ပဲခူးတိုင်း၏ဟန်ငြိမ်းဦးဟု လူသိများသည့် "အံ့ဘုန်းသွင်" တယ်လီဂရမ်ချန်နယ်ပိုင်ရှင် ဖမ်းဆီးထောင်ချခံရ

By ရွှေနွယ် (မဇ္ဈိမ)
03 August 2023
ပဲခူးတိုင်း၏ဟန်ငြိမ်းဦးဟု လူသိများသည့် "အံ့ဘုန်းသွင်" တယ်လီဂရမ်ချန်နယ်ပိုင်ရှင် ဖမ်းဆီးထောင်ချခံရ
ပုံစာ - ဖမ်းဆီးခံရသည့် အံ့ဘုန်းသွင်တယ်လီဂရမ်ချန်နယ်ပိုင်ရှင် အရှင်သူရဓဇ

ပဲခူးတိုင်းအနောက်ခြမ်းတွင် စစ်ကောင်စီကိုဆန္ဒပြသူများ၊ တော်လှန်ရေးကို အားပေးထောက်ခံသူများနှင့် ပန်းသပိတ်တွင်ပါဝင်ကြသူများ၏ လူမှုကွန်ရက်အကောင့်များနှင့် ဓာတ်ပုံများအား မျှဝေကာ စစ်ကောင်စီက ဖမ်းဆီးစေရန်လှုံ့ဆော်ပေးနေသည့် "အံ့ဘုန်းသွင်" တယ်လီဂရမ်ချန်နယ်ပိုင်ရှင်အား ဖမ်းဆီးထားကြောင်း သိရသည်။

၎င်းကို ၆၆(ဃ)၊ သာသနာညိုးနွမ်းမှုအပြင် အခြားသော ပုဒ်မများစွာဖြင့် ပြည်အကျဉ်းထောင်တွင် ဖမ်းဆီးထားသည်ဟု ပြည်မြို့ ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ "အံ့ဘုန်းသွင်" တယ်လီဂရမ်ချန်နယ်ပိုင်ရှင်သည် ပြည်မြို့၊ ရွာဘဲနယ်မြေ၊ ရွှေဟင်္သာအရှေ့ပေါက်ရှိ ရွှေမောင်းတုန်းကျောင်းတိုက်မှ ဆရာတော်အရှင်သူရဓဇ ဆိုသူဖြစ်ပြီး ၎င်းကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် ပြည်အကျဉ်းထောင်အတွင်းဖမ်းဆီးထားပြီး အမှုအားလိုက်ပါပေးနေသူ ရှေ့နေ ခြောက်ဦးရှိသည်ဟု သိရသည်။

"သူအဖမ်းခံရတဲ့ညကတည်းက ကျွန်တော်တို့သိတယ်။ ကျွန်တော်တို့မှာလည်း သူတို့မထင်မှတ်ထားတဲ့ မျက်လုံးတွေ နားတွေရှိနေပါတယ်။ အချိန်ကောင်းမရောက်သေးလို့ စောင့်နေတဲ့သဘောပါ။ ဖမ်းရတဲ့အကြောင်းကရှင်းပါတယ်။ စစ်ကောင်စီကကိုးကွယ်နေတဲ့ မင်းကျောင်းဆရာတော်ကို အပုပ်ချလို့ပါ။ နောက်ပြီးသူက Non-CDM တွေနဲ့လည်းမတည့်ဘူး။ အကုန်လုံးကိုပတ်ပြီး ဒုက္ခပေးထားတာ။ "  ဟု  Pyay Underground News-PUGN မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံရသည့် ညကပင် Pyay Underground News-PUGN မှ သတင်းရရှိခဲ့ပြီး နောက်တစ်နေ့နံနက်မှစတင်ကာ အဆိုပါ တယ်လီဂရမ်ချန်နယ်တွင် မည်သည့် သတင်းအချက်အလက်မှ မျှဝေထားသည်ကိုမတွေ့ရတော့ကြောင်း ဆိုသည်။

အဆိုပါ တယ်လီဂရမ်ချန်နယ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့က နောက်ဆုံးသတင်းတင်ခဲ့ခြင်းဖြစ်ပြီး ထို့နောက်ပိုင်းမှစတင်ကာ မည်သည့်အကြောင်းအရာမှ မျှဝေခြင်းမပြုတော့သည်ကို တွေ့ရသည်။

ဖမ်းဆီးခံရသူ ဆရာတော်အရှင်သူရဓဇသည် ၎င်း၏ဆရာဖြစ်သူ ရွှေမောင်းတုန်းကျောင်းထိုင်ဆရာတော်ကို မြေကိစ္စဖြင့် တရားစွဲဆိုထားခြင်းအား မကျေနပ်သည့်အတွက် စစ်ကောင်စီ၏ရာထူးအကြီးပိုင်းများကိုးကွယ်ကြသော မင်းကျောင်းဆရာတော်အား ၎င်း၏တယ်လီဂရမ်ချန်တယ်တွင် အကြည်ညိုပျက်စေရန် စာများရေးတင်ခဲ့သည်ဟု သိရသည်။

ထို့နောက် မင်းကျောင်းဆရာတော်မှ မကျေနပ်သည့်အတွက် စစ်ကောင်စီရာထူးအကြီးပိုင်းများကို တိုင်သောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု  Pyay Underground News-PUGN မှ တာဝန်ရှိသူက ဆိုသည်။

"သူ့ကြောင့်အဖမ်းခံရတာ ပဲခူးတိုင်းအနောက်ခြမ်းမှာ နည်းတာမှမဟုတ်တာ သူ့ချန်နယ်မှာတင်ပြီးမကြာဘူး မိနစ်ပိုင်းနာရီပိုင်းအတွင်း သက်ဆိုင်ရာမြို့နယ်က စစ်ကောင်စီတပ်တွေ ရဲတွေကလိုက်ဖမ်းတော့တာပဲ။ ဒါပေမယ့် သူပျောက်သွားတာကြာပြီ ကျွန်တော်သတိထားမိတယ်။ ပထမ စိတ်ထင်သေတာလားပေါ့။ ခုမှ အဖမ်းခံရတယ်ကြားတာ” ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ရှိသူမှ ပြောသည်။

ပြည်မြို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ မှလည်း "အံ့ဘုန်းသွင်" ချန်နယ်သည် ၎င်းတို့အနေဖြင့် နေ့စဉ်မပြတ်စောင့်ကြည့်ရသည့်ချန်နယ်ဖြစ်ပြီး ၎င်း၏သတင်းပေးမှုများကြောင့် ဖမ်းဆီးခံရသူများစွာရှိကာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်ဆင်နွှဲသည့်နေ့တွင် အဆိုပါ ချန်နယ်၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရသူများစွာရှိခဲ့သည်ဟုဆိုသည်။

"တစ်နေ့ သုံးကြိမ်ကတော့အနည်းဆုံးကြည့်နေရတယ်။ တခြားကြောင့်တော့မဟုတ်ဘူး ပြည်ခရိုင်က ဘယ်သူတွေကိုဖမ်းခိုင်းပြန်ပြီလဲဆိုတာ သိချင်တာကြောင့်ပဲ။ သူတင်ပြီးရင် မိနစ်ပိုင်းအတွင်းစစ်တပ်ကတန်းဖမ်းတာ ဆိုတော့ သူတင်တဲ့သူတွေကို ကျွန်တော်တို့ကအမြန်ရှောင်ခိုင်းရတာပဲ။ တချို့ကတော့လွတ်တယ်၊ တချို့တော့မမှီဘူးပေါ့ဗျာ" ဟု Pyay Underground News-PUGN မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါ "အံ့ဘုန်းသွင်" တယ်လီဂရမ်ချန်နယ်သည် ပဲခူးတိုင်းနှင့်ပတ်သက်သည့် စစ်ကောင်စီ၏ဝါဒဖြန့်သတင်းများကို ဖြန့်ဝေလေ့ရှိသည့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်ပြီး အဆိုပါ ချန်နယ်အား စောင့်ကြည့်ရန်ချိတ်ဆက်ထားသူပရိတ်သတ် ၂၇,၀၀၀ ကျော်ရှိဟု သိရသည်။

အဆိုပါ တယ်လီဂရမ်ချန်နယ်၏ သတင်းပေးမှုကြောင့် ပဲခူးတိုင်းအနောက်ခြမ်းတွင် ဖမ်းဆီးခံရသူ အများအပြားရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက်များကိုလည်း ထောက်လှမ်းကာ သတင်းဖြန့်ဝေနေသည့်ချန်နယ် ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly