အဓိပ္ပါယ်မရှိသည့် အမူအရာအဖြစ် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့

By The Interpreter ရှောင်တာနဲလ်
02 August 2023
အဓိပ္ပါယ်မရှိသည့် အမူအရာအဖြစ် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့

မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် အရာအားလုံးကို အမှတ်ရစေရန်နှင့် ဘာကိုမျှ မသိရနိုင်စေရန် သာမန်ထက် လွန်ကဲသော လုပ်နိုင်စွမ်းတစ်ခုကို ကာလကြာကပင် ထုတ်ဖော်ပြထားခဲ့သည်။ တစ်ခါတစ်ရံ ယင်းက ၎င်းတို့ကို ကောင်းစွာ အသုံးတော်ခံသည်။ မြန်မာနှင့်ပတ်သက်ပြီး စဉ်းစားတွေးတောချိန်တွင် ကမ္ဘာ၏ အများအပြားက အမှတ်ရခြင်း မရှိသလို သိရခြင်းလည်း မရှိပေ။

၂၀၂၁ ၊ ဖေဖေါ်ဝါရီလက ဖြုတ်ချခံရသည့် ဒီမိုကရေစီ အစိုးရ၏ အရေးပါသော ပုဂ္ဂိုလ်တချို့၏ ထောင်ဒဏ်ပြစ်ဒဏ်များကို လျှော့ပေါ့ပေးကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့က မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ ကြေညာချက်ကို မိမိတို့ တွေ့ရသည်။ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသည့် ရွေးကောက်ခံ အစိုးရ၏ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သူမ ချမှတ်ခံထားရသော ထောင်ဒဏ် ၃၃ နှစ်အနက် ခြောက်နှစ် လျှော့ပေါ့ပေးခြင်းခံရသည်။ 
အလားတူ ဖြုတ်ချခံ သမ္မတကြီး ဦးဝင်းမြင့်သည်လည်း ၎င်းချမှတ်ခံထားရသည့် ထောင်ဒဏ်များအနက် လေးနှစ် လျှော့ပေါ့ပေးခြင်း ခံရသည်။ အခြားသော နိုင်ငံရေးအကျဉ်းသားများကို ပြစ်ဒဏ် လျှော့ပေါ့မှုများလည်း ဖြစ်လာဖွယ် အလားအလာ ရှိသည်။

စစ်ကောင်စီက အရေးပေါ် အခြေအနေကို သက်တမ်းတိုးပြီး ၎င်းတို့ အုပ်ချုပ်မှုကို နောက်ထပ် ခြောက်လ ထပ်တိုးပြီး နောက်တစ်နေ့တွင် ပြစ်ဒဏ်လျှော့ပေါ့မှုများကို ထုတ်ဖော်ခြင်း ဖြစ်သည်။ ယင်းက စစ်ကောင်စီအတွက် လေးကြိမ်မြောက် ယင်းကဲ့သို့ သက်တမ်းတိုးခြင်း ဖြစ်ပြီး ထိုကဲ့သို့သော သက်တမ်းတိုးမှုကို နှစ်ကြိမ်အထိသာ ကန့်သတ်ထားသည့် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖျက်လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ အဆိုးမြင်ဝါဒီများ၊ ပညာမဲ့သူများ၊ ယုံလွယ်သူများနှင့် စစ်တပ်အုပ်ချုပ်မှုတွင် အမျိုးမျိုးသော ကိုယ်ကျိုးမျှော်လင့်ချက် သို့မဟုတ် အကျိုး ပါဝင်ပတ်သက်နေသူများအနေဖြင့်ကမူ ထိုသတင်းကို စစ်မှန်သော အပြောင်းအလဲ သဘောဆောင်သည့် အပေါင်းလက္ခဏာဆောင် ဖြစ်ပေါ်တိုးတက်မှုတစ်ခုအဖြစ် ကျယ်ကျယ်လောင်လောင် ပြောကြလိမ့်မည် ဖြစ်သည်။ ယင်းက ထိုအတိုင်းမဟုတ်ပေ။ 
တကယ်တမ်းတွင်မူ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် သို့မဟုတ် လက်ရှိနိုင်ငံ၏ အလွန် ဆိုးရွားသော အကျဉ်းထောင်များ၌ ညှဉ်းပန်းနှိပ်စက်ခံနေရသည့် အခြားသော နိုင်ငံရေး အကျဉ်းသားတိုင်းသည် ထိုအကျဉ်းချခံနေရာများတွင် လုံးဝ ရှိနေသင့်သူများ မဟုတ်ပေ။ ၎င်းတို့အပေါ် ပြစ်ဒဏ် ချမှတ်ထားသည့် စွဲချက်များသည် အဓိပ္ပါယ်မရှိသလို ၎င်းတို့အပေါ် စစ်ဆေးချမှတ်လုပ်ဆောင်သည့် တရားရေး လုပ်ငန်းစဉ်များသည်လည်း အတုအယောင်သာ ဖြစ်သည်။

ယင်းတို့အားလုံးသည် နိုင်ငံရှိ နည်းဗျူဟာစာအုပ်ဟောင်းတစ်အုပ်ထဲမှ ဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့အုပ်ချုပ်မှုအပေါ် ဆန့်ကျင်အတိုက်အခံပြုမှုကို ကျော်လွှားနိုင်စွမ်း မရှိခြင်းအားဖြင့် အားနည်းနေသည်။ ယုတ်စွအဆုံး ၎င်းတို့ မတတ်သာသည့်အဆုံး ကျင့်သုံးထားသည့် လွန်ကဲသော လူမဆန်မှုတို့ကလည်း ၎င်းတို့၏ ထိန်းချုပ်မှုကို စုစည်းခိုင်မာစေရန် များစွာ အထောက်အကူပြုခြင်း မရှိပေ။ ရုရှား နှင့် (တစ်ခါတစ်ရံ) တရုတ် တို့မှလွဲပြီး စစ်ကောင်စီတွင် မိတ်ဆွေ ရှိမနေပေ။ နိုင်ငံခြားငွေ၊ အသက်စွန့်လွှတ်ပေးမည့် တပ်ဖွဲ့ဝင်များ၊ အခြေခံ ပင်ကိုစရိုက်များကို ကျော်လွန်သည့် စိတ်ကူးအကြံအစည်တို့ ကုန်ခန်းလာနေခြင်းနှင့်အတူ စစ်ကောင်စီသည် အများပြည်သူ ဆက်ဆံရေးဆိုင်ရာ ကစားကွက်ဟောင်းတစ်ခုအတိုင်း ကစားရန် ကြိုးပမ်းလျက် ရှိပြီး ခြေကုန်လက်ပန်းကျနေသော၊ အာရုံထွေပြားနေသော ကမ္ဘာကြီးသည် ၎င်းတို့၏ လှည့်စားမှုအောက် ကျရောက်နိုင်သည်ဟု ထင်နေလျက် ရှိသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်နှစ်ခွဲတာ စစ်တပ်အုပ်ချုပ်အောက်တွင် မကြုံစဖူး‌သော ထိခိုက်ပျက်စီးမှုများ၊ လူထောင်ချီ သေဆုံးရမှု၊ လူပေါင်းသုံးသန်း နေရပ်စွန့်ခွာရမှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။ အိမ်နီးချင်းနိုင်ငံများသည်လည်း မြန်မာနိုင်ငံမှ ဒုက္ခသည်များကို တစ်ဖန် လက်ခံနေရာပေးရသည်။ မြန်မာ့ စီးပွားရေးသည် ပြိုလဲမည့် အခြေအနေတစ်ရပ်တွင် ရှိနေပြီး ပြည်သူအများစု (အထူးသဖြင့် ကျေးလက်ဒေသများရှိ) သည် အသက်ရှင်နေနိုင်မှု၊ ဝမ်းရေးဖူလုံမှု ရှိရုံမျှသာသာ အခြေအနေသို့ ဆိုက်ရောက်ခဲ့ကြရသည်။ တစ်စိတ်တစ်ဒေသအားဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်သူအဖြစ် နိုင်ငံ၏ သိသာထင်ရှားစွာ ပြန်လည်ပေါ်ထွက်မှုမှတစ်ဆင့်၊ နိုင်ငံရှိ တစ်ခုတည်းသော ဆန်းသစ်ပြောင်းလဲမှု ဧရိယာဖြစ်သည့် ဆိုက်ဘာပြစ်မှု အချက်အချာနေရာသစ်များမှတစ်ဆင့် နိုင်ငံသည် ဥပဒေချိုးဖောက်မှုအတွက် အခြေစိုက်နေရာတစ်ခု ဖြစ်လာသည်။

မူလအစ ဘယ်သောအခါကမှ ပြစ်ဒဏ်ချမှတ်ခံရသင့်သူများ မဟုတ်ခဲ့သည့် ပုဂ္ဂိုလ်များအပေါ် ထောင်ဒဏ်ပြစ်ဒဏ်များ လျှော့ပေါ့ခြင်းအားဖြင့် မြန်မာ၏ ပြဿနာများကို ဖြေရှင်းရမည် မဟုတ်ပေ။ နိုင်ငံတွင် စစ်မှန်သော အပြောင်းအလဲက ဖြစ်နိုင်ခြေ ရှိသည်။ သို့သော် ယင်းသည် အွန်လိုင်းသုံးသူများထံမှ စိတ်ဝင်စားမှု ရစေရန် ဆွဲဆောင်ရန်သက်သက် ကျိုးကြောင်းဆင်ခြင်မဲ့ ဖြန့်ချိသော စာသား၊ လင့်များ သို့မဟုတ် “ကလစ်ဘိတ်” ကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သလောက် ဆွဲဆောင်သည့် အဓိပ္ပါယ်မဲ့ ဟန်အမူအရာမှ ထွက်ပေါ်ရမည်တော့ မဟုတ်ပေ။ ယင်းကဲ့သို့ အွန်လိုင်း ဆွဲဆောင်ဖြားယောင်မှုများ ထင်ထင်ရှားရှား ရှိနေစဉ် အမှန်တကယ် ဝမ်းသာပျော်ရွှင်ရမည့် တစ်ခုခု မရှိမချင်း လိုက်ခ် ခလုတ်ကို မနှိပ်ရန်က အကောင်းဆုံးပင်ဖြစ်သည်။

In a meaningless gesture,
Myanmar’s junta cuts Aung
San Suu Kyi’s sentence
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required