ဖြူးမြို့နယ် ကွန်းချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

By ရွှေနွယ်( မဇ္ဈိမ )
04 August 2023
ဖြူးမြို့နယ် ကွန်းချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ
ပုံစာ - မိုင်းခွဲဖျက်ဆီးခံရသည့် ကွန်းချောင်းတံတား

ပဲခူးတိုင်း၊ ဖြူးမြို့နယ် သစ်ဖြူဆိပ်ကျေးရွာအနီးရှိ ကွန်းချောင်းတံတားအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )မှ ယနေ့ ဩဂုတ်လ ၄ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် မိုင်းခွဲဖျက်ဆီးလိုက်သည်ဟု ဒေသခံ၏ပြောဆိုချက်အရ သိရသည်။

အဆိုပါ တံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့မှ ကင်းချလေ့ရှိပြီး KNLA တပ်ဖွဲ့အား ခြုံခိုတိုက်ခိုက်လေ့ရှိသည့် နေရာဖြစ်သောကြောင့် KNLA ဘက်မှ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ဒေသခံမှပြောသည်။

"တံတားအနီးမှာ စစ်ကောင်စီဘက်ကနေ ခြုံခိုပြီး တိုက်ခိုက်တာတွေရှိတော့ တံတားကိုဖျက်ဆီးလိုက်ပုံပေါ်တယ်။ လက်ရှိမှာ နယ်မြေစိုးမိုးမှုအခြေအနေကတော့ မြင်ရသလောက် ၅၀/၅၀ ပါပဲ” ဟု ဒေသခံမှပြောသည်။

ထို့ပြင် အဆိုပါတံတားတွင် စစ်ကောင်စီတပ်ဘက်မှ ထောက်ပို့ယာဉ်များဖြတ်သန်းမှုလည်းရှိကြောင်း ဒေသခံ၏ပြောဆိုချက်အရသိရသည်။

အဆိုပါ တံတားဖျက်ဆီးမှုနှင့်ပတ်သက်၍ ဖြူးမြို့နယ်ရှိ KNLA တပ်ဖွဲ့ဝင်တစ်ဦးမှလည်း အတည်ပြုပြီး ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆက်တွဲအခြေအနေများကိုမူ စစ်ရေးအခြေအနေများအရ ဖြေဆိုရန်ငြင်းဆိုသည်။

အဆိုပါ ကွန်းချောင်းတံတားသည် အရှည် ၁၆၀ ပေ ၊အကျယ် ၁၂ ပေရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဖြူးမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီမှထောက်ပို့အတွက်အသုံးပြုနေသော သရက်ကုန်းတံတားကို ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly