တနင်္သာရီမြို့နယ်တွင် ဒေသခံ ၂ ဦးအား PDF အဖွဲ့ကို ထောက်ပံ့သည်ဟုစွပ်စွဲကာ စစ်ကောင်စီဖမ်းဆီး

By ကိုရွှေမြိတ်(မဇ္ဈိမ)
03 August 2023
တနင်္သာရီမြို့နယ်တွင် ဒေသခံ ၂ ဦးအား PDF အဖွဲ့ကို ထောက်ပံ့သည်ဟုစွပ်စွဲကာ စစ်ကောင်စီဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် PDF အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးနေသည် ဟုစွပ်စွဲချက်ဖြင့် အမျိုးသားနှစ်ဦးကို ဇူလိုင်လ ၃၁ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဖမ်းဆီးခံရသောအမျိုးသားနှစ်ဦးမှာ တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်းကုန်းကျေးရွာနေ အသက် ၄၄ နှစ် အရွယ် ဦးဇော်မင်း(ခ)လင်းလင်းနှင့် ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာကျေး ရွာနေ အသက် ၆၆ နှစ် အရွယ် ဦးမောင်ဆန်းတို့ဖြစ်ကြသည်။

ဦးဇော်မင်း(ခ)လင်းလင်းအား PDF အဖွဲ့ဝင်များကို ဆေးဝါးများဝယ်ယူထောက်ပံ့ခြင်း၊ ဆေးကုသပေးခြင်း နှင့် PDF ဆေးမှူးအဖြစ်ဆောင်ရွက်ခဲ့သည်ဟုဆိုကာဖမ်းဆီးပြီး တနင်္သာရီရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)/၅၂(က) ဖြင့် အရေးယူထားကြောင်း စစ်ကောင်စီထောက်ခံသူများ၏ တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြထားသည်။

အလားတူ တနင်္သာရီမြိုနယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာကျေးရွာနေ ဦးမောင်ဆန်းအား PDF အဖွဲ့ကို ငွေကြေးနှင့် စက်သုံးဆီများထောက်ပံ့ပေးနေကြောင်းစွပ်စွဲချက်ဖြင့် ဖမ်းဆီးအရေးယူထား ကြောင်း ဒေသခံများကပြောသည်။

တနင်္သာရီမြို့တွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ဒေသခံ ၃၀ နီးပါးကို PDF အဖွဲ့နှင့်ဆက်သွယ် သည်ဟုဆိုကာဖမ်းဆီးခဲ့ပြီး ၁၀ ဦးခန့်ကို အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူခဲ့ကာ အချို့ကို ရိုက်နှက်စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ မကြာခဏ တိုက်ပွဲဖြစ်ပွားနေ ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly