နယ်မြေရှင်းလင်းရေးဆောင်ရွက်နေချိန် မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် CDF ရဲဘော်ကျဆုံး

By ပါခွီး(မဇ္စျိမ)
04 August 2023
နယ်မြေရှင်းလင်းရေးဆောင်ရွက်နေချိန် မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် CDF ရဲဘော်ကျဆုံး
ပုံအညွှန်း။     ။ ကျဆုံးသွားသည့် ရဲဘော် ဆလိုင်း အွမ်ဂေး(ဓာတ်ပုံ -Kanpetlet Voice)

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က ယနေ့ဩဂုတ်လ ၄ ရက်တွင် ထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ် လောင်းရှည် - ကျင်ဒွေးလမ်းပိုင်း၌ ဩဂုတ်လ ၃ ရက် နေ့လယ် ၂ နာရီအချိန်ခန့်တွင် မိုင်းမတော်တဆမှုဖြစ်ပွားပြီး တပ်ဖွဲ့ဝင် ဆလိုင်းအွမ်ဂေး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အမျိုးသားရေးအတွက် ပေးဆပ်မှုအပေါ်  လေးစားဂုဏ်ယူပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း CDF – Kanpetlet ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါမိုင်းမတော်တဆဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် တာဝန်ရှိသူများထံ ဆက်သွယ်လျက်ရှိသည်။

ကျဆုံးသွားသည့် ရဲဘော်ဆလိုင်းအွမ်ဂေးသည်  ယခင်က CDF – Kanpetlet တူမီး တပ်ရင်း၏ တပ်ရင်းမှူးဟောင်းတစ်ဦးဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ ကိုးကားပြီး ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် Kanpetlet Voice က ရေးသားထားသည်။

ဇူလိုင်လတွင် ကန်ပက်လက်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်လာရာ CDF – Kanpetlet နှင့် ပူးပေါင်းတပ်ဖွဲ့ များက ခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော် သေဆုံးခဲ့သည့်ဖြစ်စဉ်ကို CDF-Kanpetlet တပ်မဟာမှူးက မဇ္ဈိမသို့ ဇူလိုင်လ ၂၈ရက်က ပြောဆိုထားသေးသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly