KNU တပ်မဟာ (၅) နယ်မြေတွင် ၁ လအတွင်း တိုက်ပွဲ ၁၈၉ ကြိမ်ဖြစ်ပွား 

By YT (မဇ္ဈိမ)
05 August 2023
KNU တပ်မဟာ (၅) နယ်မြေတွင် ၁ လအတွင်း တိုက်ပွဲ ၁၈၉ ကြိမ်ဖြစ်ပွား 
ဓါတ်ပုံ (KNU-မူတြော်သတင်းစဉ်) ပုံအညွှန်း- ရှေ့တန်းနယ်မြေမှ တပ်မဟာ (၅) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ တစ်လအတွင်း တိုက်ပွဲအကြိမ်ရေ ၁၈၉ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်၏ ဩဂုတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

"ဘူးသိုနဲ့ ဒွယ်လိုးမှာက တိုက်ပွဲတွေဖြစ်တာ များပါတယ်။ မဲဝိုင်မှာလည်း တိုက်ပွဲတွေများတယ်" ဟု တပ်မဟာ (၅) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။  

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း KNU တပ်မဟာ (၅) နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့၊ ၎င်းတို့၏လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအကြိမ်ရေ ၁၈၉ ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် BGF တို့ဘက်မှ ၁၀၉ ဦးသေဆုံး၍ ၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါ ဇူလိုင်လ တစ်လတာ တိုက်ပွဲများအတွင်း တပ်မဟာ (၅) KNLA ဘက်မှလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ဇူလိုင်လအတွင်း တပ်မဟာ (၅) KNLA က စစ်ကောင်စီတပ်၏ ရုံးအဆောက်အအုံသုံးလုံးနှင့် စစ်ကောင်စီတပ်က ပိုင်ဆိုင်သည့် ရိက္ခာတင်ကား VIGO အမျိုးအစား ကားတစ်စီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ အသုံးပြုသည့် မြင်း၊ လား ၄၁ ကောင် သေဆုံးခဲ့ကာ အကောင်ရေ ၃၀ ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။ 

"တပ်မဟာ(၅) ဒေသက တော၊ တောင်တွေ ထူထပ်တော့ တချို့ဒေသတွေက ကားလမ်း မပေါက်လို့ သယ်ယူရေးအတွက် မြင်း၊ လား အသုံးပြုရတာပါ" ဟု တပ်မဟာ (၅) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

တိုက်ပွဲဖြစ်စဉ်များအပြင် ဇူလိုင်လအတွင်း KNU တပ်မဟာ (၅) နယ်မြေအတွင်းရှိ ဒေသခံများနေထိုင်ရာ ကျေးရွာများနှင့် တောင်ယာလုပ်ငန်းခွင်များသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ဒေသခံရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ 

ပြီးခဲ့သည့် ဇွန်လအတွင်း၌လည်း တပ်မဟာ (၅) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း ၁၇၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်တွင် ဒု-တပ်ကြပ်တစ်ဦးအပါအဝင် ၁၄၆ ဦး သေဆုံးခဲ့ကာ ၄၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။       ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly