မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လအတွင်း နေအိမ် ၃,၀၀၀ နီးပါး မီးရှို့ခံရ

By ရောင်နီ (မဇ္စျိမ)
03 August 2023
မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လအတွင်း နေအိမ် ၃,၀၀၀ နီးပါး မီးရှို့ခံရ

အာဏာသိမ်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေအိမ် ၂,၇၄၁ လုံး ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူ၀င်မှုကြီးကြပ်ရေး၀န်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ 

ဇူလိုင်လ တစ်လတည်းအတွင်း စစ်ကောင်စီတပ်က တိုင်းဒေသကြီး ငါးခုနှင့် ပြည်နယ် နှစ်ခုမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း NUG မီးသတ်ဦးစီးဌာန၏ သြဂုတ်လ ၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ထိုသို့ မီးရှို့ဖျက်ဆီးမှုတွင် စစ်ကိုင်းတိုင်းသည် အကြိမ်ရေ ၅၅ ကြိမ်ဖြင့် အများဆုံး ဖြစ်ပြီး ဘာသာရေးအဆောက်အအုံ တစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်း အပါအ၀င် နေအိမ် ၁,၇၅၀ လုံး မီးရှို့ခံခဲ့ရသည်။ 

ထို့ပြင် စစ်ကိုင်းတိုင်းအတွင်းရှိ  ပြည်သူ ကိုးဦးကိုလည်း စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်သွားကြောင်း NUG မီးသတ်ဦးစီးဌာနက ဆိုသည်။ 

ယင်းအပြင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင်လည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၉၉၁ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ဖော်ပြသည်။ 

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်၀ါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇွန်လအထိ  မြန်မာနိုင်ငံအနှံ့တွင် နေအိမ်ပေါင်း ၈၁,၈၉၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူ၀ါဒလေ့လာရေးအင်စီကျု (ISP Myanmar) ၏ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။    

အဆိုပါ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု အားလုံး၏ ၇၂ ရာခိုင်နှုန်းကျော်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့ပြီး ထိုစစ်ကိုင်းတိုင်းအတွင်း နေအိမ် အဆောက်အအုံပေါင်း  ၅၉,၂၂၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP Myanmar က ဆိုသည်။

လက်ရှိမှာလည်း စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအများစုတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး  သောင်းနှင့်ချီသော ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly