အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်၏နေအိမ်ကို  စစ်ကောင်စီအင်အားသုံးချိပ်ပိတ်

By ရွှေနွယ် (မဇ္ဈိမ)
03 August 2023
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်၏နေအိမ်ကို  စစ်ကောင်စီအင်အားသုံးချိပ်ပိတ်
ပုံစာ - ချိပ်ပိတ်ခံရသည့်နေအိမ်နှင့် ဒေါ်မြခွာညိုဦး(ပုံဟောင်း)

ရွှေတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြခွာညိုဦး၏နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ယနေ့ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင်  လာရောက်ချိပ်ပိတ်သွားခဲ့သည်။

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ကြာနီကန်ရပ်ကွက်ရှိ မိသားစုပိုင်နေအိမ်ကို စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်အများအပြားက သေနတ်များနှင့်ချိန်ပြီးချိပ်ပိတ်သွားခြင်းဟု ဒေါ်မြခွာညိုဦးက  မဇ္ဈိမကိုပြောသည်။

" အိမ်မှာက ဘယ်သူမှမနေတော့တာ အာဏာသိမ်းပြီးကတည်းကပါ။ ကျွန်မတို့မိသားစုက ကျန်မိသားစုဝင်တွေကလည်း CDM ဝန်ထမ်းတွေ နောက်ပြီး အဖေကလည်း နိုင်ကျဉ်းဟောင်း။ မောင်တွေကလည်း ၈၈ ကျောင်းသားဟောင်းတွေဆိုတော့ အစဉ်အဆက် နိုင်ငံရေးနဲ့မကင်းဘူး။ အာဏာသိမ်းပြီးနောက် ကျွန်မ ရွှေတောင်အိမ်ခဏပြန်ပစ္စည်းယူတာပဲရှိခဲ့တယ်။ အကုန်အိမ်မှာမနေပါဘူး” ဟု ဒေါ်မြခွာညိုဦးကပြောသည်။

‌ဒေါ်မြခွာညိုဦးသည် အသက် ၅၆နှစ်အရွယ် တက္ကသိုလ်ကထိကဟောင်းဖြစ်သည်။၂၀၁၅နှင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရွှေတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ကာ နှစ်ကြိမ်ဆက် အနိုင်ရရှိခဲ့သည်။စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် မိသားစုလိုက် တိမ်းရှောင်ခဲ့ကြသည်။လက်ရှိတွင် မိသားစုဝင်အားလုံး လွတ်မြောက်နယ်မြေသို့ရောက်ရှိနေသည်ဟု သိရသည်။

ချိပ်ပိတ်သွားသည့်အိမ်သည် ဒေါ်မြခွာညိုဦး ပိုင်ဆိုင်သည့် အိမ်မဟုတ်ဘဲ မိသားစုပိုင်ဖြစ်ကြောင်းသိရသည်။အိမ်တွင် တင်ထားသော NLD ဆိုင်းဘုတ်ကိုမူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းကပင် စစ်တပ်ကလာရောက်ဖြုတ်ချသွားခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ဒေါ်မြခွာညိုဦးတို့မိသားစုသည် ရွှေတောင်မြို့တွင်  နိုင်ငံရေးဂုဏ်သိက္ခာကြီးမားပြီး အများ၏လေးစားမှုကို ရရှိထားသည်ဟု မြို့ခံများကပြောသည်။

" ဆရာမက အာဏာသိမ်းမှုဖြစ်ကတည်းက သူတို့လိုက်ဖမ်းနေတော့ ရှောင်းတိမ်းနေရတယ်ထင်ပါတယ်။ ဒါကိုပဲ သူတို့ဘက်က ခေါင်းစဉ်အမျိုးမျိုးတတ်ပြီး လိုသလိုပုဒ်မက တက်မှာ။ ဆရာမဆို တမြို့လုံးက လေးစားချစ်ခင်ကြတယ်။  နိုင်ငံရေးမှာလဲ ပုံရိပ်ကောင်းတယ်။  စကစက သူတို့နဲ့ မပူးပေါင်းတဲ့ ကိုယ်စားလှယ်တွေဆို ဒီလိုပဲ အကျင့်ယုတ်နေကြပါ" ဟု အဆိုပါ မြို့ခံကပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ် ၁၇၁ ဦး၊ ပါတီဝင် ၃၃၃ ဦးတို့၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းဆည်းထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly