဲ့တယ်။ အဲ့ဒီ့အချိန်မှာ သူဟာ  ဆယ်တန်း အကြိမ်ကြိမ်ပြီး ဒီအထက်တန်းကျောင်းကပဲ  တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်သွားခဲ့ပြီးလို့ ဘူမိဗေဒအဓိကဘာသာနဲ့မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်နေပါပြီ။ ကျနော်တို့စားပွဲတင်တင်းနစ်ကလပ်ရှေ့ ကားလမ်းပေါ်မှာ သူ့မိဘတွေရဲ့ကား ဘော့စဝယ်ဂန်လိပ်ခုံးကား Volkswagen  ရပ်ထားတာကို တွေ့ရလေ့ရှိပါတယ်။ 

စကားစပ်ပြီးပြောရရင် ကျနော်တို့မြို့မှာ စက်ဘီး၊ ဆိုက်ကားနဲ့ ဘတ်စကား တွေ များပါတယ်။ အဲ့ဒီ့အချိန် စစ်အုပ်ချုပ်ရေးကာလက ကျနော်တို့နိုင်ငံဟာ ကမ္ဘာ့အပြင်ဖက်ရောက်နေသလို ပြင်ပကမ္ဘာနဲ့မျက်ခြေပြတ်ခံထားရပြီးကားအသစ်တွေ မရှိသလို၊ ပုံမှန်ကားတွေလည်း သိပ်မရှိပါဘူး။ 

ကျနော်တို့ဟာ ဘယ်ကားက ဘယ်မိသားစုရဲကားဆိုတာကို မှတ်မိပါတယ်။ ဟုတ်တယ်။ ပဒေသရာဇ်စနစ်အမြစ်တွယ်ရာ နောက်ဆုံးဗဟို ကျတဲ့ မန္တလေးမြို့ဟောင်းမှာကျနော်တို့ဟာ " မိသားစု" ဆိုတဲ့ဘာသာစကားကို သုံးပြီးပြောပါတယ်။ 

ကျနော်တို့ ရုံးချိန်အပြီးမှာ ကစားလေ့ရှိကြတဲ့ တစ်ထပ်အဆောက်အအုံ၊ ကျန်းမာရေးဝန်ကြီးဌာန ငှက်ဖျားနဲ့ အနာကြီးရောဂါကုသရေး ဌာန ထဲကို ကျနော်ဝင်လိုက်တဲ့အခါမှာ ခပ်ပိန်ပိန်၊ အသားညိုညိုနဲ့ ကလပ်ရဲ့မျက်နှာသစ်ကစားသမားတစ်ယောက်ကို အမှတ်(၉)ကျောင်းက ကျနော့်ထက် ခုနစ်တန်းကြီးတဲ့ ကျနော့်ရဲ့အဦးဆုံးစားပွဲတင်တင်းနစ်ဆရာ ကိုတင်ထွန်းအောင် (ကွယ်လွန်) နဲ့အတူကစားနေတာကို တွေ့လိုက်ရတယ်။ 

အဲ့ဒီ့အချိန်မှာ ကျနော်ဟာ  စားပွဲတင်တင်းနစ်ကစားပုံကစားနည်းကို ကလပ်မှာ နည်းပြတွေနဲ့ လာသင်ပြီး တန်းကြီးစားပွဲတင်တင်းနစ်ကစားနေတဲ့သူတွေကို  ဘေးစည်းအပြင်ကနေ ကြည့်နေတဲ့အလယ်တန်းကျောင်းသားကလေးတစ်ယောက်အရွယ်ပဲရှိပါသေးတယ်။ နောက်နှစ်နည်းနည်းကြာတော့ ညီပုလေးဟာ မန္တလေးတိုင်းကိုယ်စားပြုအသင်းမှာ ပဏာမရွေးချယ်ခံခဲ့ရပြီး နိုင်ငံအဆင့်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ လေ့ကျင့်နေတယ်လို့ သိရပါတယ်။ (၁၉၆၀ခုနှစ်တွေနဲ့ ၁၉၇၀ခုနှစ်ကာလတွေမှာ မြန်မာပြည်ဟာ အာရှရဲ့ထိပ်တန်းဘောလုံးအဖွဲ့တွေထဲက တစ်ခုဖြစ်ခဲ့ပြီး တောင်ကိုရီးယား၊ အီရန်၊ ဂျပန်တို့နဲ့ အဆင့်တူခဲ့ပါတယ်။) ကျနော်ဟာ ကျနော့်အိမ်နဲ့ပေ ၅၀၀သာဝေးတဲ့ ဘထူးကွင်းမှာ သူဘောလုံးကစားတာ ကြည့်ဘူးပါတယ်။

ပြန်တွေးကြည့်တဲ့အခါ ကိုငြိမ်းချမ်းဟာ လက်စုံမှာ ထူးချွန်တဲ့ပါရမီတွေရှိတဲ့ "စွယ်စုံရ" ပုဂ္ဂိုလ်တစ်ဦး ဆိုတာကို ကျနော်နားလည်လိုက်ပါတယ်။ 

သူဟာ စာရေးဆရာတွေဖြစ်တဲ့ သူ့မိဘတွေရဲ့ခြေရာကိုနင်းပြီး ပန်းချီလည်းရေးပါတယ်။ ၂၀၁၆ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်မှာ ဂုဏ်သရေရှိတဲ့ အမျိုးသားစာပေဆုချီးမြှင့်ခြင်းခံခဲ့ရတယ်။   ညီပုလေးပါဝင်တဲ့ မန္တလေးတက္ကသိုလ်ဘောလုံးအသင်းဟာ ၁၉၇၀ခုနှစ်ရဲ့ တစ်နိုင်ငံလုံးအဆင့် တက္ကသိုလ်များဘောလုံးပွဲမှာ ဒုတိယဆုရခဲ့ပါတယ်။  (သူ့ဖခင်ဖြစ်သူ ဦးလှဟာ ၁၉၃၀ခုနှစ်အစောပိုင်းတွေက  ဒုတိယကမ္ဘာစစ် စစ်ကြိုကာလ တွေမှာ ရန်ကုန်မြူနီစပယ်အသင်းက ဘောလုံးသမားတစ်ဦးဖြစ်ခဲ့ပါတယ်။) ဖိနှိပ်ခံလူမျိုးစုံရှိပြီး ပြင်းထန်တဲ့ပဋိပက္ခတွေ၊ သဘောထားကွဲလွဲမှုတွေများလှတဲ့တိုင်းပြည်တစ်ခုလုံးမှာ အောင်မြင်ပြီး တိုင်းသိပြည်သိစကားပြောနိုင်သူ ညီပုလေးဟာ သူ့ရဲ့စာရေးဆရာအသံကို သုံးပြီး တိုးတက်ရေးဝါဒ၊ ယဉ်ကျေးမှုပေါင်းစုံ တန်းတူညီမျှရှိရေးဝါဒ၊ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးဝါဒတွေကို ပျံ့နှံ့စေခဲ့ရင်း သူထောင်ကလွတ်လာပြီးနှစ်၂၀ကျော်အကြာမှာ မျိုးဆက်သစ်တွေနဲ့ 

အတိုက်အခံတွေကို ပြုစုပျိုးထောင်ပေးပါတယ်။ သူဟာ  နေ့တဓူဝလူမှုဘဝကို ထင်ဟပ်စေတဲ့ street photography ဓာတ်ပုံရိုက်သူအဖြစ်နဲ့လည်း ဓာတ်ပုံတွေရိုက်ခဲ့ပြီး ဓာတ်ပုံစာအုပ်လည်း ထုတ်ခဲ့ပါတယ်။ 

သူစိတ်ပါတဲ့အခါမျိုးတွေမှာ လူအများကြည့်နိုင်တဲ့ အခမဲ့  ဖျော်ဖြေခြင်းတွေကို သီရေတာ ပြင်ပ အများဆိုင်နေရာတွေမှာ လက်တန်း Performance ဖျော်ဖြေခြင်းတွေ ပြုလုပ်ပါတယ်။ 

ဒါပေမယ့် သူ့ကို ကျနော် လူချင်းသေချာတွေ့ဖူးတာကတော့ အစ္စလမ်ဘာသာကြောက်ရွံမုန်းတီးခြင်းဆိုတဲ့ လူအဖွဲ့အစည်းရဲ့ စိတ်ရောဂါ ကို ကျနော်တို့တွေ အတူတကွဆန့်ကျင်ကြတဲ့အခြေအနေတစ်ခုမှာပါပဲ။ ပိုပြီးတိတိကျကျပြောရရင် မြန်မာပြည်အနောက်ဘက်မှာနေတဲ့ ရိုဟင်ဂျာတွေကို စစ်အစိုးရကစီစဉ်ဦးဆောင်ပြီး လူမျိုးတုံးသတ်ဖြတ်တဲ့လှုပ်ရှားမှုကာလမှာပါ။

၂၀၂၁ခုနှစ်၊ ဇွန်နဲ့အောက်တိုဘာမှ စနစ်တကျစီစဉ်ထားတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု နှစ်ကြိမ်ဖြစ်ပြီးတဲ့နောက်မှာ ကျနော်ဟာ လူမှုကွန်ရက်မှာ  မြန်မာပြည်ရဲ့အတွေးအခေါ်ပိုင်းဆိုင်ရာနဲ့ စကားသြဇာလွှမ်းမိုးမှုရှိသူတွေကို လူမျိုးရေးခွဲခြားမှု၊ လူမျိုးတုံးသတ်ဖြတ်မှု နဲ့ နိုင်ငံတကာဥပဒေတွေကို အသိဖြန့်ဝေဖို့အတွက် ရက်တိုသင်တန်းတစ်ခုကို စီစဉ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားမှာရှိတဲ့ ခမာနီတရားစီရင်ရေးတရားရုံးချုပ်တစ်ခုဖြစ်တဲ့  Genocide Documentation Center ခေါ် လူမျိုးတုံးသတ်ဖြတ်ခြင်းဆိုင်ရာသက်သေခံစာတမ်းပြုစုရေး သုတေသနဌာနကြီး)၊

ဘန်ကောက်မြို့မှာရှိတဲ့ မွတ်စလင်ငြိမ်းချမ်းရေးနဲ့ပဋိပက္ခလေ့လာရေးဌာနနဲ့ စေ့စပ်ညှိုနှိုင်းသောဗုဒ္ဓဘာသာဝင်များရဲ့နိုင်ငံတကာကွန်ရက်တို့ရဲ့ ကူညီမှုနဲ့ ကျနော်ဟာ မြန်မာအနုပညာရှင်တွေ၊ စာရေးဆရာတွေ၊ ကျောင်းဆရာတွေ၊ အခြေခံလူတန်းစားတွေ ၊ သံဃာ၊ သီလရှင်တွေ

အပါအဝင် ခရစ်ယာန်နဲ့မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေကို အရေးပေါ် ရက်တို ပညာပေးအစီအစဉ် အတွက် ကမ္ဘောဒီယားနဲ့ထိုင်းနိုင်ငံကို ခေါ်သွားခဲ့ပါတယ်။

အဲ့ဒီ့သင်တန်းပို့ချမှု သင်တန်းအခေါက်တွေထဲက တစ်ခုသောအခေါက်မှာတော့ ကျနော်ဟာ ညီပုလေးနဲ့ ဆုံခဲ့ပါတယ်။ ကျနော်တို့ချင်းရဲ့ ပုဂ္ဂိုလ်ရေးအကြောင်းအရာတွေနဲ့ မိသားစုချင်းအကြောင်း ပြောကြဆိုကြပြီး ကျနော်တို့ရင်းနှီးသွားခဲ့ကြပါတယ်။ 

သူ့အမေ၊ ဗမာပြည်ကွန်မြူနစ်ခေါင်းဆောင်ဘဟိန်း(နိုဝင်ဘာ ၁၉၄၆မှာကွယ်လွန်) နဲ့ ကျနော့်ရဲ့အဘိုးလေးဇံရင် ( စစ်ကိုင်းကော်မရှင်နာ ကွယ်လွန်) (စစ်ကိုင်းပြည်နယ်ဆိုတာ ၂၀၂၁အာဏာသိမ်းစစ်တပ်ကို  လက်နက်ကိုင်ပြီးခုခံနေတဲ့ အပြင်းထန်ဆုံးဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။)တို့ဟာ အာဇာနည်တစ်ဦးလည်းဖြစ်တဲ့ မွတ်စလင်ပညာဝန်ဦးရာဇတ်က ကိုလိုနီခေတ်မှာ တည်ထောင်ထားတဲ့ အမျိုးသားကျောင်းက ကျောင်းသား၊ ကျောင်းသူတွေဖြစ်ပါတယ်။ သူ့အမေဟာ ကျနော့ အဘိုး လေး ဇန်ရင်ရဲ့ဈာပနကျင်းပချိန်  သုသာန်မှာ ကျနော်နဲ့ကျနော့်အမေကို သူ့ကားစိမ်းလေးနဲ့ သုသာန်ထိ ပို့ပေးပါတယ်။ ဆရာဝန်တစ်ဦးဖြစ်တဲ့သူ့အစ်မဟာ အဘိုးဇန်ရင် အသည်းအသန်နေမကောင်းဖြစ်နေချိန်တွေမှာ ဆေးကုပေးခဲ့ပါတယ်။

သူ့ရဲ့ဝမ်းကွဲနှမဟာ ကျနော်မန္တလေးတက္ကသိုလ်တက်နေချိန်မှာ ကျနော့်ရဲ့ ဓာတုဗေဒဌာနနည်းပြဆရာမတစ်ဦးဖြစ်ခဲ့ပြီး သူ့အငယ်ဆုံးဝမ်းကွဲညီကတော့ ကျနော်တို့ သူငယ်တန်းကစပြီး အတန်းဖော်ဖြစ်ခဲ့ပါတယ်။ အထက်ဆန်းဆရာမတစ်ဦးဖြစ်တဲ့ကျနော့်အမေဟာ သူ့ညီမဝမ်းကွဲကို အထက်တန်းကျောင်းအမှတ်(၈) လို့ လူတွေသိတဲ့မိန်းကလေးကွန်ဗန့်ကျောင်းမှာ စာသင်ပေးခဲ့ပါတယ်။ 

ဖနွမ်းပင်မြို့ရဲ့ လမ်းဘေးဆိုင်မှာထိုင်စားကြတုန်းက ကိုညီပုလေးက ကျနော့်ကိုစေ့စေ့ကြည့်ရင်း " ကျနော်ခင်ဗျားကို အင်တာဗျူးလုပ်ပြီး ခင်ဗျားအကြောင်းရေးချင်တယ်" လို့ပြောတယ်။ " စစ်အစိုးရလိုလားသူ၊၊ ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံလုပ်သူလို့ ခင်ဗျားကို လူတွေမြင် နေတာဟာ မကောင်းဘူး" လို့သူက ဆက်ပြောပြန်တယ်။ မှာထားတဲ့စားစရာသောက်စရာတွေကို စားပွဲခုံပုလေးမှာ စောင့်နေရင်း   မန္တလေးဝိုင်အမ်စီအေအတွင်းရေးမှူး ကိုနေဝင်းက နားထောင်နေတယ်။ ကျနော်ငြင်းခဲ့တယ်။                             " ကျနော့်နာမည်ကို ရှင်းနေတာထက် စစ်ထောက်လှမ်းရေးတွေမသိအောင်လျှို့လျှို့ဝှက်ဝှက်နဲ့ ကျနော့်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်တဲ့အစီအစဉ်အတွက်လာခဲ့တဲ့ ခင်ဗျားရဲ့ခရီးစဉ် မပေါ်ဘို့ ထိန်းတာက ပို အရေးကြီးပါတယ်" လို့ ကျနော်သူ့ကိုပြန်ပြောခဲ့တယ်။ ကျနော်ဘာကိုဆိုလိုတယ်ဆိုတာကို သူ ချက်ချင်းနားလည်တယ်။

 တိုင်းပြည်ရဲ့ချစ်လှစွာသောအတိုက်အခံနဲ့ ပရိသတ်ကချီးကျုးတဲ့စာရေးဆရာတွေထဲက တစ်ယောက်ဟာ သူ့ရဲ့ကလောင်အစွမ်းကိုသုံးပြီး လူတွေရဲ့အထင်အမြင်မှားကို ထိပ်တိုက်တွေ့ ရှင်းမယ်ဆိုတဲ့ သူ့စေတနာ အတွက် ကျနော်သူ့ကို လေးလေးနက်နက်ကျေးဇူးတင်တယ်။ ဒီဟာက ကျနော့်အတွက် စိတ်စေတနာ။ ဒီကျနော်ဆယ်ကျော်သက်အရွယ်ထဲက လေးစားခဲ့ရတဲ့သူတစ်ယောက်ဆီကနေ ကျနော်ခံစားရတဲ့ ကိုညီပုလေးရဲ့ စိတ်စေတနာဟာ ကြီးမားပါတယ်။

ကျနော်စီစဉ်တဲ့ နိုင်ငံတကာလူမျိုးတုံးသတ်ဖြတ်မှုဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီထောက်ခံအားပေးရေးလှုပ်ရှားမှုတွေအမျိုးမျိုးမှာ သူဟာ ပါဝင်ခဲ့ပြီး မိုင်ထောင်ချီဆက်ပြီး ခရီးထွက်ခဲ့တယ်။ ကျနော့်ရဲ့လှုပ်ရှားမှုအတွက် သူဟာ သူ့နာမည်နဲ့ ဆက်စပ်မှုတွေကို ကျနော့်ကို ပေးသုံးခဲ့တယ်။  သူဟာ လူတစ်ဦးချင်းစီတွေနဲ့ အဖြစ်အပျက်တွေ၊ အခမ်းအနားတွေမှာ ဓာတ်ပုံရိုက်ပြီး၊ ဗွီဒီယိုရိုက်ပြီး မှတ်တမ်းတင်နေတာကို ကျနော်တွေ့ခဲ့တယ်။  Public မှာသုံးဖို့ အတွက် ဒီမှတ်တမ်းတွေကို ကျနော့်ကိုမျှဝေဖို့ သူဟာ လက်မနှေးခဲ့ဘူး။ 

ကျနော်တို့ဟာ ဘန်ကောက်မှာ၊ ဖနွမ်းပင်မှာ၊ Siem Reap မှာ၊  ကွာလာလမ်ပူမှာ၊ အော်စလိုမှာ ကျနော်တို့ နေ့ရော၊ ညရော အတူရှိခဲ့ကြတယ်။ စီးလုံးငှားဘတ်စ်ကားပေါ်မှာ၊ လှေပေါ်မှာ အတူရှိခဲ့ကြတယ်။ ဘုရားပုထိုးနဲ့စေတီပုရဝဏ်တွေထဲမှာ အတူလမ်းလျှောက်ခဲ့ကြတယ်။ လေးထောင့်ပုံရင်ပြင်တွေမှာ၊ ဒါမှမဟုတ် လူသွားလမ်းလေးတွေမှာ ကျနော်တို့ထိုင်ခဲ့ကြတယ်။ ကမ္ဘောဒီးယားရဲ့လူသတ်ကွင်းတွေနဲ့ ညှဥ်းပန်းနှိပ်စက်ငရဲခန်းတွေဆီ သွားပြီးလေ့လာခဲ့ကြတယ်။ ကျနော်တို့ ဘီယာစုပ်ခဲ့ကြ၊ ဝီစကီသောက်ခဲ့ကြတယ်။ ခမာနီတရားစီရင်ရေးရုံးချုပ်မှာ တရားစစ်ဆေးမှုတွေကို လူကိုယ်တိုင် ကြည့်ခဲ့ရတယ်။ခမာနီလူမျိုးတုံးသတ်ဖြတ်မှုမှာ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ကျနော်တို့စကားတွေပြောခဲ့ကြတယ်။ လူမျိုးတုံးသတ်ဖြတ်ခြင်းကိစ္စ ကျွမ်းကျင်ပညာရှင်တွေ၊ တရားစီရင်ရေးအဖွဲ့မျိုးစုံတွေရဲ့ စကားတွေ၊ ရှင်းလင်းပြောကြားချက်တွေကို နားထောင်ခဲ့ကြတယ်။ ကျနော်တို့ဟာ နိုင်ငံရေး မမှန်မကန်ဟာသတွေ ပြောခဲ့ကြတယ်။ ခရီးသွားရတာတွေအဆင်မပြေတော့တဲ့အခါ ကျနော်တို့ဟာ Zoom ကနေ တွေ့ပြီး ဆွေးနွေးခဲ့ကြတယ်။ 

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် သူပုန်းအောင်းနေတဲ့အချိန်ကာလတွေမှာ ညီပုလေးဟာ ကိုလိုနီလက်အောက် က အတွေးအခေါ် လွတ်မြောက်ရေး၊ အတွေးအမြင်အယူအဆတွေ အကြောင်း လေ့လာဖိုနဲ့ ဖြန့်ဝေဖို့အတွက် ဆန္ဒရှိတဲ့ မြန်မာအတွေးအခေါ်ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေနဲ့စာရေးဆရာတွေရဲ့ Zoom မှာ တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းချက်ကို နှစ်လိုစွာ လက်ခံခဲ့တယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ရာသက်ပန်ရန်သူဖြစ်တဲ့ မြန်မာစစ်တပ်ရဲ့ ဆက်ကာဆက်ကာပိုအရှိန်တက်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ ရက်ရက်စက်စက်ညှဥ်းပန်းနှိပ်စက်မှုတွေဟာ ကျနော်တို့ကို ဖိအားတွေပေးခဲ့တယ်။  လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တဲ့ စစ်အစိုးရကို တကယ့်ကိုပြန်ခုခံတိုက်နေတဲ့သူတွေနဲ့ Generation Z တွေအတွက် အမှန်တကယ်အကူအညီပေးနေတဲ့ အတွေးအမြင်တန်ခိုးတွေအပေါ်အာရုံစိုက်နေတာကနေ တက်ကြွလုပ်ရှားမှုတွေကို အရေးကြီးမှုအစီအစဉ်အလိုက် ဦးစားပေးလုပ်ကြဖို့ ကျနော်တို့ကို ဖိအားပေးခဲ့တယ်။

ညီပုလေးဟာ တွေ့တဲ့သူတိုင်းကို လူလူချင်းထားအပ်တဲ့အခြေခံလေးစားမှုမျိုးနဲ့ ဆက်ဆံခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်။  သူ့အချိန်၊ သူ့ ပါရမီ၊ သူရေးသားခဲ့တဲ့စာတွေနဲ့အတူ  သူဟာသတ္တိရှိတယ်။ အတွေးအခေါ်မြင့်မားတယ်။ ကြင်နာတတ်တယ်။ နောက်ပြီး သဒ္ဓါတရားထက်သန်တယ်။ ဒါတွေအပြင် သူဟာ ပလွှားခြင်းကင်းပြီး မြန်မာစိတ်နဲ့တိုက်ရိုက်စိတ်ပူစရာကိစ္စတွေအတွက်လောက်သာ မဟုတ်ဘဲ လူမျိုးရေးခွဲခြားဖိနှိပ်မှု၊ နိုင်ငံတကာဥပဒေ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု၊ လူမျိုးတုံးသတ်ဖြတ်ခြင်းနဲ့ ရက်စက်ယုတ်မာလှတဲ့ရာဇဝတ်မှုကိစ္စတွေ အကြောင်း လေ့လာသင်ယူဖို့အတွက်ပါ သတ္တိရှိရှိနဲ့ စိတ်အားထက်သန်မှုတွေပြည့်နေတဲ့သူဖြစ်တယ်။ 

ကျနော့်အမြင်အရတော့ အာဏာရှင်ကိုဆန့်ကျင်ခုခံခဲ့တဲ့ ကျနော်တို့မျိုးဆက်နဲ့ ကျနော်တို့ဟာ  ဦးလှ၊ လူထူဒေါ်အမာ၊ ကျနော့်မိဘတွေနဲ့ ညီပုလေးရဲ့အစ်ကိုတွေ၊ ညီပုလေးကိုယ်တိုင်မျိုးဆက်တွေရဲ ပုခုံးပေါ်မှာ ရပ်နေကြရတာပါ။ စစ်အာဏာရှင်စနစ်ကို ကျဆုံးသွားအောင် မဖြိုချနိုင်ခဲ့ကြပေမယ့် သူတို့ရဲ့ဝိဉာဉ်တွေဟာ အားကျအတုယူစရာ တစ်ခုထဲသောအရေးအကြီးဆုံးအရင်းအမြစ်အဖြစ် ရှိနေဆဲပါပဲ။  သူတို့ပင်ပင်ပန်းပန်းခဲခဲယဉ်းယဉ်းတိုက်ခဲ့တာတွေရဲ့ရလဒ်ကို ပလပ်ပြီး သူတို့ပေးဆပ်ခဲ့တဲ့အသက်တွေနဲ့ဘ၀တွေကို အမြဲအမှတ်ရနေဖို့လိုပါတယ်။ 

ညီပုလေးမိသားစုရဲ့  တိုင်းပြည်နဲ့ချီပြီး ဖိနှိပ်မှုချုပ်ချယ်မှု၊ လူတန်းစားခွဲခြားမှုတွေကို ဆန့်ကျင်ခုခံခဲတဲ့ ရှည်လျားပြီးဂုဏ်ယူစရာကောင်းလှတဲ့သမိုင်းကို သိနားလည်ပြီး  ကျနော်ဟာ ကျနော့်မိတ်ဆွေတော်လှန်ပုန်ကန်သူနဲ့ ဇာတိတူမန္တလေးသား ကွယ်လွန်သွားခြင်းကို ဆယ်စုနှစ် ခုနစ်ခုစာရောက်နေတဲ့အခုအချိန်မှာ ကျနော်တို့ရဲ့ ရပ်တည်ခုခံလှုပ်ရှားမှုတွေအတွက် သာမည ဆုံးရှုံးမှုမဟုတ်ဘူးလို့  မြင်တယ်။ ဒါပေမယ့် ဒီ့ထက် ပိုပြီးလေးနက်တဲ့အကြောင်းအရာလည်း ရှိပါတယ်။  ညီပုလေးသေဆုံးခြင်းဟာ   ညှိုနှိုင်းဖြေရှင်းလို့မရတဲ့အခြေခံမူတွေ၊ အခြေခံလေးစားမှု၊ စစ်မှန်တဲ့မိတ်ဘက်၊ အပြန်အလှန်အသိအမှတ်ပြုမှုတွေနဲ့အခြေခံလေးစားမှုတွေရဲ့နက်ရှိုင်းတဲ့အာရုံကို ကုတ်တွယ်ထားတဲ့ တစ်သီးတစ်သန့်အမျိုးအစားနိုင်ငံရေး ရဲ့သေဆုံးမှု(ဒါမှမဟုတ်) ခေတ်ကာလရဲ့သေဆုံးမှုဆိုတာကို ညွှန်ပြပါတယ်။ သူဟာ ဖိနှိပ်ချုပ်ချယ်မှု၊ အာဏာပြုမှု၊ နဲ့ ခေါင်းပုံဖြတ်မှု၊ လူမျိုးရေး၊ ဘာသာရေး၊ လူတန်းစားခွဲခြားခြင်း ဘယ်လိုအသွင်သဏ္ဍာန်မျိုးကိုမဆို ဆန့်ကျင်ခုခံခဲ့တဲ့ အခြေခံမူဝါဒခိုင်မာလှတဲ့ အတိုက်အခံမျိုးဆက်ပေါင်းများစွာရဲ့ နောက်ဆုံးအတိုက်အခံမျိုးဆက်တွေထဲက တစ်ယောက် ဒါမှမဟုတ် နောက်ဆုံးအတိုက်အခံတစ်ယောက် ဖြစ်တယ်။ 

ညီပုလေးဟာ အတိုက်အခံတစ်ယောက်ဆိုတာထက် ပိုပါတယ်။ သူဟာ သမိုင်းအသိ၊ ဒါမှမဟုတ် ဌာနေအသိတွေကြွယ်၀နေတဲ့အမြုတေပါပဲ။ တော်လှန်ရေးသံသရာတွေမှာ အရေးကြီးတဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာတွေအများကြီးကို သူဟာ စာပေအနေနဲ့ရော၊ နိုင်ငံရေအနေနဲ့ရော ကောင်းကောင်းသိတယ်။ သူ့ဟာ အဖြစ်အပျက်တွေအများကြီး၊ အတွေ့အကြုံတွေအများကြီးကို ရင်ဆိုင်ခဲ့ရတယ်။ ညီပုလေးဟာ မြန်မာပြည်ရဲ့နိုင်ငံရေးနဲ့ယဉ်ကျေးမှုသမိုင်းရဲ့ သက်သေတစ်ခုပါပဲ။ ကျနော်မျှော်လင့်နိုင်တာကတော့ သူဟာ သူ့ရဲ့ကျယ်ပြောတဲ့အသိပညာတွေ မှာ ပုံသဏ္ဍန်တစ်မျိုးမျိုးနဲ့  မှတ်တမ်းတင်ထားခဲ့လိမ့်မယ် ဆိုတာကိုပါပဲ။ 

ကျနော်တို့တွေထဲကတချို့ဟာ  သူနဲ့အတူတွဲ လူသိခံရသူပြီး ၊ သူနဲ့အတူအလုပ်အတူတွဲလုပ်ခဲ့ကြပြီး   ထူးကဲတဲ့အခွင့်အလမ်းရခဲ့ကြတယ်။  တော်လှန်ရေးတွေမှာ ခင်ဗျားရဲ့ အထင်ကရတော်လှန်ရေးသမားမိသားစု ကို ရာစုနှစ်တစ်ခုစာနီးပါး ဦးဆောင်လမ်းပြခဲ့တဲ့ တရားမျှတခြင်း၊ တန်းတူညီမျှရှိခြင်းနဲ့ လွတ်လပ်မှုအခြေခံမူဝါဒတွေကိုလည်း သူတို့ ဆက် ပြီး ဆုတ်ကိုင်သွားကြမယ်ဆိုတာကို ကျနော် သိပါတယ်။

တော်လှန်ရေးထဲမှာ အနားယူပါတော့ အစ်ကို။ 

ကိုညီပုလေး၊ အမှတ်တရ အောက်မေ့ ဂုဏ်ပြု ဘာသာပြန်ကဗျာ တပုဒ်။ 

မင်း ကိုယ်တိုင် လောင်ကျွမ်းလိုက်ပါ

တဝက်နဲ့တဘက်က လာလောင်ကျွမ်းတာကို မခံနဲ့

လောင်လိုက်စမ်းပါ...လောင်နိုင် သလောက်။

ပြာကျတဲ့အထိ လောက်ပစ်လိုက်စမ်း။

တဝက်တပျက်လောင်ကျွမ်းပြီးသား

သစ်ငုတ်တိုဟာ

ဘာများအသုံးကျသလဲ။

တဝက်တပျက်နဲ့ငြိမ်းမယ်ဆိုရင်တော့

အစကတဲက စ  မလောင်နဲ့။

တောအုပ် စိမ်းစိမ်း လို

 မ လောင်မကျွမ်း ခံရအောင်နေရမှာ

ဒါပေမယ့် မင်းဟာ လောင်ကျွမ်းဖို့ဆိုရင်တော့

မင်း ကိုယ်တိုင် အစွမ်းကုန် လောင်ပစ်လိုက်ပေါ့။ 

ရှေ့တလျှောက်လုံးမှာ

လောင်ကျွမ်းလိုက်ပါ

ပြာကျတဲ့အထိ လောက်ကျွမ်းပစ်လိုက်ပါ။

“Love” by Lee Un-sang (Rohsan9) (၁၉၀၃-၁၉၈၂) 

(ကဗျာဘာသာပြန်- ညိုခက်ကျော်။)

မောင်ဇာနည်၏ "Nyi Pu Lay (1952-2023): Resting in the Revolution" ကို သတင်းစာအယ်ဒီတာ ဒေါက်တာအေးဆွေဆွေဘာသာပြန်သည်။

မူရင်းဖတ်ရှုလိုပါက - https://forsea.co/nyi-pu-lay-1952-2023-resting-in-the-revolution/?fbclid=IwAR1LQO6nTn140MEwtiXrafpTcFYUFpZKrqWnElGyxKRdRvGshOjV9SJ261c

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly