မကြာခဏစစ်ဘေးရှောင်ရသည့် မွန်ပြည်နယ် ဒေသအချို့၌ ရေကြီးရေလျှံမှုဖြစ်၍ အကူအညီလိုအပ်

By YT  (မဇ္ဈိမ)
03 August 2023
မကြာခဏစစ်ဘေးရှောင်ရသည့် မွန်ပြည်နယ် ဒေသအချို့၌ ရေကြီးရေလျှံမှုဖြစ်၍ အကူအညီလိုအပ်
ဓါတ်ပုံ- (Kyaikhto Information Organization) ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ ရေကြီးရေလျှံမှု အခြေအနေ

တိုက်ပွဲများကြောင့် မကြာခဏစစ်ဘေးရှောင်ရလေ့ရှိသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်ရှိ ကျေးရွာအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ 

“ရေကြီးတာကတော့ မြစ်ရေတက်လာတာရော မိုးများလို့ရောပေါ့။ မိုးက တပတ်ကျော်ပြီ လုံးဝမရပ်သေး ဘူး ဆက်ရွာနေတုန်းပဲ။ လယ်ကွက်တွေထဲလည်း ရေမြုပ်ကုန်တော့ စပါးတွေလည်း ပျက်စီးကုန်ပြီ။ အိမ် အနိမ့်တွေဆိုလည်း ရေဝင်ပြီး ပစ္စည်းတွေပျက်စီးတယ်” ဟု ဘီးလင်းမြို့နယ်မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လနောက်ဆုံးပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာမှု၊ တောင်ကျရေ စီးဆင်းမှုတို့ကြောင့် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအလယ်ပိုင်းနှင့် အရှေ့ပိုင်း၊ ဒေါက်ရပ်ကျေးရွာ၊ ရွှေလှေကျေးရွာတို့အပြင် ဘီးလင်းမြစ်ကမ်းဘေးရှိ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ၊ အစူးချောင်းကျေးရွာ အနိမ့်ပိုင်းဒေသများတွင် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။ 

ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် အဆိုပါဒေသများတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ်(BGF)များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ ဖြင့်ပစ်ခတ်သောကြောင့် မကြာခဏ ထွက်ပြေးတိမ်းရှောင်ကြနေရသည့် ဒေသများဖြစ်သည်။

ယခုအခါ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မိုးဆက်တိုက်ရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ သဖြင့် ဒေသခံများမှာ သွားရေးလာရေး၊ အစားအသောက်၊ ရေ အခက်အခဲဖြစ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။

“ဘီးလင်း ဒေါက်ရပ်ကနေဝင်လာတာနဲ့ နေရာစုံပဲ ရေကြီးနေတာက။ ကယ်ဆယ်ရေးတွေက သူတို့ဟာ သူတို့ ကယ်ဖို့တောင် အနိုင်နိုင်ပဲ။ မြို့ပေါ်တော့ သိပ်ပြဿနာမရှိပေမယ့် ရွာတွေတော့ အစားသောက်နဲ့ ရေ အခက်ခဲရှိတယ်။ ရေလျှံရေကြီးနေတော့ ရေကအဓိကပဲ။ ရေလွတ်တဲ့အိမ်တွေမှာ ရှိတာနဲ့ ကြံဖန်ချက် စားကြရတာပေါ့။ ဆန်တွေကတော့ မျှဝေစားနေရတယ်။ နောက်တခုက အိမ်သာအခက်အခဲရှိတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများမှလည်း ၎င်းတို့တတ်နိုင်သည့် အစားအသောက်နှင့် ဆေးဝါး ကုသမှုအချို့ ကူညီလုပ်ဆောင်ပေးလျက်ရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

ဒေသတွင်း လူမှုကူညီရေးဆောင်ရွက်နေသူများကလည်း ၎င်းတို့အနေဖြင့် ချိတ်ဆက်ပြီး ကယ်ဆယ်မှုများ ပြုလုပ်နေသော်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ဆိုသည်။
“ရေ ဆက်တက်လာမယ်ဆိုရင် ပြောင်းရွှေ့ဖို့နေရာ၊ စားစရာ၊ သောက်ရေ အဲဒါတွေ အဓိကလိုအပ်နေပါ သေးတယ်။ ရသလောက် ချိတ်ဆက်ပြီး လုပ်နေပေမယ့် လိုအပ်နေသေးတယ်” ဟု ရေဘေးသင့်ပြည်သူ များအား အကူအညီပေးနေသည့်လူငယ်တဦးက မဇ္ဈိမကိုပြောသည်။

ဩဂုတ်လ ၂ ရက်နေ့ ညနေပိုင်းအထိ မိုးဆက်လက် ရွာသွန်းနေဆဲဖြစ်ပြီး တောင်ကျရေစီးဆင်းမှု အနည်း ငယ်လျော့နည်းလာကြောင်း သိရသည်။

စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၂ ရက်နေ့တွင် ဘီးလင်းမြစ်ရေ သည် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်မြင့်တက်နေပြီး ဩဂုတ်လ ၃ ရက်နေ့တွင် တပေအထိမြင့်တက် နိုင်ကြောင်းနှင့် ဘီးလင်းမြို့နယ် မြေနိမ့်ပိုင်းနှင့်မြစ်ကမ်းအနီးနေထိုင်သူများ သတိပြုနေထိုင်ရန် အသိပေး ချက်ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly