စစ်ရေးပဋိပက္ခတွေကြောင့် နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်တိုးလာ

By မဇ္ဈိမ 
04 August 2023
စစ်ရေးပဋိပက္ခတွေကြောင့် နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်တိုးလာ

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ နှစ်ပတ် အတွင်းမှာပဲ နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူဦးရေ နှစ်သောင်း နှစ်ထောင်ကျော်ထိ တိုးလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UN OCHA) က ဩဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံ့အရှေ့မြောက်နဲ့ အနောက်မြောက်ပိုင်းတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တာကြောင့် လူသားချင်းစာနာမှု အကူအညီဆိုင်ရာလိုအပ်ချက်တွေ များပြားနေဆဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက နမ်ဆန်ယန်ကျေးရွာအနီးမှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ကြားက တိုက်ပွဲတွေပြင်းထန်နေတယ်လို့ UNOCHA ရဲ့အစီရင်ခံစာမှာ အဓိကဖော်ပြထားသလို ဇူလိုင်လ ၂၆ ရက်နေ့အထိဆိုရင် ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်ထဲက ကျေးရွာတွေက ဒေသခံ ၇၀၀ ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့နယ်မှာတော့ စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့် ရွာပေါင်း ၂၀ လောက်က ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဩဂုတ်လ ၂ ရက်မှာ ဒေသခံတွေက ပြောထားပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ဖလံအိုရွာမှာလည်း ဩဂုတ်လ ၂ ရက်၊ မနက်ပိုင်း ကစပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား ခုနစ်ဆယ်ခန့် စီးနင်းဝင်ရောက် မီးရှို့ခဲ့တာကြောင့် တစ်ရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ပခုက္ကူမြို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းတဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ ဒီနေ့အထိ ကယားပြည်နယ်မှာ တိုက်ပွဲတွေကြား နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် နှစ်သိန်းသုံးသောင်းကျော် ရှိတယ်လို့လည်း ဆိုပါတယ်။

ကယားပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ဒေသခံကိုးထောင်ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့TNLA ကြားတိုက်ပွဲတွေဖြစ်ပွားနေကာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာဆိုရင် ရင်ဆိုင်ဖြစ်ပွားတဲ့တိုက်ပွဲတွေထက် လက်နက်ကြီးနဲ့ အထိုင်စခန်းတွေကနေ ပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်မှုတွေ များလာနေသလို အိုးအိမ်စွန့်ခွာထွက်ပြေးသူ နှစ်ထောင်ခန့်အထိရှိတယ်လို့သိရပါတယ်။

ယခု  ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်း ဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီ ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly