နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃ ဩဂုတ် ၂၀၂၃)

By မဇ္ဈိမ 
03 August 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃ ဩဂုတ် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပညာရေးဝန်ကြီးဌာနက မြေပြင်ကျောင်းပေါင်း (၃၇၅) ကျောင်းကို “ကြား ကာလအခြေခံ ပညာပြည်သူ့ပညာရေးကျောင်းများ” အဖြစ် အသိအမှတ်ပြုလိုက်ကြောင်း ဩဂုတ် ၂ ရက်မှာ ထုတ်ပြန်ကြေညာသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၅/၂၀၂၃)ကို ဩဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    အာဏာသိမ်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေအိမ် ၂,၇၄၁ လုံး ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူ၀င်မှုကြီးကြပ်ရေး ၀န်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် အသက် ၅၀ ကျော်အရွယ် CDM မူလတန်းကျောင်းအုပ် ဒေါ်ရီရီဆွေ အပါအဝင် နိုင်ငံရေးအကျဉ်းသူအမျိုးသမီး ၁၅ ဦးမှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကစပြီး ယနေ့ ဩဂုတ်လ ၃ ရက်နေ့အထိ နှစ်ပတ်ကျော်ကြာတိုက်ပိတ်ခံထားရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
•    အကျဉ်းချခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ပြစ်ဒဏ်လျှော့ပေါ့ပေးမှုက “လုံးဝ အဓိပ္ပါယ်မရှိသည့် လုပ်ဆောင်ချက်” သာ ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည် ၏ သားဖြစ်သူက ဩဂုတ် ၂ ရက်တွင် ပြောသည်။
•    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် PDF အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးနေသည် ဟုစွပ်စွဲချက်ဖြင့် အမျိုးသားနှစ်ဦးကို ဇူလိုင်လ ၃၁ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
•    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ၊ ရပ်ခံတောင်ပေါ်ဘုရား၌ တပ်စွဲထားသော အ ကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂၆ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
•    တွန်းဇံမြို့တွင် နှစ်ရက်ဆက် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ချင်းကာကွယ်ရေး ရဲဘော်တစ်ဦးနှင့် ဒေသခံတစ်ဦး ကျဆုံးခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
•    စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အ.ထ.က ၂ ကျောင်းရှေ့၌ စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်သားများကို မိုင်းခွဲ တိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ကျော်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။
•    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့မှု နေအိမ် ၇၀ ကျော်မီးလောင် ခဲ့ကြောင်း သိရသည်။
•    ဖားကန့်မြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များထံ အရောက်သွားရန်ရှိကြောင်း ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfieldက ပြောဆိုလိုက်သည်။
တိုင်းရင်းလက်နက်ကိုင်များ
•    တအာင်းတပ်မတော်(TNLA)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့သည်။ လားရှိုးနှင့် မူဆယ်မြို့နယ်များတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနဲ့ပြန်ကြားရေးဌာန အရာရှိက ပြောသည်။
•    စစ်ကောင်စီမှ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် TNLA တပ်သား ၁၆ ဦးကို လွှတ်ပေးခဲ့သော် လည်း ရှမ်းမြောက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း TNLA ထံမှ သိရသည်။
စစ်ကောင်စီ
•    အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ရုရှားတို့ဦးဆောင်ကာ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံ များ၏ ကာကွယ်ရေး ဝန်ကြီးများဆွေးနွေးပွဲ ADMM-Plus  အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆို င်ရာဆွေးနွေးပွဲကို နေပြည်တော်မှာ ဩဂုတ်လ ၂ရက်နေ့က စတင်ကာ ကျင်းပပြုလုပ်နေကြောင်း သိရသည်။
•    ရွှေတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြခွာညိုဦး၏နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ရဲများက ယနေ့ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လာရောက်ချိပ်ပိတ်သွားခဲ့သည်။
•    ပဲခူးတိုင်းအနောက်ခြမ်းတွင် စစ်ကောင်စီကိုဆန္ဒပြသူများ၊ တော်လှန်ရေးကို အားပေးထောက်ခံသူများနှင့် ပန်းသပိတ်တွင်ပါဝင်ကြသူများ၏ လူမှုကွန်ရက်အကောင့်များနှင့် ဓာတ်ပုံများအား မျှဝေကာ စစ်ကောင်စီက ဖမ်းဆီးစေရန်လှုံ့ဆော်ပေးနေသည့် "အံ့ဘုန်းသွင်" တယ်လီဂရမ်ချန်နယ်ပိုင်ရှင်အား ဖမ်းဆီးထားကြောင်း သိရသည်။
•    နေပြည်တော်တွင် စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တည်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပြီး နောက်တရက် ဩဂုတ်လ ၂ ရက်နေ့တွင် ရာထူးမှ ဖယ်ရှားခံရသည့် စစ်ကောင်စီခန့် ဝန်ကြီး စာရင်း၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးဦးကိုကိုလည်းပါဝင်ခဲ့သည်။
•    အရေးပေါ်ကာလ ခြောက်လထပ်ပြီး သက်တမ်းတိုးကြောင်း ကြေညာပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းကာ စစ်ကောင်စီခန့် ဝန်ကြီးအချို့ကိုလည်း အနားပေးလိုက်ကြောင်း ယနေ့ ဩဂုတ်လ ၂ ရက်နေ့ စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံက ကြေညာသည်။
•    ဗဟိုဘဏ် Online Trading အစီအစဉ်အရ ညှိနှိုင်းဆုံးဖြတ်ထားသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် ရောင်းဝယ်ခြင်းမရှိသော လုပ်ငန်းရှင်များကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က အကြောင်းကြားထားကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က ထုတ်ပြန်သည်။
•    နေပြည်တော်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဩဂုတ် ၈ ရက်နေ့ကစပြီး တစ်ပတ် အခမဲ့ ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဩဂုတ် ၃ ရက် သုံးသပ်ချက်
•    အကြမ်းဖက်စစ်ကောင်စီမှ ယတြာချေသလိုဖြင့် ဘုရားထုလုပ်တည်ထားကိုးကွယ်ပြီးနောက် ၎င်းတို့၏ ဝါဒဖြန့်ချိရေးသတင်းစာများ၏ ဖော်ပြချက်အရ ပြည်သူကို တစ်ပတ်သာ အခမဲ့ဖူးခွင့်ပေးမည်ဟု ရေးသားထားခြင်းကြောင့် ဘုရားအကြောင်းပြု ပိုက်ဆံရှာရန် စစ်ကောင်စီမှ စီစဉ်နေခြင်းဖြစ်သည်။
•    ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ အမေရိကန်သံအမတ်ကြီးက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်မည်ဟုဆိုထားသည့်အတွက် ရိုဟင်ဂျာများနှင့် ပြည်သူများအပေါ်စစ်တပ် ကျူးလွန်မှုများ အတွက် အရေးယူနိုင်ဖို့ နီးစပ်လာနိုင်ဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly