TNLA တပ်သား ၁၆ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ပြင်းထန်

By ဂျူချန်း(မဇ္ဈိမ)
03 August 2023
TNLA တပ်သား ၁၆ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ပြင်းထန်
ဓါတ်ပုံ- TNLA တပ်သားများ (ပုံဟောင်း)

စစ်ကောင်စီမှ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် TNLA တပ်သား ၁၆ ဦးကို လွှတ်ပေးခဲ့သော်လည်း ရှမ်းမြောက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း TNLA ထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် လားရှိုးမြို့တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း  TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် က မဇ္ဈိမ ကို ပြောသည်။

“မနေ့က တိုက်ပွဲနှစ်နေရာဖြစ်တယ်၊ အဓိကက ကျနော်တို့ ရှိတဲ့ဘက်ခြမ်းကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာလို့ တိုက်ပွဲဖြစ်တာပါ၊ အဲ့ဒီမှာ စစ်တပ်ဘက်က နမ့်ခမ်းမြို့မ ပြည်သူ့စစ်ဘက်ကပါတယ်လို့တော့ သိရတယ်” ဟု  ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

မူဆယ်မြို့နှင့် နမ့်ခမ်းမြို့ကြားရှိ စယ်လန့်ကျေးရွာအုပ်စု၊ နာထန်နှင့် ဂေါင်ရာကျေးရွာအနီးတွင် ခလရ(၂၆၁) နှင့် မြို့မ(၂)ပြည်သူ့စစ်များပါဝင်သည့် စစ်ကောင်စီကား ၁၀ စီးခန့်သည့် TNLA တပ်ရှိရာသို့ စစ်ကြောင်းထိုးလာသောကြောင့် နံနက် ၁၀နာရီမှ ညနေ ၄နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ (၁၀၅) မိုင် တပ်စခန်းနှင့် နမ့်ဖတ်ကာ တပ်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ လားရှိုးမြို့နယ်မှ စကခ (၁၆)၊ ခလရ(၆၈) မှစစ်ကောင်စီတပ်သား အင်အား ၅၀ခန့်ဖြင့် လားရှိုးမြို့ရှောင်လမ်းမှတစ်ဆင့် TNLA တပ်များရှိရာ တောင်တလောင်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသဖြင့် နံနက် ၁၀နာရီမှ ညနေ ၃နာရီခွဲခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

“တိုက်ပွဲဖြစ်တဲ့အချိန်ရော တိုက်ပွဲဖြစ်တဲ့ နောက်ပိုင်းရော (၁၀၅) မိုင် တပ်စခန်းနဲ့ နမ့်ဖတ်ကာတပ်စခန်းကရော တိုက်ပွဲဖြစ်တဲ့ဘက်ကို လက်နက်ကြီးပစ်ကူပေးတယ်။ တချို့လည်း ကျေးရွာပတ်ဝန်းကျင်ကျတယ်၊ တချို့ ကျေးရွာထဲကျတယ်။ သူတို့(စစ်ကောင်စီ)ဘက်က ထိခိုက်မှုက ရှိတော့ ရှိတယ် အသေးစိတ်တော့ ကျနော်တို့ မသိရသေးဘူး” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျောက ပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် မူဆယ်မြို့ စယ်လန့်ကျေးရွာအနီးရှိ ဒေသခံများနှင့် လားရှိုးမြို့ မန်ဂန်ကျေးရွာ နှင့် တောင်တလောင်ကျေးရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

တိုက်ပွဲမဖြစ်ပွားမီ တစ်ရက်အလိုဖြစ်သည့် ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီမှ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင် ၂၂ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာ ထိုအထဲတွင် TNLA တပ်သား ၁၆ ဦး ပါဝင်ခဲ့သည်။ စစ်ကောင်စီမှ TNLA တပ်ဖွဲ့ဝင်များဟုဆိုကာ စွပ်စွဲဖမ်းဆီးထောင်ချထားသူ ၁၀၀ ကျော်ရှိရာ လက်ရှိအချိန်အထိ ပြန်လွှတ်ပေးလိုက်သူများသည့် မည်သည့်အဆင့်ရှိသည့်သူများ ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း ဒုဗိုလ်မှူးကြီး တားအိုက်ကျောက ပြောသည်။

စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁) အရ တိုင်းရင်းသားလက်နက်ကိုင်များကို လွှတ်ပေးသည်ဟု ကြေညာသော်လည်း စစ်ကောင်စီ၏ သဘောထားအမှန်ကို သတိကြီးကြီးနှင့် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆိုသည်။
“ငြိမ်းချမ်းရေး ရှေးရှုတယ်လို့ သူတို့ ထုတ်ပြန်ထားတာ ရှိတာပေါ့။ ဒါပေမယ့် အရင်ကလည်း NCA မူကြမ်းရေးဆွဲခဲ့တုန်းက ကျနော်တို့အဖွဲ့က ဆွေးနွေးမှုတိုင်းမှာ ပူးပေါင်းပါဝင်ခဲ့တယ်။ တကယ့်တကယ် လက်မှတ်ရေးထိုးမယ့်အချိန်မှာ ကျနော်တို့အဖွဲ့သုံးဖွဲ့ (TNLA, MNDAA, AA) ကို စစ်တပ်က လက်မှတ်ရေးထိုးခွင့်မပြုဘူးဆိုပြီး ပယ်ရှားခဲ့တယ်။ ဒီဟာကတော့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့အဖွဲ့အနေနဲ့ သတိကြီးကြီးထား စောင့်ကြည့်ရမယ့် အနေအထားရှိပါတယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ လားရှိုးမြို့နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ တိုက်ပွဲများ ခပ်စိတ်စိတ် ပြန်လည်ဖြစ်ပွားနေခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုအရ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အဖွဲ့(NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မည်သည့်သဘော တူညီချက်မျှမရဘဲ သတ်မှတ်ရက်မတိုင်မီ ပြီးဆုံးသွားခဲ့သည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်လာခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများမှ သုံးသပ်ထားကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly