ရေစကြိုတွင် ကာကွယ်ရေးတပ်ဖွဲ့ချင်းပစ်ခတ်မှု မြင်းခြံခရိုင်တပ်ရင်း(၅)ဒုတပ်ရင်းမှူးသေဆုံး

ရေစကြိုတွင် ကာကွယ်ရေးတပ်ဖွဲ့ချင်းပစ်ခတ်မှု မြင်းခြံခရိုင်တပ်ရင်း(၅)ဒုတပ်ရင်းမှူးသေဆုံး
ဗိုလ်ကျော်လင်းထွန်း(ပုံဟောင်း)

ရေစကြိုမြို့နယ်တွင် ယနေ့နံနက်က ဖြစ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုအတွင်း မြင်းခြံခရိုင်တပ်ရင်း(၅)ဒုတပ်ရင်းမှူး သေဆုံးကာ တင်းမာမှုဆက်မဖြစ်စေရေး ‌ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

ပစ်ခတ်မှုသည် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကန်ဦးရွာစာသင်ကျောင်းအနီးတွင် ယနေ့ ဩဂုတ်လ ၄ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ၊ မြင်းခြံခရိုင်တပ်ရင်း(၅)ဖြစ်သော MG 6 ပြောက်ကျား တပ်ဖွဲ့ကို ရေလယ်ကျွန်းတပ်ပေါင်းစုအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က စတင်ပစ်ခတ်ရာမှ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ထိုတိုက်ခိုက်မှုတွင် MG 6 ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်းသေဆုံးခဲ့ပြီး တစ်ဦးမက သေဆုံးနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်ဟု မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မဇ္ဈိမကိုပြောသည်။

" ဗိုလ်ကျော်လင်းထွန်းက ဒုတပ်ရင်းမှူးပါ။ အခုထိကတော့ ဘယ်ကစဖြစ်တယ်၊ ဘယ်သူက မှားတယ်မသိရသေးဘူး။ ဗိုလ်ကျော်လင်းထွန်းကျတယ်လို့ အတည်ပြုနိုင်ပေမယ့် တစ်ဦးမကဘူးလို့လည်း ကြားနေရတယ်။ ဘယ်‌လောက်ကျဆုံးတယ်ဆိုတာ တိတိကျကျမသိရသေးပါဘူး "ဟု ၎င်းကပြောသည်။

ယနေ့ ညနေ ၃နာရီခန့်ရရှိသော သတင်းအရ ဗိုလ်ကျော်လင်းထွန်း၏ ရုပ်အလောင်းအား ရေလယ်ကျွန်းတပ်ပေါင်းစုနှင့်ပကဖများက မပေးဘဲ သိမ်းယူထားဆဲဖြစ်ပြီး မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံနှင့်အတူ ဒေသတွင်းတော်လှန်ရေးအင်အားစုများအားလုံးက ဝိုင်းဝန်းညှိနှိုင်း‌ပေးနေကြောင်း သိရသည်။

MG 6 ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်းသည်  အသက် ၂၆ နှစ်ခန့်ရှိပြီး မြင်းခြံမြို့ဇာတိ ဖြစ်သည်။ စစ်ကောင်စီအား တိုက်ခိုက်ရန်အတွက် ၂၀၂၁ ခုနှစ်အတွင်း MG 6 ပြောက်ကျားတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် MODလက်အောက်ခံ တပ်ရင်းအနေဖြင့် ဝင်ရောက်ပြီး တိုက်ပွဲများဖော်ဆောင်နေသူဖြစ်ကြောင်း ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဆိုသည်။

" ကျွန်တော်တို့နဲ့တော့ သိပ်အဆင်မပြေဘူး။ ဒါပေမယ့် ကိုယ့်အချင်းချင်းအခုလို ပစ်တာခတ်တာတော့ မကောင်းဘူး။ ကျွန်တော်တို့ကိုင်ထားတဲ့ သေနတ်တွေက စစ်တပ်ကိုပဲပစ်ရမှာ" ဟု မြင်းခြံမြို့မှ  ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန်မြို့တို့တွင်  (MOD)လက်အောက်ခံ တပ်ရင်း ရှစ်ခုရှိပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ထက်မနည်း ရှိနေသည်။ 

တပ်ဖွဲ့အချို့သည် မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း ထိစပ်ရာဒေသဖြစ်သော ရေလယ်ကျွန်းဒေသတွင် ရှိနေသည်။ ဒေသတွင်း၌ MOD လက်အောက်ခံ တပ်ရင်းအချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကြားတွင် အဆင်မပြေမှုများရှိနေပြီး NUGနှင့် MOD အနေဖြင့် အလျင်အမြန်ဖြေရှင်းပေးရန်လိုအပ်ကြောင်း ဒေသခံများနှင့်တော်လှန်ရေးအင်အားစုများက ဆိုသည်။

ယနေ့ဖြစ်ပွားခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုအတွက်လည်း တာဝန်ရှိသူများအားလုံးအနေဖြင့်  ပြည်သူလူထုကို တောင်းပန်သွားမည်ဖြစ်‌ကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

" ဒါတွေက မိတ်ဖက်ချင်းဖြစ်တဲ့ ပဋိပက္ခဖြစ်တဲ့အတွက် ဒီလိုမ‌ဖြေရှင်းသင့်ဘူး။ စားပွဲဝိုင်းမှာပဲ ဖြေရှင်းပြီး ပြေပြေလည်လည် ညှိနှိုင်းသင့်ပါတယ်။ အခု ဖြစ်ရပ်အတွက်လည်း ပြည်သူတွေကို တောင်းပန်ရမှာပါ" ဟု ၎င်းက ပြောသည်။

ယခုသတင်းအတွက် ရေလယ်ကျွန်းတပ်ပေါင်းစုနှင့် MG 6 ပြောက်ကျား တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ်မရသေးပေ။

စာတည်း - မောင်ကြီး
စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly