ကန်နီပျူရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့်တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
05 August 2023
ကန်နီပျူရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ် ၊ မြောက်ဘက်အခြမ်းရှိ ကန်နီပျူရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၄ ရက် နံနက် ၉ နာရီခွဲ အချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယားတပ်ဖွဲ့ထံမှ သိရပါသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ပြင်းထန်ထိခိုက်မှုရှိခဲ့ကြောင်း ချင်းတွင်းတိုးနယားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“ ၄၀ မမ ၊ ၆၀မမ ၊ ၈၀ မမ လက်နက်ကြီးတွေကို အများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကန်နီ ပျူရွာကကြီးတော့ စစ်ကောင်စီတပ်ဖွဲ့ ဝင် ပျူစောထီးတွေ အထိအခိုက် တော်တော်လေးများနိုင်ပါတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကျော်ကြာခဲ့ပြီး ရန်သူ့ဘက်က ၁၀ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိထားကြောင်း သိရတယ်” ဟု ၎င်းကဆိုသည်။

ထိုတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယားတပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်း ၊ ဘာမထီတိုင်းကျော် ၊ ဇာမဏီ ၊ စွန်ရဲ ၊ ဗိုလ်လရောင်တပ်ဖွဲ့ နှင့် ဒေသတွင်းမဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ယခင် ဇူလိုင်လ ၂၉ ရက်နေ့တွင်လည်း ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။ 

၎င်း လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစုများသည် လက်နက်ကြီးများကို အဆင့်မြင့် ထုတ်လုပ်နေပြီး စစ်ကောင်စီတပ် အထိုင်စခန်းများကို ဆက်တိုက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းတွင်းတိုးနယား တပ်ဖွဲ့ထံမှ သိရပါသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly