မြန်မာဘဏ် ၂ ခုအား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားခြင်းကို စတင်လိုက်နာကြရန် အမေရိကန် သတိပေး

မြန်မာဘဏ် ၂ ခုအား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားခြင်းကို စတင်လိုက်နာကြရန် အမေရိကန် သတိပေး
Photo-AFP

ဇွန်လအတွင်းက အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းခဲ့သည့် မြန်မာဘဏ် နှစ်ဘဏ်နှင့် လုပ်ငန်းကိစ္စများ ဆောင်ရွက်ခြင်းများကို စီးပွားရေးလုပ်ငန်းများအနေဖြင့် ဩဂုတ် ၅ ရက် နောက်ဆုံးထားကာ ရပ်တန့်ကြရန် အမေရိကန်က သောကြာနေ့တွင် သတိပေးသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အား ဇွန် ၂၁ ရက်က နာမည်ပျက်စာရင်း သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်း ဘဏ်နှစ်ဘဏ်သည် စစ်ကောင်စီက လက်နက်နှင့် လောင်စာဆီ ပြည်ပမှ ဝယ်ယူရာတွင် နိုင်ငံခြားငွေ အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်ပေးနေသကဲ့သို့ ပြည်ပအကောင့်များ အသုံးပြုကာ နိုင်ငံခြားဈေးကွက်များသို့ ဝင်ရောက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးနေကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

မြန်မာ့ ရေနံ၊ ဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မျက်နှင့် အခြားသော နယ်ပယ်များမှ စစ်ကောင်စီ အကျိုးအမြတ် ရရှိရေးကို ယင်း ဘဏ်များက ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလာက ပြောသည်။

တစစ လုပ်ငန်းလျှော့ချခြင်း လုပ်ဆောင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းကိုင်ငန်းများကို အဆိုပါ MFTB နှင့် MICB ဘဏ်တို့နှင့် ဆက်လက်၍ လုပ်ငန်းလုပ်ကိုင်နိုင်ရန် ခွင့်ပြုသည့် လိုင်စင်တစ်ရပ်ကို ဇွန်လအတွင်းက ချထားပေးခဲ့သော်လည်း အဆိုပါ လိုင်စင်မှာ စနေနေ့ (ဩဂုတ် ၅ ရက်) တွင် သက်တမ်းကုန်ပြီဖြစ်၍ အဆိုပါ ဘဏ်များနှင့် ဆက်လက်၍ လုပ်ငန်းဆောင်ရွက်ခြင်းကို ဘိုင်ဒင်အစိုးရအနေဖြင့် အပြစ်ပေးခြင်း စတင်ဆောင်ရွက်တော့မည် ဖြစ်သည်။

“ဒဏ်ခတ်ပိတ်ဆို့မှု ရည်ရွယ်ချက်နဲ့ အမေရိကန်ရဲ့ မူဝါဒကို ဆန့်ကျင်ဖီလာပြုတဲ့ ရှောင်လွှဲမှုတွေနဲ့ အခြား အမူအကျင့်တွေကို တန်ပြန်သွားဖို့ MFTB နဲ့ MICB တို့နဲ့ လုပ်ငန်းကိစ္စ ပတ်သက်လုပ်ကိုင်မှုတွေကို အမေရိကန်အနေနဲ့ ဂရုတစိုက် စေ့စေ့စပ်စပ် စောင့်ကြည့်သွားမှာ ဖြစ်တယ်၊ ကျွန်တော်တို့အနေနဲ့ သင့်တော်တဲ့အတိုင်း ဥပဒေအရ အရေးယူမှုတွေကို လုပ်ဆောင်မှာ ဖြစ်တယ်”ဟု မီလာက သတိပေးသည်။

“ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး ရှာဖွေနေပြီး နိုင်ငံရဲ့ ဒီမိုကရေစီ အနာဂတ်အတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူကို ထောက်ပံ့အားပေးသွားရေးမှာ အမေရိကန်ဟာ ယိမ်းယိုင်လိမ့်မှာ မဟုတ်ဘူး၊ စစ်ကောင်စီရဲ့ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်မှာ အသုံးချနိုင်စွမ်း ရှိနေတာကို ထိန်းချုပ်ဖို့အတွက်  ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေ၊ နိုင်ငံတကာ အသိုင်းအဝန်းက မဟာမိတ်တွေနဲ့ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly