မုန်တိုင်းငယ် အားပျော့သွားသော်လည်း ဒေသအများစု မိုးဆက်ကြီးနိုင်

By ရောင်နီ (မဇ္စျိမ)
02 August 2023
မုန်တိုင်းငယ် အားပျော့သွားသော်လည်း ဒေသအများစု မိုးဆက်ကြီးနိုင်
ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ ရေကြီးနစ်မြုပ်မှု မြင်ကွင်း

ဘင်္ဂလားပင်လယ်အော်မှ  မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံဘက်သို့ ရွေ့လျားကာ အားပျော့သွားပြီဖြစ်သော်လည်း မြန်မာနိုင်ငံဒေသအများစု၌  မိုးဆက်လက်အားကောင်းမည့် သတိပေးချက်များရှိနေသည်။

ဘင်္ဂလားပင်လယ်အော်တွင် ယမန်နေ့ ဩဂုတ် ၁ရက်က ဖြစ်ပေါ်ခဲ့သော   မုန်တိုင်းငယ်သည် ယနေ့ ဩဂုတ်လ ၂ရက်ညနေတွင်  အိန္ဒိယနိုင်ငံဘက်သို့ ရွေ့လျားသွားပြီး မကြာမီ အားပျော့သွားနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတင်းထုတ်ပြန်ထားသည်။ သို့သော် မုတ်သုံလေဆက်လက်အားကောင်းနေသောကြောင့် ဒေသအများစု မိုးရွာနိုင်ကာ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် နေပြည်တော်၌ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)ကလည်း ဇူလိုင်လ  ၃၁ရက်မှ ဩဂုတ်လ ၆ရက်အထိ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းအပြင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တို့၌ မိုးဆက်ကောင်းနိုင်သည်ဟု  သတိပေးထားသည်။ တဆက်တည်းတွင်ရေကြီးရေလျှံမှုနှင့်မြေပြိုမှုဘေးသတိပြုရန် MOHADMက ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်း မိုးရွာသွန်းမှုနှင့် လေပြင်းဘေးကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မ‌ကွေးတိုင်း၊  ဧရာဝတီတိုင်းတို့တွင် ‌မြို့နယ်အချို့ ရေကြီးနစ်မြုပ်ခဲ့ပြီး လေပြင်းကြောင့် နေအိမ်ပျက်စီးမှုများရှိခဲ့သည်။

ဩဂုတ်လသည် မိုးလယ်ကာလဖြစ်ပြီး ဒေသအများစု မိုးကောင်းကာ ရေဘေး ကြုံတွေ့ရလေ့ရှိသည်။ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ကောင်စီ၏ ကြိုတင်ပြင်ဆင်မှု မတွေ့ရကြောင် ပြီးခဲ့သည့် ဇူလိုက်လအတွင်းက ရေဘေးကြုံတွေ့ခဲ့ကြသည့် မွန်ပြည်နယ်ဒေသခံအချို့ကပြောသည်။

" မိုးရော လေရော ဒီရက် ချနေတာ။ ရေက ကြည့်ရင်းတက်လာတယ်။ နေလို့မရတော့မှ ပြေးရမယ့်အခြေအနေ"ဟု မွန်ပြည်နယ် ဘီးလင်းမြို့မှ ဒေသခံတဦးကပြောသည်။

မွန်ပြည်နယ်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လလယ်က မိုးကောင်းခဲ့ရာမော်လမြိုင်၊ ပေါင်၊ ချောင်းဆုံမြို့တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။ ‌မော်လမြိုင်မြို့တွင် ရေဘေးကြောင့်  ကလေးငယ်သုံးဦး သေဆုံးခဲ့ပြီး ပေါင်မြို့နယ်တွင် ‌အမျိုးသားတဦး တောင်ကျရေ၌ မျောပါပျောက်ဆုံးခဲ့သည်။ ယခုရက်ပိုင်းတွင်လည်း မွန်ပြည်နယ်အတွင်း ဘီးလင်းနှင့်ကျိုက်ထိုမြို့နယ်၊ ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီးနှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။ 

အထက်ပါဒေသများ၌ မိုးဆက်ကောင်းနိုင်သည့်အခြေအနေကြောင့် ရေဘေးနှင့် မြေပြိုမှုဘေးအန္တရာယ် အထူးသတိပြုရန် လိုအပ်နေသည်ဟု ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့များကပြောသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required