နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂ ဩဂုတ် ၂၀၂၃)

By မဇ္ဈိမ 
02 August 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂ ဩဂုတ် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    မကွေးတိုင်း၊ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မလမ်း၊ဆုံစည်းရာ ဘီယာဆိုင်တွင် ဘီယာထိုင်သောက် နေသည့်  ရန်သူ့တပ်သား(၂) ဦးကို PDF၊ ပခုက္ကူခရိုင် တပ်ရင်း (၈)က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က အသိပေး ထုတ်ပြန်သည်။
•    ပြည်သူကို အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်သား ၅၁ ဦးကို တရက်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန ထုတ်ပြန်သည်။
•    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပေါ်ချမှတ်ထားသည့် ပြစ်ဒဏ်အသီးသီးကနေ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ တရားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်သည်။
•    အကြမ်းဖက်စစ်တပ်က မတရားအာဏာလုယူပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၄၄ မှု ကျူးလွန်ခဲ့ပြီး ၁၅၉၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဌာနက ထုတ်ပြန်လိုက်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကောင်စီနဲ့ အာဆီယံနိုင်ငံများအကြား အလွတ်သဘော ဆက်ဆံရန် မလေးရှားဝန်ကြီးချုပ်၏ ပြောဆိုမှု အပေါ် အာဆီယံအမတ်များစိုးရိမ်စိုးရိမ်ကြောင်း အာဆီယံပါလီမန် အမတ်များအဖွဲ့ APHR ၏ ဥက္ကဋ္ဌ ဖြစ်သူ Mercy Barends က ပြောသည်။
•    ရွာငံမြို့၊ ပဲရင်းတောင်ကျေးရွာနှင့် လွှစင်ကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့ခဲ့ပြီး အရပ်သားသုံးဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
•    တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ ခမရ ၅၆၁ တပ်ရင်းနှင့် စစ်ဖက် ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
•    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း၌ ၆ ရက်ကြာတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေ ဆုံးကာ စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေ ဆုံးကာ ကလေးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။
•    ကန့်ဘလူမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေးစစ်ဘေးပညာရေးကူညီ စောင့်ရှောက် ရေးအဖွဲ့က ယနေ့ သြဂုတ်လ ၂ ရက်နေ့တွင် မြွေဆိပ်ဖြေဆေးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
•    ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောရွာ ပျူစောထီးစခန်းကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ မှတာဝန်ရှိသူတစ်ဦးကပြောသည်။
•    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ဒေသပြည်သူများက ပြောသည်။
•    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုစံပြရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ပြောသည်။
•    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်တိုးနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း -၂၀ (ရိုးမ ရာဇာတပ်ဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
•    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း MPL People Defence Force မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    မလေးရှားနိုင်ငံ၊ Kepong မြို့ရှိ NLD OC Intetnational Malaysia ရုံးကို ရောက်ရှိနေသည့် CDM ဆရာ ဆရာမများနှင့် ရုံးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်းပြီး ယနေ့ သြဂုတ်လ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

တိုင်းရင်းလက်နက်ကိုင်များ
•    ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီ ဘက်က သုံးဦးသေဆုံးပြီး KNLA ဘက်မှ လက်နက်ခဲ့ယမ်းအချို့ သိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။
စစ်ကောင်စီ
•    စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ခြမ်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်းတို့တွင် တိုက်ပွဲများ ဖြစ်ပွား နေပြီး ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ကြောင်း အကြမ်း ဖက်မင်းအောင် လှိုင်နှင့် ယာယီသမ္မတ အမည်ခံ မြင့်ဆွေတို့က ဝန်ခံလိုက်ကြသည်။
•    CDM များကို ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် တေးသံရှင် ပိုင်သက်ကျော် ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
•    ဓမ္မစကြာနေ့အထိမ်းအမှတ်အဖြစ် ဩဂုတ်လ ၁ ရက်နေ့က နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား/သူ ၇,၇၄၉ ဦးအား စစ်ကောင်စီမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်သာပါ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ သိရ သည်။
•    မြန်မာစစ်တပ်က အရေးပေါ်ကာလ သက်တမ်းတိုးမှု၊စစ်အုပ်ချုပ်ရေးပြဌာန်းထားမှုနှင့် တရားမဝင် အုပ်ချုပ်နေမှုအပေါ် အလွန်စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးက သတင်းထုတ်ပြန်သည်။
•    ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသည့် MoU လုပ်သားဟောင်းများအနေဖြင့် U-Turn လုပ်ငန်းစဉ်ကို ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ စစ်ကောင်စီ သံရုံးမှ အသိပေးကြေညာထားသည်။
•    အခြေခံစားသောက်ကုန်ဈေးနှုန်းများအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်ရန် အတွက်ဆိုပြီး စစ်ကောင်စီက ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်း လိုက်ကြောင်း သိရသည်။
ဩဂုတ် ၂ ရက် သုံးသပ်ချက်
•    စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းအပါအဝင် ငွေစက္ကူအလွန်အကျွံ့ရိုက်ထုတ် သုံးစွဲမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို အာဏာဖြင့် ထိန်းချုပ်ရန် စီစဉ်နေ ခြင်းကြောင့် ကုန်ပစ္စည်းရှားပါးမှုနှင့် မှောင်ခိုဈေးကွက်ပေါ်ပေါက်လာမည်ဖြစ်သည်။
•    စစ်ကောင်စီမှ ဘာသာရေးအကြောင်းပြချက်ဖြင့် ထောင်းအသီးသီးမှ  အကျဉ်းသားများကို လွတ်ပေး ရာတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပါဝင်သည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာ အမြင် အကောင်းအောင် ဟန်ပြ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly