သာယာဝတီထောင်တွင် အသက် ၅၀ ကျော်အရွယ် CDM ကျောင်းအုပ်အပါအဝင် နိုင်ကျဉ်းများ တိုက်ပိတ်ခံရ

By 001 (မဇ္စျိမ)
03 August 2023
သာယာဝတီထောင်တွင် အသက် ၅၀ ကျော်အရွယ် CDM ကျောင်းအုပ်အပါအဝင် နိုင်ကျဉ်းများ တိုက်ပိတ်ခံရ

ပဲခူးတိုင်း​၊ သာယာဝတီထောင်တွင် အသက် ၅၀ ကျော်အရွယ် CDM မူလတန်းကျောင်းအုပ် ဒေါ်ရီရီဆွေအပါအဝင် နိုင်ငံရေးအကျဉ်းသူအမျိုးသမီး ၁၅ ဦးမှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကစပြီး ယနေ့ ဩဂုတ်လ ၃ ရက်နေ့အထိ နှစ်ပတ်ကျော်ကြာတိုက်ပိတ်ခံထားရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် ဖဲကြိုးပြားအနက်ရောင် ရင်ဘတ်တွင် တပ်ဆင်သည့် လှုပ်ရှားမှု ဆောင်ရွက်သည်ဟူ​သောအကြောင်းပြချက်ဖြင့် အဆောင်များမှ အကျဥ်းသူများအား တစ်ဦးချင်း ခေါ်ထုတ်ပြီး တိုက်ပိတ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကပြောသည်။

တိုက်ပိတ်ခံရသူများမှာ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့် (ခ) အားဂျာ၊ မစန္ဒီညွန့်ဝင်း၊ မအေးသက်စံ၊ မရွှေရည်ညွန့် (ခ) သဲသဲ၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်းနှင့် မမိုးမြတ်သဇင်တို့ဖြစ်ကြပြီး အသက် ၂၀ ကျော်မှ ၅၀ ကျော်အရွယ်အထိပါဝင်ကြောင်း သိရသည်။

“ရိုက်နှက်ခံထားရတယ်လို့တော့ပြောတယ်။ ဒါပေမဲ့အခုလောလောဆယ်က သူတို့အဲ့ဒီလိုမျိုးပိတ်ထားတဲ့ ကိစ္စနဲ့ အကျဉ်းထောင်မှာရှိနေတဲ့ ထောင်က ရောင်းတဲ့ဈေးဘားတွေကို အမျိုးသမီးတွေက Boycott လုပ်ထားကြတယ်ပြောတယ်။ အမျိုးသားတွေထဲမှာလည်းရိုက်နှက်မှုတွေရှိခဲ့တယ်ပြောတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ရိုက်နှက်ခံထားရသူများနှင့် ၎င်းတို့ ကျန်းမာ​ရေးအ​ခြေအ​နေများကို မဇ္စျိမအ​နေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။

လက်ရှိတွင် သာယာဝတီထောင်မှ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများအပြင် နိုင်ငံရေးအကျဉ်းသား အမျိုးသား ၁၆ ဦးခန့်လည်း တိုက်ပိတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ​ပြော​သော်လည်း အ​သေးစိတ် မသိရ​သေး​ပေ။

ထိုသို့ နိုင်ငံရေးအကျဉ်းသူအမျိုးသမီးများ တိုက်ပိတ်ခံရသည့်ဖြစ်စဉ်အပေါ် သာယာဝတီအကျဉ်းထောင်နှင့် နီးစပ်သူနောက်တစ်ဦးကလည်း အတည်ပြုပြီး အမျိုးသားများ တိုက်ပိတ်ခံရမှုအ​ခြေအ​နေအား စုံစမ်း​နေရဆဲဖြစ်​ကြောင်း ဆိုသည်။

ပဲခူးတိုင်း သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများကို စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းများက ရိုင်းပြစွာဆဲဆိုမှုများ၊ ညှဥ်းပန်းနှိပ်စက်မှုများလည်းရှိကာ  ပြစ်ဒဏ်တွင် အလုပ်ကြမ်းမပါသည့် နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းများလည်း ခိုင်းစေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly