ထိုင်းဝန်ကြီးချုပ်သစ် ရွေးကောက်မှုအား ရွှေ့ဆိုင်း

ထိုင်းဝန်ကြီးချုပ်သစ် ရွေးကောက်မှုအား ရွှေ့ဆိုင်း
Photo-AFP

နောက်တက်မည့် ဝန်ကြီးချုပ်သစ်အတွက် လွှတ်တော်၌ မဲပေးရွေးကောက်မှုအား ရွှေ့ဆိုင်းရမည်ဖြစ်ကြောင်း ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌက ကြာသပတေးနေ့တွင် ပြောလာရာ နိုင်ငံရေး သောင်မတင် ရေမကျ အခြေအနေသည် ရှည်ကြာနေပြီး မေလ အထွေထွေရွေးကောက်ပွဲမှစကာ တည်ငြိမ်မှုနှင့် ပတ်သက်ပြီး မေးခွန်းများ မြင့်တက်လာရသည်။

မေ ၁၄ ရက် ရွေးကောက်ပွဲတွင် မဲပေးသူ ပြည်သူအများစုသည် စစ်တပ်နှင့် စစ်တပ်နောက်ခံသော အစိုးရ၏ ဆယ်စုနှစ်ကြာ အုပ်ချုပ်မှုကို ပယ်ချခဲ့ကြသော်လည်း အနိုင်ရသည့် တိုးတက်ရေးပါတီဖြစ်သော ရှေ့သို့ချီပါတီမှာ ကွန်ဆာဗေးတစ်အတိုက်အခံများနှင့် အထက်လွှတ်တော်ရှိ ခန့်အပ်ခံအမတ်များကြောင့် အာဏာရယူရေးတွင် ပိတ်ဆို့တားမြစ်ခံရသည်။

သောကြာနေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ဝန်ကြီးချုပ်သစ် ရွေးကောက်မှုကို ဝန်ကြီးချုပ် ခန့်အပ်နိုင်ရေး၌ ပိတ်ဆို့ထားမှုများကို ရှေ့သို့ချီပါတီက အယူခံ တင်သွင်းထားမှုအား ဖွဲ့စည်းပုံခုံရုံးက စီရင်ချက် ချပြီးနောက်မှ ပြုလုပ်နိုင်မည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဝန် မူဟာမတ် နော်မတ်သာက ပြောသည်။

“ဩဂုတ် ၁၆ ရက်မှာ ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ချက် ချမှာကို ကျွန်တော်တို့ စောင့်ရပါမယ်၊ ဒီနောက်မှ မဲပြန်ပေးနိုင်ပါလိမ့်မယ်”ဟု ဝန်နော်က သတင်းထောက်များအား ပြောသည်။

နိုင်ငံရေး မရေရာမှုများအားဖြင့် ထိုင်းဘတ်ငွေသည် ယခုသီတင်းပတ်တွင် အားနည်းနေသည်။

ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာ ထူထောင်သော ဖျူထိုင်းပါတီသည် မဲရလဒ်၌ ဒုတိယအနိုင်ရထားခြင်းဖြစ်ကာ အစိုးရဖွဲ့ရေး ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း တင်သွင်းရန် မျှော်လင့်လျက် ရှိသည်။

ရွေးကောက်ပွဲအပြီးတွင် ရှေ့သို့ချီပါတီသည် ဖျူထိုင်းပါတီနှင့် အခြား ခြောက်ပါတီတို့နှင့်အတူ အစိုးရဖွဲ့ရေးအတွက် မဟာမိတ်ဖွဲ့ခဲ့သည်။ သို့ရာတွင် ရှေ့သို့ချီပါတီ အကြီးအကဲ ဖိထာ လင်ဂျာရွန်ရတ်က ဝန်ကြီးချုပ် ဖြစ်ရေးမှ နှစ်ကြိမ်တိုင် ပိတ်ဆို့ခံရခြင်း ဖြစ်သည်။

ရှေ့သို့ချီပါတီ မပါဘဲ ညွန့်ပေါင်းအဖွဲ့သစ် ဖွဲ့စည်းပြီး အိမ်ခြံမြေလုပ်ငန်းရှင် ဆရတ်သာ သာဗီဆင်းကို ဝန်ကြီးချုပ်နေရာအတွက် အမည်စာရင်း တင်သွင်းမည်ဖြစ်ကြောင်း ဖျူထိုင်းပါတီက ဗုဒ္ဓဟူးနေ့တွင် ပြောလာခဲ့သည်။

လူငယ်အများစု၏ မဲဖြင့် အနိုင်ရခဲ့သော ရှေ့သို့ချီပါတီအား တော်ဝင်သစ္စာခံနှင့် စစ်တပ်တို့နှင့် မဟာမိတ်ပြုထားသော ကွန်ဆာဗေးတစ်များက အာဏာမရအောင် ပိတ်ဆို့နေခြင်းသည် ထိုင်းနိုင်ငံအတွင်း လမ်းပေါ်ဆန္ဒပြမှုများ ထပ်၍ ပေါ်ပေါက်လာမည့် အလားအလာကို မြှင့်တင်ပေးလျက် ရှိသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly