တရုတ်ကြွေးမြီထောင်ချောက်ထဲသို့ ကျရောက်နေသော ခါးပတ်လမ်းစီမံကိန်းကို ဖျက်သိမ်းရန် အီတလီဝန်ကြီးချုပ် ပြောကြား

By EPARDAFAS
02 August 2023
တရုတ်ကြွေးမြီထောင်ချောက်ထဲသို့ ကျရောက်နေသော ခါးပတ်လမ်းစီမံကိန်းကို ဖျက်သိမ်းရန် အီတလီဝန်ကြီးချုပ် ပြောကြား

အီတလီသည် လွန်ခဲ့သော ၄ နှစ်က တရုတ်၏ ခါးပတ်လမ်းစီမံကိန်း Belt and Road Initiative (BRI) တွင် ပါဝင်ခဲ့ခြင်းသည် "အလျင်စလိုနှင့် ဆိုးရွားလှသော" ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဇူလိုင် ၃၀ ရက် တွေ့ဆုံမေးမြန်းခန်းတွင် အီတလီ ကာကွယ်ရေးဝန်ကြီး ဂိုက်ဒို ခရိုဆေးတို က ပြောကြားသည်။

အဆိုပါ စီမံကိန်းကြောင့် နိုင်ငံ၏ ပို့ကုန် တိုးမလာကြောင်းလည်း ၎င်းကရှင်းပြသည်။ ယခင် "ပိုးလမ်းမသစ် စီမံကိန်းတွင် ပါဝင်ခဲ့ခြင်းကြောင့်လည်း  အီတလီသို့ တရုတ်၏ တင်ပို့မှုသည် အဆများစွာ တိုးလာသော်လည်း အီတလီမှ တရုတ်သို့ တင်ပို့မှုအပေါ် များစွာ သက်ရောက်မှု မရှိခဲ့ကြောင်း ဂိုက်ဒို ခရိုဆေးတို က Corriere della Sera သတင်းစာသို့ ပြောကြားလိုက်သည်။

သို့သော် တရုတ်က အဆိုပါ စီမံကိန်းမှ နှစ်နိုင်ငံလုံး အကျိုးရလာဒ်များ ရရှိနေကြောင်း မကြာသေးမီက ပြောကြားသည်။ တရုတ်နှင့် ဆက်ဆံရေးကို မထိခိုက်စေဘဲ အဆိုပါ အစီအစဉ်မှ မည်ကဲ့သို့ နုတ်ထွက်ရမည် မှာ ယနေ့ အရေးကြီးသော ပြဿနာ ဖြစ်ကြောင်း အီတလီ ကာကွယ်ရေးဝန်ကြီးက  ပြောကြားသည်။

“တရုတ်ဟာ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ဖြစ်သလို မိတ်ဖက်လည်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီက တရုတ်သည် နိုင်ငံတကာတွင် ပိုမိုပြင်းထန်၍ ရန်လိုသော သဘောထားကို ချမှတ်နေကြောင်း ၎င်းက ဆိုသည်။

အီတလီအနေဖြင့် ဆိုးရွားသောအကျိုးဆက်များ မရှိသေးသည့် ယခု ကဲ့သို့သော အခြေအနေမျိုးတွင် သဘောတူညီချက်မှ နုတ်ထွက်ရန် စဉ်းစားသင့်ကြောင်း ၎င်းက ယူဆသည်။ 

ဇူလိုင် ၂၇ ရက် က အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံပြီးနောက် အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီက ၎င်း ၏ အစိုးရသည် ဒီဇင်ဘာ လ မတိုင်မီ ထိ BRI ကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် သူမသည် မကြာမီ တရုတ်နိုင်ငံသို့ သွားရောက်မည်ဟုလည်း ကြေညာခဲ့သည်။

အီတလီသည် BRI ၏ တစ်စိတ်တစ်ပိုင်းဖြစ်နေသော်လည်း တရုတ်နှင့် ကုန်သွယ်ရေးတွင် အခိုင်မာဆုံးသော G7 နိုင်ငံမဟုတ်ကြောင်း ဇူလိုင် ၂၉ ရက် တွင် ပြုလုပ်သော TG5 အီတလီသတင်းအစီအစဉ် နှင့် အင်တာဗျူးတွင် မီလိုနီ က ပြောကြားခဲ့သည်။

ယခင် အီတလီ အစိုးရသည် BRI စီမံကိန်း အတွက် တရုတ်နှင့် သဘောတူညီချက်တစ်ရပ်ကို ၂၀၁၉ ခုနှစ် မတ် တွင် လက်မှတ်ရေးထိုးခဲ့သည်။ အီတလီ သည် တရုတ်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးသည့် ပထမဆုံးသော ဖွံ့ဖြိုးပြီး အနောက်နိုင်ငံဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် တရုတ်သို့ အီတလီဘဏ္ဍာရေးဝန်ကြီး ဂျီရိုဗင်နီ ထရီရာ ၏ ခရီးစဉ်အပြီးတွင် အီတလီသည် တရုတ်နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အီတလီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြား အနောက်နိုင်ငံများက ဝေဖန်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလတွင် အီတလီ ဝန်ကြီးချုပ်သစ် ဂျော်ဂျီယာ မီလိုနီ က အီတလီသည်  အဆိုပါ သဘောတူညီချက်မှ နုတ်ထွက်လိုကြောင်း ပြောကြားသည်။ BRI စီမံကိန်းမှ နုတ်ထွက်ပြီးလျှင် တရုတ်နှင့် ဆက်ဆံရေး ကောင်းမွန်ရန် မဖြစ်နိုင်ကြောင်း သူမက ပြောကြားသည်။

BRI သဘောတူညီချက်သည် ၂၀၂၄ ခုနှစ် မတ်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး သဘောတူညီချက်ကို ရပ်စဲလိုပါက ပါတီ ၂ ရပ်မှ ၁ ဦး ဦီးက သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ၃ လ ကြိုတင်အကြောင်းကြား ရန် လိုအပ်ပြီး သို့မဟုတ်ပါက အလိုအလျောက် သက်တမ်းတိုးသွားမည် ဖြစ်ကြောင်း Reuters သတင်းဌာန က ဖော်ပြသည်။

BRI စီမံကိန်းသည် သမိုင်းဝင် ပိုးလမ်းမ ( Silk Road ) စီမံကိန်း ပြန်လည်တည်ဆောက်မှု ပေါ်တွင် အခြေခံပြီး ယင်းမှတစ်ဆင့် အာရှတွင် တရုတ်ကို ဥရောပ အပါအဝင် အခြားနိုင်ငံများနှင့် ချိတ်ဆက်ရန် အစီအစဉ်ရှိသည်။

၂၀၁၃ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် သည် သမိုင်းဝင် ကုန်သွယ်မှုလမ်းကြောင်းကို ပြန်လည်တည်ဆောက်ရန် မျှော်မှန်းထားပြီး ခါးပါတ်လမ်းစီမံကိန်း (Belt and Road Initiative) ကို စတင်ခဲ့သည်။ တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းသည် ဆယ်စုနှစ်တစ်ခုအတွင်း အာဖရိက၊ လက်တင်အမေရိကနှင့် Oceania နိုင်ငံများသို့ သို့ ပျံ့နှံ့သွားခဲ့သည်။

တရုတ်၏ ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေး သြဇာလွှမ်းမိုးမှု တိုးမြှင့်ရန် ကြိုးပမ်းမှုတွင် ရည်မှန်းချက်ကြီးသော အဆိုပါ စီမံကိန်းကို လက်နက်အဖြစ် အသုံးချကြောင်း ဝေဖန်သူများက ဆိုသည်။ 

ယခုအချိန်အထိ တရုတ်၏ Belt ခါးပါတ်လမ်းစီမံကိန်း (Belt and Road Initiative) တွင် နိုင်ငံပေါင်း ၁၃၀ ပါဝင်ကြောင်း ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဥရောပဘဏ် က ထုတ်ပြန်သည်။

အဆိုပါ စီမံကိန်းတွင် အာဖရိကဆာဟာရရှိ နိုင်ငံ ၃၈ နိုင်ငံ၊ ဥရောပနှင့် ဗဟိုအာရှတွင် ၃၄ နိုင်ငံ၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင် ၂၅ နိုင်ငံ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတွင် ၁၇ နိုင်ငံ၊ လက်တင်အမေရိကနှင့် ကာရေဘီယံတွင် ၁၈ နိုင်ငံနှင့် အရှေ့တောင်အာရှတွင် ၆ နိုင်ငံတို့ ပါဝင်သည်။

နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖဂန်နစ္စတန်တို့ကလည်း အဆိုပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် နီပေါတွင် အကောင်အထည် မဖော်သေး‌‌ပေ။

တရုတ်သည် BRI လက်အောက်ရှိ နိုင်ငံအားလုံးကို ငွေကြေးအကူအညီ ပေးနေစဉ်တွင် မတရားသော အခြေအနေများကို ဖန်တီး၍ ၎င်းတို့အား အကြွေးဖြင့် ထောင်ချောက်ဆင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

အီတလီသည် BRI စီမံကိန်းမှ နုတ်ထွက်လိုကြောင်း မထုတ်ဖော်မီတွင် သြစတြေးလျသည် စီမံကိန်းနှင့်ပတ်သက်သော စာချုပ် ၂ ခုကို ဖျက်သိမ်းခဲ့သည်။

အဆိုပါသဘောတူညီချက် ၂ ခုကို ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှ တရုတ်နှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

သဘောတူညီချက်ကို ဖျက်သိမ်းလိုက်စဉ်တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်းန် က ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် နိုင်ငံခြားဆက်ဆံရေးတွင် တည်ငြိမ်မှု ရှိစေရန် နှင့် မည်သည့်နိုင်ငံကိုမှ ပစ်မှတ် မထားကြောင်း ထပ်မံရှင်းလင်း ပြောကြားခဲ့သည်။

သြစတြေးလျ၏ ဆုံးဖြတ်ချက် သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုထိခိုက်စေပြီး သြစတြေးလျ ကိုလည်း ထိခိုက်စေကြောင်း တရုတ်သံရုံးက တုံ့ပြန်ခဲ့သည်။ 

Countries in BRI Falling into Chinese Debt Trap, Italy’s PM to Propose BRI Cancellation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly