စစ်ကောင်စီကို လက်နက်ခဲယမ်း တရားမဝင် ထောက်ပံ့ပေးနေတဲ့ ခရိုနီတွေကို အရေးယူပေးဖို့ စင်္ကာပူအစိုးရကို တောင်းဆို

By မဇ္ဈိမ 
04 August 2023
စစ်ကောင်စီကို လက်နက်ခဲယမ်း တရားမဝင် ထောက်ပံ့ပေးနေတဲ့ ခရိုနီတွေကို အရေးယူပေးဖို့ စင်္ကာပူအစိုးရကို တောင်းဆို

စင်္ကာပူနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှတဆင့် စစ်ကောင်စီကို လက်နက်ခဲယမ်း၊ ကုန်ကြမ်းပစ္စည်းတွေနဲ့ ရန်ပုံငွေတွေကို တရားမဝင် ထောက်ပံ့ပေးနေကြတဲ့ ထူးအုပ်စုကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ အပါအဝင် စစ်ကောင်စီကိုကျောထောက်နောက်ခံပေးနေတဲ့ ခရိုနီသူဌေးတွေကို အရေးယူဖို့ Justice For Myanmar (JFM) အဖွဲ့က စင်္ကာပူအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ထူးအုပ်စုကုမ္ပဏီ ဥက္ကဋ္ဌဦးတေဇ၊ Myanmar Chemical & Machinery ( MCM ) ကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်လှိုင်ဦး၊ International Gateways ကုမ္ပဏီဥက္ကဋ္ဌ ဦးနိုင်ထွဋ်အောင်တို့ဟာ စင်ကာပူစီးပွားရေးလုပ်ငန်းကွန်ရက်ကို အသုံးပြုပြီး မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတယ်လို့ JFM အဖွဲ့ရဲ့တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

စစ်လက်နက်တွေ၊ စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ရဟတ်ယာဉ်အစိတ်အပိုင်းတွေကို စင်ကာပူကနေတစ်ဆင့် ထောက်ပို့နေတာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီအတွက် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးကုန်ပစ္စည်းများ၊ နည်းပညာများကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပြီး လွှဲပြောင်း ပေးနေသည်များကို ပိတ်ဆို့အရေးယူပေးဖို့၊ စစ်ကောင်စီရဲ့ ဘဏ်များ အပါအဝင် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့များကတဆင့် စင်ကာပူရဲ့ ဘဏ္ဍာရေးစနစ်အတွင်း စစ်ကောင် စီ ဝင်ရောက်ခွင့်ကိုပိတ်ဆို့ပေးဖို့၊ အခုလို စစ်ကောင်စီအတွက်ပံ့ပိုးပေးနေသည့် စင်ကာပူ ကုမ္ပဏီများကို အများပြည်သူသိရှိစေနိုင်မယ့် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့် လုပ်ဆောင်ပေးဖို့ စတဲ့ အချက်များကို Justice For Myanmar က အဓိက တောင်းဆိုထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အရက်ဘက် စစ်ဘက်မခွဲခြားဘဲ ကျေးရွာများအပေါ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်တာ၊ မတရားဖမ်း ဆီးညှဉ်းပန်းနှိပ်စက်မှုများတွင် အသုံးပြုနေသည့် လက်နက်၊ စက်ပစ္စည်းကိရိယာများနှင့် ရန်ပုံငွေများရ ယူနိုင်ဖို့ ကူညီပေးနေတာမှာ စင်ကာပူနိုင်ငံကကုမ္ပဏီတွေပဲဖြစ်ကြောင်း Justice For Myanmar က ဆို ထားပါတယ်။

ဦးတေဇနဲ့ ဦးနိုင်ထွဋ်အောင်ဟာ စင်ကာပူနိုင်ငံမှာ နေထိုင်နေကြတယ်လို့လည်း JFM က ဖော်ထုတ်ထားပါတယ်။

မြန်မာစစ်တပ်အတွက် စစ်လက်နက်ထောက်ပံ့ပေးတာဟာ မြန်မာစစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ ပူးပေါင်းပါဝင်တာပဲလို့ JFM က သတိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းအပြီး စစ်ကောင်စီထံသို့ လက်နက်နှင့်ပစ္စည်းကိရိယာများကို ဆက်လက်ထောက်ပံ့ ပေးနေသည့် စင်ကာပူစီးပွားရေးလုပ်ငန်း ၁၃၈ ခုတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက် ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောထားကြောင်းလည်း ဖော်ပြထားပါတယ်။

စင်ကာပူအစိုးရကတော့ သူတို့ဆီကနေ မြန်မာနိုင်ငံကို လက်နက်တင်ပို့တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly