ဒီပဲယင်းမြို့နယ်အတွင်း ယမန်နေ့ သြဂုတ်လ ၂ ရက်နံနက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းမဟာမိတ် ငါးဖွဲ့က ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြသည်။
ဒီပဲယင်းမြို့နယ်၊မရကန်ရွာသို့ အင်အား ၁၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို သြဂုတ်လ ၂ ရက်၊ နံနက် ၁၁ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဟု Shwebo Justic Force တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
" ရွှေဘိုနယ်ကနေ ထွက်သွားပြီး မရကန်ကျေးရွာကို ဝင်ချိန် တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်ဖက်က ထိခိုက်မှုတွေ ရှိပါတယ်" ဟု ဒီပဲယင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO)၊ Shwebo Justice Force၊ ရွှေဘိုခရိုင်တပ်ရင်း ၉၊ တပ်ရင်း ၁၂၊ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။
နှစ်ဖက်အပြန်အလှန်တိုက်ပွဲသည် ၁နာရီခွဲကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ဒရုန်းဖြင့် ကင်းထောက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ကာကွယ်ရေးတပ်ဖွဲ့များကလည်း ပြောက်ကျားစနစ်ဖြင့် မိုင်းငါးလုံးဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့၀င်များ အထိအခိုက်များခဲ့သည်ဟုShwebo Justice Forceမှ တာဝန်ရှိသူကပြောသည်။
“ အခု နောက်ဆုံး သိထားရတဲ့ သတင်းအရ စစ်ကောင်စီဘက်က ၂၅ ဦးထက်မနည်း အထိအခိုက်ရှိခဲ့ပါတယ်” ဟု ယနေ့ ညနေ ၅နာရီခန့်က ဆက်သွယ်မေးမြန်းမှုကို ပြောပြသည်။
စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကို မဇ္စျိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ တိုက်ခိုက်မှုတွင် ကာကွယ်ရေး ရဲဘော်ခုနစ်ဦး ဒဏ်ရာရခဲ့ပြီး တဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် သြဂုတ်လ ၂ ရက် ညနေပိုင်းမှ စတင်ကာ မရကန်ကျေးရွာအတွင်း ၀င်ရောက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
" မနေ့က ညနေပိုင်းမှာ မရကန်ရွာကို ၀င်ပြီး မီးရှို့တယ်။၁နာရီခြားတခါလောက် တညလုံး မီးရှို့တယ်။ ” ဟု ဒေသခံ အမျိုးသားတဦးကပြောသည်။
နေအိမ် ၂၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ၄င်းက ဆိုသည်။ အဆိုပါ စစ်ကြောင်းသည် ယနေ့ သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် မရကန်ကျေးရွာမှတဆင့် ခွန်တောင်းရွာ၊ ပင်စည်ရွာများကို ၀င်ရောက်ပြီးနောက် ဒီပဲယင်းမြို့နယ်အတွင်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။
စာတည်း - မောင်ကြီး